မျက်လှည့်ဆရာရဲ့ ဌက်ကလေး ( ကဗျာ) – နရီထက်
စည်းဝိုင်းပြင်ဘက် ပူလောင်ဆွေးမြေး
စည်တီဟစ်ချက် တောင်းဆိုချက်နှင့်
ပြေးလွှားလုယက် မြေကြီးဟစ်ငို
လွမ်းဖျားလောက်အောင် ပြန့်စားကျဲလည်း
ရင်မှာ ပူလောင် ဆွေးမြိုက်မီးနှယ်
စွဲမီးဌက်လား ဖီနစ်ဌက်လား
ဘယ်သူပိုသိ သိစေမှာလဲ။
သတိရခြင်းများစွာ သံယောဇဉ်တံတား
လွမ်းရက်များနှင့် ဖြတ်သန်းခဲ့စဉ်
မိုင်ပေါင်းထောင်ခရီး ရှေ့ခရီးသို့
တစ်ဦးကို တစ်ဦး ပိုကဲ ချစ်သာ
ရင်ထဲက ဟန်ဆောင်ခြင်းနှင့်
စိတ်သက်သာစွာ လျှောက်လှမ်းချင်တယ်
သည်ဘ၀ခရီးဝယ်။
အိမ်မက်ထဲမှာ ပန်းခင်းလေးတွေ
မြင်မက်ခဲ့တိုင်း မနက်တိုင်
ငါ ပျော်နေခဲ့တယ်
အိမ်မက်ထဲမှာ တိုက်အိုနွယ်ပျက်
တွေ့မြင်ခဲ့တိုင်း မနက်တိုင်
ငါ ငိုနေခဲ့တယ်
လက်တွေ့မှာတော့ ငါဆီကို
ဖုန်းဆက်လာတဲ့အခါတိုင်
ရယ်သံပျော်ရွှင်လွင့်ပျံမှုတွေ
ဆက်သခံယူချင်တယ်
ငိုသံလောင်မြိုက်ကြောက်ရွံ့ချက်တွေ
ပယ်ချငြင်းပယ် တွန်းဆန်ချင်တယ်
စကားသံလေးတွေ
ဆက်သွယ်လာတဲ့အခါတိုင်ပေါ့။
အရာရာက ၀ိုးတ၀ါးအိမ်မက်လို
မနေ့ တနေ့ကလို
ဟိုအရင်ခါက အချိန်လို
ဟိုးအဝေးက ငါကို. . .
နီးစပ်ခွင့်နှင့်ကွာဝေးမှု
တကယ်တမ်းကြည့်တော့ ညီမျှခြင်း
မတူညီခြင်းက အလှမ်းဝေးလှပေါ့
အနုတ်လက္ခဏာပိုပြတဲ့အခါ
လွမ်းဒဏ်ချက်တွေနှင့်ပေါ့။
အချိန်ဆိုတာ စိန်စီချယ်ပန်းချီဆို
ငိုနေခဲ့ရသူအဖို့ မျက်ရည်စက်ပေါက်တွေက
မလှပခဲ့တာ အမှန်ပါ
ဖြစ်ခြင်းနှင့် ပျက်ခြင်းတရားမှာ
အချိန်ဆိုတာ မဟာတံတိုင်ကြီးတစ်ခု
ဖြတ်သန်းရင်းနှင့် . . .
ပျောက်ကွယ်ပုန်းလျှိုခဲ့သူတွေလည်းမနည်းပါဘူး
လမ်းပျောက်ခဲ့သူတွေလည်း မနည်းပါဘူး
ပေါ်မလာ ကွယ်ပျောက်ခဲ့သူတွေလည်း မနည်းပါဘူး။ ။
နရီထက်
( ၀၆ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #2
ဒီကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေဖြန့်ချီသည့် လမ်းသစ်ဂျာနယ်မှ ရွေးချယ်သော မြနဒီစာပေဆု(ကဗျာဆု) ၂၀၁၁ အတွက် ရရှိခဲ့ပါသည်။
နရီထက်

Comment #3
congrat !!!!!

Comment #1
သည် ကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော လမ်းသစ်ဂျာနယ် နိုဝင်ဘာလထုတ် 2010 တွင် ဖော်ပြခြင်းခံရသည်။