သတိရဖို့ သတိမရခြင်းနှင့် မေ့ပစ်ဖို့ မေ့သွားခြင်းအကြောင်း
သတိရဖို့ သတိမရခြင်းနှင့် မေ့ပစ်ဖို့ မေ့သွားခြင်းအကြောင်း
ပထမ။ လိင်ဆက်ဆံဖူးသလား။
ဒုတိယ။ ဘယ်သူနဲ့ ပြောတာလဲ။
ပထမ။ ဘယ်သူနဲ့ဖြစ်ဖြစ်ပေါ့။
ဒုတိယ။ ဘယ်သူနဲ့ဖြစ်ဖြစ်တော့ မဆက်ဆံဖူးဘူး။
ပထမ။ ဒါဆို ဘယ်သူနဲ့ ဆက်ဆံဖူးသလဲ။
ဒုတိယ။ ဘယ်သူနဲ့မှ မဆက်ဆံဖူးပါဘူး။
ပထမ။ ဒါဆို တစ်ယောက်ထဲ ဆက်ဆံသလား။
ဒုတိယ။ မဟုတ်ပါဘူး နှစ်ယောက်တွဲပါ။
ပထမ။ ဘယ်သူနဲ့ တွဲသလဲ။
ဒုတိယ။ မမှတ်မိတော့ဘူး။
ပထမ။ အရင်တုန်းကတော့ မှတ်မိခဲ့မှာပေါ့။
ဒုတိယ။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပထမ။ ဖြစ်ချင်မှလည်း ဖြစ်မယ်ပေါ့။
ဒုတိယ။ ဟုတ်တယ်၊ ဟုတ်ချင်မှလည်းဟုတ်မယ်။
ပထမ။ ဘာဖြစ်လို့လဲ။
ဒုတိယ။ လေးစက္ကန့်ပြီးရင် အကုန်မေ့သွားတယ်။
ပထမ။ မေ့သွားတာလား မေ့ပစ်လိုက်တာလား။
ဒုတိယ။ ဒီနှစ်ခု ဘာကွာလဲ။
ပထမ။ အလိုအလျောက်လား၊ တမင်လား။
ဒုတိယ။ တမင်မေ့ဖို့ အားထုတ်ရုံနဲ့ တကယ်မေ့သွားတတ်သလား။
ပထမ။ ဒါပေါ့။ မေ့သွားပြီဆိုတာကို ခဏခဏသတိရနေတာပဲ။
ဒုတိယ။ ဒါဆို မေ့ပစ်လိုက်ဖို့ မေ့သွားခဲ့တယ်။
ပထမ။ ဒါဆို မေ့သွားခဲ့တာပေါ့။
ဒုတိယ။ အလိုလိုပါ။
ပထမ။ သတိရဖို့တောင် သတိမရဘူးလား။
ဒုတိယ။ အခု သတိရသွားပြီ။
ပထမ။ ဘယ်သူလဲဆိုတာ သိပြီလား။
ဒုတိယ။ တစ်ယောက်ယောက်တော့ ဖြစ်မယ်ထင်တယ်။
ပထမ။ ဒါနဲ့ နှစ်ယောက်တွဲဆို။
ဒုတိယ။ တစ်ယောက်ယောက်နဲ့ နှစ်ယောက်တွဲ။
ပထမ။ ဘာတွေလုပ်ကြသလဲ။
ဒုတိယ။ လုပ်ရိုးလုပ်စဉ်တွေပါ။
ပထမ။ ဒါဆို ပျင်းမသွားဘူးလား။
ဒုတိယ။ ပျင်းဖို့တောင် ပျင်းသွားတယ်။
ပထမ။ ဒါဆို ပျင်းပျင်းနဲ့ လုပ်နေခဲ့တယ်ပေါ့။
ဒုတိယ။ အင်း ပြောနေရင်းတောင် ပျင်းချင်လာပြီ။
ပထမ။ ပျင်းတဲ့အကြောင်း ပြောနေတာပဲဟာကို။
ဒုတိယ။ ပြောတဲ့အကြောင်းကလည်း ပျင်းစရာကောင်းလို့ပါ။
ပထမ။ ဒါနဲ့ အခု ဘာအကြောင်းပြောနေတာလဲ။
ဒုတိယ။ မေ့သွားပြီ။
ပထမ။ ဘယ်သူ့ကိုလဲ။
ဒုတိယ။ ဟုတ်တယ်။ ဘယ်သူ့ကို ကျွန်တော် မေ့သွားတာလဲ။
ပထမ။ ခင်ဗျားမေ့သွားတာ ဘယ်သူ့ကိုလဲဆိုတာ ကျွန်တော်သတိရပြီ။
ဒုတိယ။ ခင်ဗျားသတိရတဲ့လူကို ကျွန်တော် မသိဘူး။
ပထမ။ ဘယ်သိမလဲ ခင်ဗျားက မေ့နေတာကိုး။
ဒုတိယ။ ကျွန်တော်မေ့တာကို ခင်ဗျားက သတိရနေတာလား။
ပထမ။ ဟား ခင်ဗျားလည်း သတိရသွားပြီ။
ဒုတိယ။ ဟုတ်တယ် အခုမှ သတိရတယ်။
ပထမ။ ကျွန်တော် သတိရနေခဲ့တာက ကြာပြီ။
ဒုတိယ။ ကြာပြီဆိုတာကို သတိရတာလား။
ပထမ။ အခုလေးတင်ပဲ။
ဒုတိယ။ သူက ဘယ်သူလဲ။
ပထမ။ ကျွန်တော်လည်း မသိဘူး။
ဒုတိယ။ ကျွန်တော်ရော သူ့ကို သိလား။
ပထမ။ ခင်ဗျား သိချင်သိမှာပေါ့။
ဒုတိယ။ သိတော့ ဘာလုပ်ရမှာလဲ။
ပထမ။ မေ့ပစ်လိုက်ပေါ့။
ဒုတိယ။ တမင်လား။
ပထမ။ ရည်ရွယ်ချက်ရှိရှိ။
ဒုတိယ။ လိင်ဆက်ဆံခဲ့တာကို ပြောတာလား။
ပထမ။ ခင်ဗျား မေ့နေပြီဆို။
ဒုတိယ။ ဟုတ်တယ်၊ ကျွန်တော် မေ့ဖို့ မေ့သွားလို့။
ပထမ။ မေ့လိုက်ပါ။
ဒုတိယ။ ဘာကိုလဲ။
ပထမ။ ဘယ်သူမှန်း မသိတဲ့ လူကိုပေါ့။
ဒုတိယ။ ကောင်းပြီဗျာ ကျွန်တော် ဘယ်သူမှန်းသိတဲ့လူကိုပဲ သတိရတော့မယ်။
ပထမ။ ကောင်းပါပြီဗျာ ဘယ်သူမှန်းသိတဲ့လူကလည်း ခင်ဗျားဘယ်သူလဲဆိုတာကို ပြန်သတိရပါစေ။
ဒုတိယ။ ပေးတဲ့ဆုနဲ့ပြည့်ပြီး ပြည့်တဲ့ဆုပဲ ပေးနိုင်ပါစေ။
တေဇာ (လရောင်လမ်း)
Theme: Dialectics Prose, Innovative Prose
ဒိုင်ယာလက်တစ်ကဗျာ၊ စမ်းသပ်ကဗျာ
ရေးသူ=တေဇာ(လရောင်လမ်း)
Friday Endings Poetry Beach
Comment #1
ပြောချင်တာတစ်ခုကတော့
ကျွန်တော်ဒီကဗျာကိုဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်း
ကြောင့် ကိုဇာတိ အားသိစေလိုသော အကျိုးဆက်ဖြင့်
ရေးသူ=တေဇာ(လရောင်လမ်း)အပေါ် နှစ်သက်ခြင်း
သူ ၏ ကဗျာအပေါ်၌ ဒိုင်ယာလက်တစ်ကဗျာ၊ စမ်းသပ်ကဗျာ ကို
ကျွန်တော့်အား မည်သို့ မည်ပုံဟု ပြောကြားစေလိုခြင်း