သေခြင်းဖြင့်ရှင်သန်သူ (သို့မဟုတ်) လူ
သေခြင်းဖြင့်ရှင်သန်သူ (သို့မဟုတ်) လူ
ဖြစ်ပုံကဒီလို…
စနေနေ့ဆိုလျှင် ကလေးများကို အင်္ဂလိပ်စာသင်ပေးဖို့ မသွားမီ အိုရီဘူတာ နားရှိ ကုန်တိုက်မှ စာအုပ်ဆိုင်သို့ ကျွန်တော်သွားလေ့ရှိသည်။ ဒီနေ့လည်း စနေနေ့။ ၁၀နာရီကျော်လောက်မှ အိပ်ယာထ။ ရေမိုးချိုးစားသောက်အပြီး နေ့လည် ၁၂ နာရီ ကျော်ကျော်တွင် အခန်းမှ စတင်ထွက်ခဲ့သည်။ အခန်းနီးနားချင်းဖြစ်သူ အိန္ဒိယမှ သူငယ်ချင်းအား ညပြန်လာမည်ဖြစ်ကြောင်း နှုတ်ဆက်ပြောဆိုလိုက်သည်။ ထို့နောက် ကျောင်းရှေ့တွင် ဘက်စ် နံပါတ် ၂၆ အလာစောင့်ပြီး စီးကာ အိုရီဘူတာအထိ လိုက်ပါခဲ့သည်။ ကျွန်တော် ဤတောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိ နေသည်မှာ ၂ နှစ်ကျော်ခဲ့ပြီ။ ကြားနေရသည့် ကိုရီယားစကား၊ ပတ်ဝန်းကျင် မြင်ကွင်း၊ ဖက်ရှင်လှလှနှင့်ကောင်မလေးများ ဘယ်အရာကမျှ ကျွန်တော့်အတွက်မစိမ်း တော့။ ခြေလှမ်းမှန်မှန်နှင့် မြေအောက်မှနေ၍ လမ်းတစ်ဘက် ကုန်တိုက်ရှိရာသို့ ကူးခဲ့သည်။ (ကိုရီးယားစကားကို မစိမ်းသော်လည်း၊ မတတ်ပါ)။ ကလေးများကို စာသင်ပေးဖို့ စာအုပ်ဝယ်ရမှာ နှမြောသောကြောင့် ဤကုန်တိုက်ရှိစာအုပ်ဆိုင်တွင် အလကားလာဖတ်၊ အလကားလာကူး လုပ်နေခဲ့သည် မှာကြာပြီဖြစ်သည်။ ထုံစံအတိုင်း သုံးထပ်မြောက်သို့ အက်စ်ကလေတာ စီး၍တက်ခဲ့ကာ စာအုပ်ဆိုင်အတွင် ဝင်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထားသော စာအုပ်များ ထားရာနေရာသို့သွားကာ တော့ပ်တန်း စာအုပ်များကို ဟိုလှန်ဒီလှန်ရင်း အခမဲ့မြည်း လိုက်သည်။ ပြီးမှ ကလေးင်္ဂလိပ်စာသင်ဖို့ရန် ကိုယ်လိုချင်သည့်စာအုပ်ကို စာအုပ်စင်မှ ဆွဲထုတ်ယူကာ ဂျောင်တနေရာမှာ သွားထိုင်လိုက်သည်။ လိုချင်သည်များ ကို ကူးလိုက်သည်။ ကူးလို့အပြီး အချိန်ပိုနေသေးတာနှင့် ကလေးသူငယ်များ ဖတ်ဖို့ ထုတ်လုပ်ထားသည့် စာအုပ်တစ်အုပ်ကို ကလေးသူငယ်ကြီး ကျွန်တော်က ယူ၍ ဖတ်လိုက်သည်။ ခေါင်းစဉ်က ဆံပင်ညှပ်လျှင် မည်သည့်အတွက်ကြောင့် မနာရ သနည်း တဲ့။ ဆိုင်မဆိုင်မသိ ငယ်စဉ်က သန္တာသုံးလမ်းရှိ ဆံသဆိုင်ကို သတိရမိသေးသည်။ ထိုစဉ်က ဆံပင်ညှပ်လျှင် တခါတရံနာပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုဆိုင်မှ ဆံညှပ်ကရိယာသည် တုံးနေ၍ထင် တခါတခါ ဆွဲနှုတ်သကဲ့သို့ နာတတ်သည်။ သို့နှင့် ထိုစာအုပ်ကိုလှန်ပြီး အဖတ် လောကကြီး၏ဖိစီးမှုဒဏ် နှင့် သေခြင်း တရားတို့ ကျွန်တော့်၏ အသိထဲလွင့်မြောစီးဝင်ခဲ့ကြသည်။ ကိုယ်နေ့တိုင်းအိပ်နေသည့်ကုတင်အောက်တွင် ရတနာသိုက်တစ်ခုတူးဖေါ်တွေ့ ရှိရသကဲ့သို့ အာရုံတို့ လန်းသွားသည်။ ထိုကြောင့် ထိုစာအုပ်ထဲတွင်ပါသည့် အကြောင်းအရာများကို ရှာပုံတော်ဖွင့်သည့် ဇာတ်လမ်းဆန်ဆန် အောက်ပါအတိုင်း ပြန်လည်ရေးချမိခဲ့သည်။
ကိုယ့်ကိုယ်ကိုရှာပုံတော်
အမှာစကား
ကိုယ့်ကိုယ်ကို လို့ ရေးရမည်လား ကိုယ့်ကိုကိုယ် လို့ရေးရမည်လား ဟု အမြဲတမ်းတွေဝေတတ်မိသည်။ ပထမအသုံးက မိမိ၏ကိုယ်ခန္ဓာကိုဆိုသည့် အဓိပ္ပာယ်နှင့်တူနေပြီး ဒုတိယအသုံးမှာမူ မိမိကိုမိမိ ဆိုသည့် စိတ်ဖြင့်သာတွေးတောသိ နိုင်သည့်အပိုင်းကို ရည်ညွှန်းသည်နှင့်ပိုတူသည်။ (မှန်ရာကိုဆိုရလျှင် မြန်မာစကားကို စေ့စေ့ပေါက်ပေါက်အနက်ဖွင့်ဖို့ လုံလောက်သောပညာ ကျွန်တော့်တွင်မရှိသေးပါ။) သို့သော် ကိုယ်သက်မှတ်သည့်အဓိပ္ပာယ်ဖြင့်ပင် ကိုယ့်ကိုယ်ကို ရှာပုံတော် ဟု ခေါင်းစဉ်တပ်ပါသည်။ ကျွန်တော်သည် အောက်ပါဇာတ်လမ်းတွင် ကိုယ့်ရဲ့ကိုယ်ကို နည်းနည်းလောက်ရှာပုံတော်ဖွင့်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
စပြီ…
ဂရိမှာ လို နိုးသည်ဆောင်တွန် ဘိလပ်မှာလို နိုးယော်ဆလ်ဖ် (know yourself) အရပ်စကားနဲ့ပြောရရင် ကိုယ်ဘာကောင်လဲဆိုတာကိုယ်သိ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပလေတိုကပဲ ဒီစကားကို စပြောခဲ့သလိုလို၊ သူ့မတိုင်မီ ဂုရုကြီးတွေကပဲ မိန့်ခဲ့သလိုလို။ ကြားဖူးတာတော့ ဂရိက နတ်ဘုရားကျောင်းတစ်ခု အဝင်ဝမှာ အဲသည့်စကားကို ကျောက်စာရေးထိုးမှတ်တမ်းတင်ထားတယ် ဆိုပဲ။ အဲသည့် နတ်ဘုရားကျောင်းကြီးထဲမှာ အမြင်ပေါက်ပြီး ရှေ့ရေး၊ နောင်ရေးတွေ ပြောနိုင်သူလည်း ရှိခဲ့သတဲ့။ လူတွေဟာ ကိုယ်ရဲ့အစ၊ ကိုယ့်ရဲ့အဆုံးကို ကိုယ့်ဉာဏ်နဲ့ မမီတဲ့အခါကြ ကိုယ့်ကိုကိုယ် လုံလုံလောက်လောက်သိနိုင်ဖို့ အဲသည့် အမြင်ပေါက်သူထံသွားမေးကြသတဲ့။ ထားပါ ပညာရှိကြီးတွေ ဘယ်လိုအဓိပ္ပာယ်နဲ့ပဲ ဆိုခဲ့ဆိုခဲ့။ ကျွန်တော် ကိုယ့်ကိုယ်ကို နည်းနည်းပိုသိချင်လာသည်။ ထို့ကြောင့်ပင် ဤခရီးကို စတင် ခဲ့ခြင်းလည်း ဖြစ်သည်။ ရှာပုံတော်အစ မည်သည့်အရပ်သို့အရင် စသွားရမည်နည်း။ လျှို့ဝှက်စာတွေ ရေးထားသည်က ဦးခေါင်းဆံဖျားမှ ခြေဖဝါးတိုင်အောင်။ လျှို့ဝှက်စာ၏ အနက်ကိုဖွင့်ရန် ဦးနှောက်ကို အကြောင်းကြားလိုက်တော့ ဤစကားစုသည် ကိုယ်ခန္ဓာ တစ်ခုလုံးကို ကိုယ်စားပြုကြောင်း အကြောင်းပြန်သည်။ ထိုသို့ဆိုလျှင် ဤစကားကို မည်သူကပင် ထွင်ခဲ့ထွင်ခဲ့ ဦးခေါင်းထိပ် ဆံအဖျား ကို ကိုယ်ခန္ဓာ၏ စမှတ်အဖြစ် သုံးခဲ့သည်မှာ အထင်အရှား။ ထိုသို့နှင့်ပင် ဦးခေါင်အထက်သို့ ခရီးပြုမိတော့သည်။
ဆံပင်အသေများနှင့်ကျွန်တော် …
ဆံနွယ်များ အပြိုင်းအယိုင်း ကြားမှ အလင်းရောင်ကို ကြိုတိကြိုကြား မြင်နေ ရသည်။ ကျွန်တော် ဆံနွယ်များအရင်းမှနေ၍ အထက်သို့မော့ကာ မင်းတို့ရဲ့ အကြောင်းငါ့ကိုနည်းနည်းပြောပြပါကွာ လို့ မေးနေခဲ့သည်မှာ အကြိမ်ကြိမ်ရှိပြီ ဖြစ်သည်။ သို့သော် ဆံနွယ်ပင်များက ပကတိတိတ်တိတ်ဆိတ်ဆိတ်။ ကျွန်တော် စိတ်ဓာတ်ကျလာသည်။ ခေါင်းပင်ဆက်မမော့နိုင်တော့။ ခေါင်းငုံ့၍ပင် မပီမသ ဆက်၍ရေရွတ်လိုက်သောအခါ ဆံခြေရင်းနားမှ လှိုင်သံသဲ့သဲ့ဖြင့် အသံကိုကြား ရသည်။ ကျွန်တော်လည်း ဝပ်တွားပြီး နားနှင့်ကပ်နားထောင်ကြည့်မှ… သင်္ချိုင်းကုန်းထဲမှာ ဘာဆူညံဆူညံလာလုပ်နေတာလဲကွ။ သွားလေသူတွေ တိတ်တိတ် ဆိတ်ဆိတ် နားပါစေ။ ဗျာ…သင်္ချိုင်းကုန်း ကျွန်တော်ရပ်နေတာ ဆံနွယ်တောကြီးတည်ရှိရာ ဦးခေါင်းအထက်မှာပါဗျာ။ ဘယ့်နှယ့် သင်္ချိုင်းကုန်းမဟုတ်ပါဘူး။ ကဲ ကဲ မင်းနဲ့ ငါတို့ အပိုတွေငြင်းမနေချင်ဘူး။ ပြော…မင်းဘာတွေအော်နေတာလဲ။ ကျွန်တော် ဆံပင်တွေအကြောင်းနည်းနည်းလောက်သိချင်လို့ပါဗျာ။ အဲဒါ… ကဲ…ပြော..မင်းဘာအကြောင်းသိချင်တာလဲ။ ကျွန်တော် တိုးတိုးလုပ်ပါဆိုကွာ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဆောရီး၊ ဆောရီး။ သိချင်တာက ဆံပင်တွေကို ကပ်ကြေးနဲ့ဖျက်တဲ့ခါ ဘာလို့ မနာရတာလဲ ဆိုတာကိုပါ။ လူသေတစ်ကောင်ကို သွားပြီး ဆွဲဆိတ်ရင် အား…နာတယ် လို့အော်လား။ ဟင့် အင်း။ အော်မယ်မထင်ပါဘူး။ ကျွန်တော်ဘယ်တော့မှလည်း တကယ်သွားပြီး ဆွဲဆိတ်မှာ မဟုတ်ဘူး။ ကြောက်တတ်တယ်။ အဟီး…။ ဟိတ်ကောင် မေးတာပဲဖြေ။ စကားကိုအတော်များတဲ့အကောင်…။ အေး…ပြောရရင် ငါလည်း မကြာခင်မှာ သေဆုံးခြင်းနှင့် မင်းမြင်နေရတဲ့လောကကြီး ထဲကို မွေးဖွားလာရတော့မယ်။ ရှင်သန်ခြင်းဆိုတာ ဒီအရေပြားအောက်မှာပဲ ငါတို့အတွက်ရှိပါတယ်ကွာ။ ဒီအရေပြားအထက်ကို ရောက်တာနဲ့ အသေဆဲလ်တွေ ဖြစ်သွားတော့တာပဲကွာ။ အဲဒါကြောင့် ကပ်ကြေးနဲ့ညှပ်တဲ့အခါ မနာတာပေါ့။ မင်းကိုလည်း အကြံကောင်းတစ်ခုပေးလိုက်မယ် ကပ်ကြေးနဲ့အညှပ်ခံရတဲ့အခါ မနာချင်ရင် သေပစ်လိုက်ကြားလား…။ ဗျာ…ကျွန်တော် ကပ်ကြေးတော့ ကြည့်ရှောင်ပါ့မယ်ဗျာ…သေတော့မသေပါရစေနဲ့ဦး။ ကျေးဇူးပဲ…ကျေးဇူးပဲ။ သွားမယ်နော်။ ဟူး…ဘယ့်နှယ့်ဗျာ မနာချင်ရင်သေလိုက်တဲ့။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ။ သည်လိုနဲ့ ရောက်ရာပေါက်ရာ ထွက်ခဲ့ရင်း နင်းလျှောက်နေတဲ့ အရေပြားပြင်ကြီး အကြောင်းကိုလည်း သိချင်လာခဲ့သည်။
အသေအပိုင်းအစများနှင့်ကျွန်တော်
အရေပြားပြင်ကြီးမျက်နှာစာနှင့်နီးကပ်သွားအောင် ကိုယ်ကိုဝပ်ကာ မေးခွန်း ထုတ်ဖို့ အသက်ကိုရှူသည့်အခိုက်… အဟွတ်…အဟွတ်… ဘာအမှုန်တွေမှန်းမသိ… အသံတစ်သံကိုကြားရသည်… မင်း..ဒီလောက်ကပ်လာကတည်းက ငါသတိပေးမလို့ပဲကွ မိနစ်တိုင်းမှာ ငါ့ရဲ့ မျက်နှာပြင်ကနေ သေဆုံးပြီးသား ဆဲလ်အမှုန် ငါးသောင်း(၅၀ဝ၀ဝ)လောက်ြွေကကျ နေကြတယ်ကွ။ ဗျာ…ဒါဆို ခုဏဟာတွေက အသေမှုန်တွေပေါ့… ဟာ ရွံ့စရာကြီးဗျာ… …ထွီ…ထွီ…ထွီ။ ဘာအခုမှ ရွံစရာကြီးလည်း မနေ့က မင်းကောင်းမလေးရဲ့မျက်နှာကော၊ လက်ကိုကော နမ်းနေလိုက်တာမှ တရွှတ်ရွှတ်… ဟေ့ ဟေ့ တော်ပြီ၊ တော်ပြီ နိုင်ငံရေးတွေမပါနဲ့။…ခင်ဗျားလုပ်တာနဲ့ လာရင်းကိစ္စတောင်မေ့သွားတယ်။… အဲ..အဲ..သိပြီ၊ သိပြီ..ကျွန်တော့်ကို ခင်ဗျားအကြောင်းနည်းနည်းလောက်ပြောပြပါလား။ အခုတင် ပြောပြီးပြီလေ… အာ…ဟုတ်တယ်၊ ဟုတ်တယ်။ နည်းနည်းလောက်ထပ်ပြီးပြောစရာ မရှိတော့ ဘူးလား။ မင်းအခုမြင်နေရတဲ့ အပေါ်ဆုံးအလွှာကို ဘိလပ်လိုဆို အဲပီဒမ်းမစ် လို့ခေါ်သကွ။ အဲဒါက ပုံမှန်စာရွက်တစ်ရွက်စာလောက်ထူပြီး၊ ခုန ကပြောသလိုပဲ ဒီအလွှာမှာတော့ အသေဆဲလ်တွေနဲ့ပဲ ဖွဲ့စည်းထားတာကွ။ ဗျာ ကျွန်တော်အခုမြင်နေရတာလည်း အသေပဲလား… ဟုတ်ပ…ငါတို့ရှင်သန်နေတဲ့အရာတွေက လောကကြီးနဲ့ ထိပ်တိုက်တွေ့တာနဲ့ သေကြရတာ။ အဲသည်လိုသေပြီးချက်ခြင်းကွာကျမသွားဘဲ လူ့ပတ်ပတ်လည်မှာ ကာရံထားလို့ လူကလည်း ရှင်သန်လှုပ်ရှားနေနိုင်တာ။ ပြောရရင်ကွာ လူက အသေကိုမှ အကာအကွယ်မယူရင် မရှင်နိုင်ဘူးကွ။ ငါ ထပ်ပြောရင် မင်းအံဩတော့မှာ မဟုတ်ဘူး…တွေ့လား ဟိုမှာ ငါနဲ့တစပ်တည်း လက်သည်း၊ ခြေသည်းတွေ…မြင်နေရတဲ့အပိုင်းက ဘာတွေလဲ…သိလား။ သူတို့လည်း…အသေဆဲလ်တွေ… အေး..မင်းအတော်ပေါက်သွားပြီပဲ။ ကောင်းတယ် ကောင်းတယ်။ ကဲ ဘာထပ်သိချင် သေးလဲ။ ကျွန်တော် ဘာမျှပြန်မဖြေတော့။ စိတ်အဟုန်တခုဖြင့် ဦးတည်ရာမဲ့ ခြေလှမ်းသယ်ရာကို ထွက်ခဲ့လေသည်။ လမ်းပေါ်တွင်တွေ့ရသောသူ လူများ…။ အသေတွေကိုခြယ်သဖီးလိမ်းထားသည့် ဆေးဆိုးပန်းရိုက်များ၊ မြတ်နိုးရသူ သူမ မျက်နက်ဝန်းများက ရွှန်းရွှန်းဆိုကြည်လင် ရှင်သန်လို့၊ တချို့များ မျက်မှန်နက်ကြီးတွေနဲ့။ ရှင်သန်ကြောင်း လမ်းလျှောက်နေလို့ လှုပ်ရှားနေလိုသာ သိရတာ၊ လူတွေ အသေတွေအတွက် အတော်အချိန် ကုန်နေရပါလား။ တချို့များ အသေတွေလှဖို့ကြိုးစားရင်း ရှင်သန်နေတဲ့ နှလုံးသားတွေ ပုပ်သိုးလာလိုက်ကြတာ။ လောကကြီးလည်း အသိုးနံ့တွေ ပိုပို ထောင်းထောင်းထလာပြီ။
အောက်ပါစာပိုဒ်များသည် ကျွန်တော်ယုံကြည်သည့် ကျွန်တော်ရရှိသည့် ရတနာ ဖြစ်သည်။
စာဖတ်သူ အလိုရှိက ဖတ်ပါလေ။
ရှာဖွေတွေ့ရှိခဲ့သည့် ရတနာ တရားသဘောတခုလည်း လင်းလာသည်။ ခရစ်ယာန်တို့ရဲ့ သမ္မာ ကျမ်းစာအရ လူကိုဘုရားသခင်က ဖန်ဆင်းပြီး၊ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကို မစားဖို့မိန့်မှာခဲ့သည်။ စားသောနေ့တွင် ဧကန်အမှန်သေရမည်လို့လည်း သတိပေးခဲ့သည်။ သို့သော်လူသည် စားခဲ့သည်။ ယခု ကျွန်တော်နားလည်သည်က လူသည် တဖြည်းဖြည်းချင်းသေနေသော ရှင်သန်နေသည့် သတ္တဝါဖြစ်သည်။ ထိုအသီးကို အာဒံနှင့်ဧဝတို့ စားသုံးခဲ့သည့်နေ့မှစ ကာ လူများသည် တဖြည်းဖြည်းချင်းသေနေကာ ရှင်သန်ခဲ့ကြပါလား။ လူ၏အတွင်းအနက်ရှိုင်းဆုံး နေရာမှ ရှင်သန်မှုအမြုတေ ဝိညာဉ်ကို အပြင်အလွှာ အသေများက မကာကွယ် နိုင်တော့သည့်တနေ့ ထိုဝိညာဉ်မည်သို့သေဆုံးမည်နည်း။ သမ္မာကျမ်းစာအလိုအရ ထာဝရငရဲတည်းဟူသော ‘ဒဏ်စီရင်ရာသို့ ကျရောက်ကာ မဆုံးနိုင်သောအချိန်တွင်၊ မငြိမ်းနိုင်သောမီးအတွင် နေထိုင်ရမည်။ ဒါကို ခရစ်ယာန်တို့က ဒုတိယသေခြင်းဟု သမုတ်သည်။ အံဩစရာကောင်းစွာတွေ့ရှိခဲ့ရတာက အဲသည့်ဒုတိယသေခြင်းထဲမှ ရှင်သန်နိုင် ဖို့ကိုလည်း လူတို့သည် အသေတစ်ခုကို အကာအကွယ်ယူကြရ မည်ဖြစ်ကြောင်း ထိုကျမ်းစာတွင်တွေ့ရသည်။ သခင်ယေရှုခရစ်တော်ဟာ လူသားတွေ အပြစ်အတွက် အသေခံခဲ့သည်။ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုသို့ ယေရှုခရစ်တော်က မိမိအပြစ်အတွက်အသေခံခဲ့ခြင်းကို လက်ခံယုံကြည်လျှင် (ယေရှုခရစ်တော်၏သေခြင်းကို အကာအကွယ်ယူလျှင်) ထာဝရရှင်သန်ကြရမည်။ လူသည် သေခြင်းကို အကာအကွယ်ယူ၍ ရှင်သန်ဖို့ရန် ကမ္ဘာဦးမှ စပြီး ကျိမ်စာသင့်ခဲ့ပြီပဲ။
Comment #3
ဟာ ဘာတွေတုန်း.. ခေါင်းစဉ်ကြိုက်လို့ ဖွင့်လိုက်တာ.. ၁ လလောက် ဖတ်ရမယ် ထင်တယ်..
ကဗျာလား စကားပြေလား
Comment #1
သေခြင်းကိုအကာအကွယ်ယူပြီးရှင်သန်ခြင်းအကြောင်းတင်ပြပုံအရမ်းကောင်းပါတယ် မိတ်ဆွေကစာရေးဆရာလါ ဒါမှမဟုတ်ခရစ်ယာန်တရားဟောဆရာဖြစ်မယ်ထင်တယ် သေခြင်းကိုအကာအကွယ်ယူပြီးရှင်သန်ခြင်းကလူတမျိုးထဲဘယ်ကမလဲသက်ရှိသတ္တဝါအားလုံးနဲ့လဲဆိုင်တယ်လို့ထင်ပါတယ်