Professional Authors

နှစ်ယောက်တစ်ကွဲ နေအိမ် (သျှီသူအောင်)

ဘယ်တုန်းကမှ အပြစ်မတင်စဖူး
ကျွန်တော့်ကိုယ်ကျွန်တော် ရူးနှမ်းစွာ
အေးခဲနက်ရှိုင်းလှသော မေးခွန်းတွေထဲ နှစ်မြှုပ်ပြီး
ရက်ရက်စက်စက် ဒဏ်ခတ်မိ။

တစ်သက်နဲ့တစ်ကိုယ်
သိပ်ထူးဆန်းဖို့ကောင်းတဲ့ အဖြစ်အပျက်ပါပဲ
ကြည့်လေ
ကျွန်တော် မျှော်လင့်ခဲ့မိတာက
အိပ်ပျော်နေတာထက်ကို ငြိမ်ချက်သားကောင်းပြီး
သိမ်မွေ့လှပလွန်းတဲ့ အဖြေမျိုး
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တာက
အရိပ်အယောင်ပမာ၊ အခြားတစ်ယောက်ဖြစ်နေခဲ့တယ်။

ကိုယ့်ကိုယ်ကို မေ့မျောသွားမိလောက်အောင်ပဲ
အပြောင်းအလဲများစွာနဲ့ ကျွန်တော်ဟာ
အခုလို နေသားကျမှုတွေနဲ့ ရှုပ်ထွေးမွန်းကျပ်နေတော့ရဲ့။

ကျွန်တော်က လသာဆောင်တစ်ခု ဖြစ်နေတဲ့အခါ
သူဟာ စိမ်းလန်းမွှေးမြသော ညတစ်ည ဖြစ်နေခဲ့
သူ လေညင်းခံဖို့ရာအတွက်
ကျွန်တော်က ပြတင်းပေါက်တစ်ခု ဖြစ်နေချိန်မှာ
တိတ်ဆိတ်လုံခြုံသော အခန်းတစ်ခုဟာ
သူဖြစ်နေခဲ့တယ်။

ညအလင်းကို သိမ်းပွေ့ထားတဲ့
ကျွန်တော်က လေပြည်တစ်ခင်းဖြစ်စဉ်မှာ
သူဟာ ပြည့်ဝန်းရွှန်းစားသော လမင်းအဖြစ် ပွင့်လန်းနေခဲ့
သူနင်းဖြတ်လျှောက်သွားဖို့ရာအတွက်
ကျွန်တော်က လမ်းမတစ်ခု ဖြစ်နေလိုက်တဲ့အခါ
အနီးကပ်ဆုံးခြေသံဟာ သူဖြစ်နေခဲ့တယ်။

ကျွန်တော်က နံရံတစ်ချပ်အဖြစ် ရှိနေမိပြန်တော့
သူဟာ ချိတ်ဆွဲထားပြီးသား ပန်းချီကားတစ်ချပ် ဖြစ်နေခဲ့
သူ ပန်ဆင်တင့်တယ်ဖို့ရာအတွက်
ကျွန်တော်က ပန်းတစ်ပွင့်အဖြစ် အရဲစွန့်မိစဉ်မှာ
ဝတ်ရည်သိုလှောင်ရာ နှလုံးသားဟာ သူဖြစ်နေခဲ့တယ်။

ဘယ်လိုမှ ကြံစည်မထားမိပါပဲ
ကျွန်တော်က သီချင်းတစ်ပုဒ် ဖြစ်နေပြန်တဲ့အခါ
သူက ညင်သာဖွရွ သီဆိုနေတဲ့
ချိုလဲ့စိုမှည့်သော နှုတ်ခမ်းတစ်စုံဖြစ်နေခဲ့
သူအပြင်းပြေဖတ်ရှု အနားယူဖို့ရာအတွက်
ကျွန်တော်က ကဗျာတစ်ပုဒ် ဖြစ်သွားခဲ့စဉ်မှာတော့
အံ့သြစရာ
ပြေပြစ်သိမ်မွေ့သော စကားလုံးတွေဟာ သူဖြစ်နေခဲ့တယ်။

အခုလိုပါပဲ
ကျွန်တော်ဟာ ကြည်စင်လတ်ဆတ်တဲ့ မနက်ခင်းတစ်ခုကို
အိပ်မက်မိတဲ့အခါ
အဦးဆုံး နမ်းရှိုက်တဲ့ နေရောင်ဟာ သူဖြစ်နေခဲ့
သူ ခံစားကြည်နူးစေဖို့ရာအတွက်
ကျွန်တော့်စိတ်ကူးနဲ့ ရှုမျှော်ခင်းတစ်ခု ရေးဆွဲမိစဉ်မှာတော့
ဖိတ်လက်ဖမ်းစားသော မျက်ဝန်းတစ်စုံဟာ
သူဖြစ်နေခဲ့တယ်။

တကယ်ပါပဲ
သူနဲ့ကျွန်တော်ဟာ
တစ်ယောက်ရဲ့အကြည့်မှာ တစ်ယောက်
ရင်ထဲထိ လမ်းဖောက်ရောက်ရှိနိုင်ကြပါလျက်
တစ်ယောက်ရဲ့အနမ်းမှာ တစ်ယောက်
ပန်းဖွဲ့မေတ္တာအိမ်လေး တည်ဆောက်နိုင်ကြပါလျက်
တစ်ယောက်ရဲ့အနမ်းမှာ တစ်ယောက်
အရောင်အသွေးချင်း ပေါင်းစပ်ဖို့ရာကျတော့
ဝေးကွာခြားနားနေပြန်ရဲ့။

အနီးဆုံး မျှော်လင့်ချက်တစ်ခုနဲ့သာ
ထောင့်မှန်ကျကျ ပုံဖော်ပြရမယ်ဆိုရင်
ဝေဖြာပြာလင်းတဲ့ ကောင်းကင်တစ်လွှာလုံးကိုပဲ
ရင်ခုန်သံကျိတ်နှုန်းနဲ့ ပန်းစာလုံးထွင်းပစ်ရပေလိမ့်။

ဘယ်အချိန်၊ ဘယ်ပြက္ခဒိန်မှာဖြစ်ဖြစ်
စူးနစ်ရည်ရွယ်ပြီးသား ဆုံမှတ်ဟာ
တစ်ခုသော မနက်ဖြန်သာဖြစ်ရဲ့
ဒါပေမယ့် သူနဲ့ကျွန်တော်ဟာ
ကိုယ်သင်းရနံ့လို နီးကပ်နေပါလျက်
တစ်ယောက်ရဲ့နှလုံးအိမ်ထဲ တစ်ယောက်
အမြန်ဆုံးရောက်ရှိဖို့ရာကျတော့
ကွေ့ကောက်ရှည်လျား ကြာညောင်းခဲ့ရ။

အမှန်တကယ်ဆို
အချိန်နေရာ အတားအဆီးမရှိတဲ့ ရှင်သန်နေမှုမှာ
ချောင်းခြားတွေဝေးရင်း တိတ်ဆိတ်နေကြမယ့်အစား
နှစ်ကိုယ့်တစ်စိတ် အိမ်ကလေးတစ်လုံးဆောက်ကာ
အတူတကွ နေထိုင်သွားသင့်ကြတာပေါ့။   ။

သျှီသူအောင်
/* ၉၈ အချစ်ကဗျာ စာအုပ်ကပါ.. */

Comment #1

ကိုသျှီသူအောင်
နေကောင်းလား….” နှစ်ယောက်တစ်ကွဲ” ကို ဖတ်လိုက်ရတယ်..
”တကယ်ပါပဲ
သူနဲ့ကျွန်တော်ဟာ
တစ်ယောက်ရဲ့အကြည့်မှာ တစ်ယောက်
ရင်ထဲထိ လမ်းဖောက်ရောက်ရှိနိုင်ကြပါလျက်
တစ်ယောက်ရဲ့အနမ်းမှာ တစ်ယောက်
ပန်းဖွဲ့မေတ္တာအိမ်လေး တည်ဆောက်နိုင်ကြပါလျက်
တစ်ယောက်ရဲ့အနမ်းမှာ တစ်ယောက်
အရောင်အသွေးချင်း ပေါင်းစပ်ဖို့ရာကျတော့
ဝေးကွာခြားနားနေပြန်ရဲ့။”
၁၉၉၅-၉၆ ကို ပြန်ရောက်သွားတယ်… ဆရာဇေယျာလင်းနဲ့တွေ့သေးလား။။
ကိုမြတ်ခိုင်ဦး-နေလင်းထွန်းတို့နဲ့ရော ဆုံသေးလား။။ မိသားစုနေကောင်းကြလား…
အိပ်မက်မြစ်ကတော့ စီးမြဲစီးတုန်းပါပဲ……

commentinfo By: k at Dec 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment