ခရမ်းပြာဝိုင် (၂)
တမျက်နှာကို အစဉ်မညှိုးရအောင်၊
အချစ်ကဗျာကို အပင်ပျိုးလို့၊
သခင်ချိုးဖို့ ပန်းခင်းဖေါ်မယ်၊
မင်းပျော်ရင် ကိုယ်ကျေနပ်၊
အနေတတ်ပါတယ်။
တသက်တာ ထာဝရနံဘေးမှာလဲ၊
မပျက်ကွာ ကဗျာအလှလေးတွေနဲ့၊
မကြာခဏ တေးအလှဆင်လို့၊
လေးနှမခင်ကို ပျော်တော်ဆက်ရန်၊
မနက်ဖြန်မှာ အသက်တဖန်ရှင်သန်စေသမျှ၊
နေရဦးမယ်။
တွေ့သမျှရန် ဘေးဘယာခရီးဆိုလဲ၊
ရှေ့ကအမှန်ပြေးကာဆီးလို့၊
အနီးနားက စောင့်ရှောက်မယ်ပေါ့၊
တကယ်တော့လေ သူရန်မခစေဖို့ပဲ၊
ပြန်ရစေရယ် မမျှော်ကိုး၊
အပျော်မိုးတွေ သူ့အပါးစွေရင်တော့၊
အနားမနေချင် တမင်ပြေးခွာဖယ်၊
အဝေးကမ္ဘာဝယ် ရှောင်ကာပုန်း။
ဒါပေမယ့်လေ …
ဖြေရင်မပြေနိုင် အမောဆင့်လို့၊
နွေအသင်္ချေတိုင် ပြောခွင့်မကြုံမယ့်၊
မနောပွင့်ငုံ ချစ်ခွင့်စကားကိုတော့၊
သခင့်နားမှာ ကြားစေဖို့ မစွမ်းသာဘူး၊
မကျွမ်းသာ သီအလှတေးတွေနဲ့၊
အလှမ်းကွာ ဒီဘဝဝေးလေတဲ့၊
ခရမ်းပြာ ညီမလေးရေ …
ဝေး ..လွင့်စေ အုန်း။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ …
ဟယ်ရီ