Professional Authors

သေချာသော မသေချာခြင်း

 

 

သူ့နာမည်မှာ မောင် မဟုတ်လျှင် သူ၏နာမည်ကို ဆောင်းဦးလေပြေ ဟု ခေါ်ဆိုနိုင်ပါသည် …. အဘယ်ကြောင့်ဆိုသော် သူ၏နာမည်ရင်းမှာ ဘာဖြစ်မှန်း ကျွန်မ သေချာ မသိခြင်းပင် ဖြစ်သည် …. သူကတော့ နာမည်ဟာ ပညတ်ချက် သက်သက်သာ ဖြစ်သည်ဟု ပြောခဲ့ဖူးပါသည် …. သူနှင့်ပတ်သက်ပြီး ခေတ်ပေါ်သီချင်း တစ်ပုဒ်ကို ကျွန်မတီးတိုး ရေရွတ်မိနေသော်လည်း ခေါင်းစဉ်ကိုကား ကျွန်မ သေချာ မမှတ်မိခဲ့ပါ …. သေချာတာကတော့ ဆောင်းခိုငှက်တွေ အိပ်တန်းပျံချိန်မှာ သူကျွန်မဆီ လာဖို့ပဲဖြစ်သည် …. ဒါပေမယ့် ယခု သူလာဖို့က မသေချာပါ …. သူနှင့်တွေ့ဆုံဖို့က ပို၍ မသေချာသေးပါ …. သူ့ရင်ခွင်ကို ပိုင်ဆိုင်ဖို့က ပို၍ ပို၍ပင် မသေချာတော့ပါ …. အထူးသဖြင့် အီရတ်မှာ တစ်နေ့တစ်ခါ ဗုံးခွဲမှုတွေဖြစ်ဖို့ သေချာပေမယ့် သူနဲ့ကျွန်မ ဆက်ချစ်နေဖို့က ဘယ်တော့မှ မသေချာနိုင်တော့ပါ …. ကျွန်မသူ့ကို စွန့်ခွာခဲ့ချိန်၌ ကမ္ဘာကြီးတွင် ကျွန်မတစ်ယောက်တည်းသာ အထီးတည်း ကျန်ရစ်ခဲ့ပါသည် …. ဒီဝါကျဟာ တော်တော်ကို စိတ်ကူးယဉ်ဆန်နေပြီး တစ်ကယ်တော့ ကမ္ဘာကြီးမှာ ကျွန်မလိုပဲ လူတော်တော်များများ အထီးတည်း ဖြစ်နေပေလိမ့်မည် …. ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးတွင် ကျွန်မ တစ်ယောက်တည်းသာ ဆောင်းခိုလျှက် ကျန်ရစ်ခဲ့ပါတော့သည် …. ချန်ရစ်သူ ကျွန်မကပဲ ကျန်ရစ် ဖြစ်နေခဲ့တယ် ဆိုတာ သေချာ စဉ်းစားကြည့်ရင် သနားစရာ တစ်ကွက်လေးတောင် ကိုယ့်ကိုယ်ကို မမြင်မိပါဘူး …. အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုရင် . ဘုရားသခင်ကို သတ်ခဲ့တာ နစ်ရှေး ဖြစ်ပါသည် …. လူတွေကို မျောက်ဖြစ်စေခဲ့တာ ဒါဝင် ဖြစ်ပါသည် …. နောက်ကြောကို ဓါးနဲ့ထိုးသူဟာ ဗရူးတပ် ဖြစ်ပါသည် …. ဂျူးတွေကို မီးလောင်တိုက် သွင်းသူဟာ ဟစ်တလာ ဖြစ်ပါသည် …. ဟီရိုရှီးမားနှင့် နာဂါဆာကီကို အနုမြူဗုံးချခဲ့တာ အမေရိကန် ဖြစ်ပါသည် …. ထရိုင်မြို့ကို မီးရှို့ ခဲ့တာ ဂရိစစ်သည်တွေ ဖြစ်ပါသည် …. ပွန်ပီမြို့ ကြီးကို ချော်တွေနှင့် ဖုံးစေခဲ့တာ ဗီဆူးဗီးယတ် မီးတောင် ဖြစ်ပါသည် …. ကြက်ငှက် တုတ်ကွေး ရောဂါကို ဖြစ်စေတာ H5N1 Virus ဖြစ်ပါသည် …. ထိုကိစ္စ အားလုံးမှာ ကျွန်မနှင့် ပတ်သက်ဆက်နွယ်မှု အလျဉ်းမရှိခဲ့ပါ …. ဒါ့ကြောင့်လည်း သူနှင့်ကျွန်မ တွေ့ဆုံ ပတ်သက်နိုင်ဖို့ကို ကျွန်မ မျှော်လင့်ခွင့် ရှိနိုင်ပါဦးမည်လား …. မသဲကွဲတော့ပါ …. မျှော်လင့်ခြင်းကို အင်္ဂလိပ်လို Hope ဟုခေါ်သလား Expect ဟုခေါ်သလား ဆိုတာထက် ကျွန်မအတွက်တော့ မျှော်လင့်ခြင်းဟာ မျှော်လင့်ခြင်းသက်သက်ပဲ ဖြစ်နေဖို့ အရေးကြီးပါသည် …. မျှော်လင့်ခြင်းဟာ ငှက်တစ်ကောင် သာဆိုရင် အဲ့ဒီငှက်ဟာ မနှစ်က ဇူလိုင်လ ၂၈ ရက်နေ့ ည ၉ နာရီကျော်မှာပဲ မြန်မာပြည်ရဲ့ တောင်ဖက်စွန်း အရပ်က ကောင်းကင်ဆီကို ပျံတက်ပျောက်ကွယ် သွားခဲ့ပါပြီ …. မနေ့က ဝေဒနာတွေ ကျွန်မဆီကို ပြန်ရောက်လာကြပေမယ့် ဒီနေ့ ဝေဒနာတွေကတော့ ကျွန်မရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနှိပ်စက်ပြီး လောင်ကျွမ်းဖျက်ဆီး လိုက်ကြပါပြီ …. မိုးတိမ်လို ချစ်ခြင်းကို အပျောက်မခံနိုင်လွန်းလို့ ကောင်းကင်မှာ ကြိုးနဲ့ချည်ခိုင်းနေတဲ့ နုံအတဲ့ကလေးငယ် တစ်ယောက်လို ကျွန်မရဲ့စိတ်တွေများ ဆောက်တည်ရာ မရလိုက်တာ …. စကြ၀ဠာရဲ့ နောက်ဆုံး သီအိုရီဟာ မသေချာခြင်း ဆိုတာများ ဖြစ်နေရင် ကျွန်မရင်ထဲက သေချာခြင်း စကားလုံးတွေကို မြေမြုပ် သင်္ဂြီုလ်လိုက်ပါတော့မယ် …. ဒီနေ့ နေထွက်ခဲ့ပြီ …. ဒီနေ့ နေ၀င်ဖို့ သေချာပါဦးမလား …. ဒီနေ့ ပန်းတွေပွင့်ဖို့လည်း မသေချာနိုင်ပါ …. သေချာတာ တစ်ခုကတော့ မသေချာတာပဲ ဖြစ်သည် ဆိုတဲ့ စကားဟာ ကျွန်မအတွက် မည်မျှ သေချာလိုက်ပါသလဲ …. 

ကျွန်မ ချစ်ရာ သခင်ကို ကျွန်မ ဆိုင်ပေ၏
သခင်ကလည်း ကျွန်မကို ဆိုင်ပေ၏
ကျွန်မချစ်ရာ သခင်
မိုးမသောက် မှောင်မိုက်အရိပ် မပျယ်မီ
ဗေသာတောင်ပေါ်မှာ သမင်၊ ဒရယ်ကဲ့သို့
တစ်ဖန် ပြုတော်မူပါ

 ကျွန်မဟာ ယောက်ျားတစ်ယောက်ကို ရရှိခဲ့ပြီး၊ ချစ်သူတစ်ယောက်ကို ဆုံးရှုံးခဲ့သူသာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်က အမြင်နဲ့ မှတ်ချက်ပြုသံတွေကို စက်ဆုပ်မိတာ အမှန်ပါ …. တစ်ကယ်တမ်း နှစ်ကျပ်သားရဖို့ နှစ်ပိဿာ ပေးဆပ်ပြီးတဲ့နောက်မှာ ဘ၀ဆိုတာ နည်းနည်းရဖို့ များများပေးဆပ်ရတယ် ဆိုတာကို ကျွန်မ သဘောပေါက် နားလည်ခဲ့ချိန်မှာတော့ အရာအားလုံးဟာ လက်လွန်ခဲ့ပါပြီ …. အမှန်တစ်ကယ် ဘ၀လက်တွဲဖော်ဟာ ကျွန်မနဲ့ထိုက်တန်တဲ့ သူသာဖြစ်ခဲ့လို့ပါပဲ …. တစ်ခါတစ်ရံ လောကကြီးဟာ တရားတမျှတပါ့မလား ကျွန်မ စဉ်းစားမိတယ် …. ဗင်းဂိုးရဲ့ မျက်လုံးတွေကိုသာ လူတွေ မလိုချင်ကြပေမယ့် ဗင်းဂိုးရဲ့ ပန်းချီကားတွေကိုတော့ လူတွေက လိုချင်ကြတယ်လေ …. ကျွန်မရဲ့ မျက်လုံး နှစ်လုံးကို ယူလိုက်ပါ …. ဖြစ်နိုင်ရင် ကျွန်မရဲ့ အသည်းနှလုံးကို ထုတ်ယူလိုက်ကြစမ်းပါ …. ဒီမျက်လုံးနဲ့ မြင်ပြီး ဒီနှလုံးသားနဲ့ ခံစားရေးဖွဲ့တဲ့ ကဗျာတွေကိုပဲ ဘာလို့နှစ်သက် နေကြရတာလဲ . ဒီလို အတိတ်တွေကို မြင်နိုင်တဲ့ ဒီမျက်လုံးတွေ ခံစားတတ်တဲ့ ဒီနှလုံးသားတွေ မရှိတော့တဲ့နေ့မှာပဲ ကျွန်မရဲ့ ချစ်သူကို ကျွန်မ အပြီးသတ် ကျောခိုင်း နိုင်တော့မှာပါ …. ခုချိန်ထိ ရင်ထဲက တိမ်တွေကတော့ ဒဏ်ရာ အနာတရတွေနဲ့ ပြည့်နှက်နာကျင်လို့ ငြီးငြူနေတုန်းပဲပေါ့ …. ဒါပေမယ့် ကျွန်မ မသေတတ်ခင် နေတတ်အောင် ကြိုးစားရမှာကသာ ကျွန်မအတွက် လတ်တလော သေချာခြင်းပါပဲ မဟုတ်ပါလား ….

 နှစ်သက်ခံစားမိသော ကဗျာလေးအား ကိုယ်တွေ့များဖြင့် ရေးသားအပ်ကြောင်း ၀န်ခံပါသည်။

In: စကားပြေ Posted By: Date: Nov 30, 2010
Comment #1

ဖတ်ရတာ ကိုယ်တိုင်ဖြစ်နေသလိုပဲခံစားရပါတယ်………….. တခါတလေ လောကမှာ. လူတွေအများကြီးရှိနေပေမဲ့
တစ်ယောက်တည်းအထီးကျန်သလိုခံစားရပါတယ်……………ဖြစ်နိုင်ရင် ညီမလေး လည်း…………….. အထီးကျန်မှုတွေက လွတ်မြောက်ချင်နေပြီ…………….မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နီုင်ပေမဲ့.. မရနိုင်တာကို ရအောင်လုပ်ဖို့ နည်းနည်းမှ ဆန္ဒမရှိပါဘူး ……………

commentinfo By: nyimalay at Dec 1, 2010
Comment #2

ဒီစကားပြေလေးအရမ်းကောင်းပါတယ်ဗျာ……..အားပေးပါတယ်အစ်မရေ…….:)

commentinfo By: moehtetaung18 at Dec 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment