နောက်ဆုံးပြကွက် (မိုးထက်အောင်)
အာရုံထဲအလင်းရောင်တွေကတလက်လက်
အဝေးကလာတဲ့ဓမ္မတေးတစ်ပုဒ်ကပေါ်လာလိုက် ပျောက်သွားလိုက်
တိမ်တွေထဲလွင့်မျောနေသလိုလို
(ဒါမှမဟုတ်……)
ပင်လယ်ထဲစီးမျောနေသလိုလို
(ဒါမှမဟုတ်……)
ငါ……………………………..
လွင့်နေသလိုလို မျောနေသလိုလို
ဟိုလိုလို ဒီလိုလို ဘာလိုလို ညာလိုလို
တွဲခေါ်နေတဲ့လက်တွေက အလင်းတစ်ဖက် အမှောင်တစ်ဖက်
ခဏလေးပါ……..ခဏလေးပါ……..
င့ါကိုခဏလေးပဲအချိန်ပေးကြစမ်းပါ
လည်ပင်းကြောတွေထောင်လာတဲ့အထိ အော်ဟစ်လိုက်မိတယ်
လည်ချောင်းထဲ ရှတတအက်ကွဲခြောက်ကပ်
ကိုယ့်နှုတ်ခမ်းကိုယ်လျှာနဲ့ သပ်ရင်း ရေငတ်နေမိတယ်
မေတ္တာပို့ တွေ၊သံဝေဂတေးတွေ၊ငိုသံတွေ
မိုးထက်အောင် အသက်(……….) နှစ်
လူတွေတဖျပ်ဖျပ်ခတ်နေကြတဲ့ ယပ်တောင်ပေါ်ကစာတန်း
လဲလျောင်းနေတဲ့ငါ့ကို ငါသေချာပြန်ကြည့်နေမိတယ်
ချစ်ပါတယ်ဆိုတဲ့ကောင်မလေးလဲ တခြားတစ်ယောက်ရဲ့ရင်ခွင်မှာ
လှလှပပလေးခိုဝင်ရင်း ယပ်တောင်လေးတဖျပ်ဖျပ်
ငါ့ကိုမနှစ်မြို့  မသတီစွာတစ်ချက်လှမ်းကြည့်ရင်း လှည့်ထွက်
ခုနက အထိ သူ့ အတွက်ကဗျာတွေငါရေးနေမိတုန်း
ဂွမ်းးး………..
ရေအိုးခွဲသံ
ဂျိန်းးး……….
တံခါးပိတ်သံ
ကဲ.……အချိန်တန်ပြီ
လက်ပြနှုတ်ဆက် ငါဆိုတာတစ်ခန်းရပ်
မေတ္တာပို့ သံ၊သံဝေဂသံ၊ငိုသံ၊ကဗျာရွတ်သံ
ဒီနေရာကိုရောက်ခဲ့တယ်၊ဒီကဗျာတွေရေးခဲ့တယ်
(ပြီးတော့……)
ဒီကောင်မလေးကိုချစ်ခဲ့တယ်
မိုးထက်အောင် အသက်(………) နှစ်
(မငိုကြပါနဲ့ ……)
ဒါငါ့အတွက်နောက်ဆုံးပြကွက်
နောက်လေးငါးရက်လောက်ကြာရင်မင်းတို့ ငါ့ကိုမေ့သွားကြလိမ့်မယ်
သံသရာတစ်ကွေ့ ကွေ့ ထပ်တွေ့ ဖြစ်ခဲ့ကြရင်လည်း
(ငါတို့  မင်းတို့ …….)
မမှတ်မိကြတော့သလိုလိုပါလေ……………….။ ။
မိုးထက်အောင်
Comment #2
ရွှေမိုးထက်.. အဲဒါနောက်ဆုံးပြကွက်လားဟ.. 😀 ဟုတ်မှလဲလုပ်ပါဟာ.. 😛
Comment #3
ကြိုက်တယ်ဗျာ ဒါပဲသိတယ် ကိုမိုးထက်…
Comment #1
ကိုမိုးထက်… အားပေးနေတယ်… ဒါဟာ အမှန်တရားပြယုဂ်တစ်ခုပဲ ….