အကွာအဝေး – ၂
“
ငါ့နှုတ်ခမ်းအောက်မှာ ပိတ်လှောင်နေတဲ့
ဒီအရှုံးလက်ခံစိတ်တွေအတွက်
ပြတင်းတံခါးကို ငါကိုယ်တိုင်ဆွဲဖွင့်လိုက်တယ် ။ “
ဒါဟာ ဖျားနာနေသူရဲ့ ဂျူလိုင် ပဲ …
…..
ဒါ ဗီးနပ်စ်ရဲ့ နောက်ဆုံးပုံပြင်
ကိုယ့်ရင်ထဲက ဆေးမင်နက်ကမ္ဗည်း
နတ်ဆိုးတစ်ချို့ လက်ခုပ်တီးကြတယ် …
ခုတလော …
မိုးရွာလဲ ထီးမဆောင်းတတ်တော့ဘူး
အဲဒိ တိမ်တိုက်တွေကိုက … ခေါင်းမာလာတာ မေမေ ။
မပျံသန်းနိုင်တာနဲ့ပဲ
ဒီရွှေတောင်ပံတွေကို အိပ်မက်ထဲက မောင်းထုတ်ရမလား …
တစ်ခါတစ်လေ …
ကိုယ့်ရင်ဘတ်ကို မင်နီသုတ်မိလိုက်ရဲ့ ။
သက်တန့်တွေကို ရှာဖွေတွေ့ရှိမိစေသူလေး
ငြိမ်သက်ရွှင်ပြနိုင်စေ …
မျက်ဝန်းထောင့်မှာ စွတ်ထိုင်းလာရင်
ခပ်ရိုင်းရိုင်း ပွတ်တိုက်ပစ်နေကြပဲ
နေ့တိုင်းတော့ မိုးမခေါင်လောက်ပါဘူးလေ …
စီးကရက်တစ်လိပ်နဲ့ ကိုယ့်ကောင်းကင်ကို နှစ်သိမ့်မိတယ် ။
အဝေးမှာ …
ကိုယ်နဲ့ အဝေးမှာ
ကြယ်တွေလို ကြည်လင်ပျံသန်းနေသူလေး
ဘယ်သောအခါမှ အကြွေမကောက်ရစေနဲ့ …
ကိုယ်ကတော့
သူမ… ပျောက်ကျခဲ့တဲ့ ဒိုင်ယာရီလေးထဲမှာ
စာကြောင်းရေအချို့အဖြစ် နေရစ်ခဲ့ဦးမယ် … ။
ထားခဲ့တော့… မြသဲညှာရေ
နဂါးခေါင်းလှည့်တဲ့အရပ်မှာ ကိုယ်နေထိုင်တယ် …
နတ်ဆိုးတစ်ယောက်ရဲ့ အထီးကျန်ပုရပိုဒ်
ခြေဦးတိုက်မိရင်တောင် ငုံ့မကြည့်လိုက်နဲ့ …
ကိုယ်ဟာ အထီးကျန်ရာသီခွင် ဖြစ်တယ် … ။
ဖူးပြီးရင် ပွင့် ရမှာ ပျင်းနေတတ်တဲ့ ပန်း ဖြစ်တယ် …
လင်းလိုက်မှောင်လိုက်နဲ့ လိမ်ညာတတ်တဲ့ ကောင်းကင်ဖြစ်တယ် ။
ကိုယ်တို့နှစ်ယောက်ဟာ မင်နီသတ်ထားတဲ့
ကြက်ခြေခတ်လေးလား …
ဆုံမှတ်လေးကို ကိုးကွယ်ပစ်လိုက်တယ် ။
နောက်တစ်ခါ မနက်မဖြစ်တော့ဘူးဆိုရင်တော့
အဲဒိ ည ကို ကိုယ်လဲချစ်မှာပါကွယ် …
ဥယျာဉ်သူမလေးနား ပန်းချော့တေးတို့ ခစားကြစေ။
ကိုယ့်နောင်တတွေကို အမျှဝေလိုက်မယ် …
ညှိုးကြွေမည်ဆိုသည့်တိုင်အောင်
စွယ်တော်ရွက်သာ ဖြစ်ရပါစေသား … ။ ။ K.T.H
Comment #4
like both title & poem.
Comment #1
ကိုယ်တိုင်ရေး ဖြစ်ပါသည် .. ။