ပညာသာလျှင်
ဆရာဦးအောင်သင်း
ပညာ သမာ အာဘာနတ္ထိ ( ပညာနှင့်တူသော အလင်းရောင်သည် မရှိ )
ပညာ သမံ နတ္ထိမိတ္တံ ( ပညာနှင့်တူသော အဆွေခင်ပွန်း မရှိ )
စသော ဆောင်ပုဒ်များ ၊ အဆိုအမိန့် များကို ကျွန်တော်တို့  မြန်မာလူမျိုးတို့ သည် နှစ်နှစ်သက်သက် ရေရွတ်တတ်ကြပါသည်….။
မြတ်မြတ်နိုးနိုး ကိုးကွယ်တတ်ကြပါတယ်….။
သို့ သော်…..၊
ကျကျနန ကျင့်သုံးကြပါ၏လောဟု ကျွန်တော် မကြာခဏ သံသယ ဖြစ်မိပါသည်…။
ထိုမျှမက ပညာသင်ပေးသော ဆရာကို ဘုရား၊မိဘတို့ နှင့် တစ်ဂိုဏ်းတည်းဟူ၍ ကိုးကွယ်ရိုသေကြရသော အစဉ်အလာ ရှိသည်မှာ
(ကျွန်တော်သိသလောက်) ကျွန်တော်တို့  မြန်မာလူမျိုးတစ်မျိုးသာလျှင် ရှိသည်ဟု ထင်ပါသည်…။ ကိုယ်တိုင်လက်ပူးလက်ကြပ်
သင်ပေးသောဆရာကို မဆိုထားဘိ ၊မြင်ဆရာ ကြားဆရာတို့ ကိုသော်မှလည်း ရိုသေအပ်သည်…၊မပြစ်မှားအပ် ၊“ဆရာကာပြန်လို့ 
အာခေါင်လှံစူး “ဟူသော အဆုံးအမမျိုး အခြားလူမျိုးများတွင် ရှိမှရှိပါလေစ….။ ကျွန်တော်မကြာခဏ တွေးမိဖူးပါသည်…။
သို့ သော်……ကျွန်တော်တို့ လူမျိုးသည် ပညာ၏တန်ဖိုးရှိကြောင်း ဘာဘာညာညာ ဘယ်လောက်ကြီး ရေရွတ်နေကြစေကာမူ
ကြံစည်တွေးတောမှုကို ပြုလုပ်တတ်ကြပါ၏လော….၊ အားပေးတတ်ကြပါ၏လော..ဟုလည်း မကြာခဏ သုံးသပ်ကြည့်မိပါသည်။
ယခင့်ယခင်က ပညာကို အရူးအမူး မရှာခဲ့လျှင် ရှိစေတော့….။ ယခုအခါတွင်မူကား ပညာကို အရူးအမူးခုံခုံမင်မင်ကြီး ရှာသင့်ကြပြီ
ဖြစ်ကြောင်း တစ်မျိုးသားလုံး နိုးနိုးကြားကြား သတိရှိသင့်ကြပြီဟု ပြောချင်ပါသည်….။
ကျွန်တော်စာပေဟောပြောပွဲများတွင် အထပ်ထပ်ပြောခဲ့ဖူးပါသော်လည်း စာဖြင့်တစ်ခါမျှ မရေးခဲ့ဘူးသေးသော
အကြောင်းအရာတစ်ခုကို တင်ပြလိုက်ရပါဦးမည် ။ မဆန်းလှပါ…။ ရိုးရိုးကလေးသာ ဖြစ်ပါသည်….။
“လူနှင့်တိရစ္ဆာန် မည်သူက သာသနည်း“ဟု မေးလိုက်လျှင် လူကသာသည်ဟူသော အဖြေကို မူလတန်းကလေးများကအစ
အလွယ်တကူ ဖြေနိုင်ကြပါသည်…။သို့ သော် လူကတိရစ္ဆာန်ထက် နေရာတကာမှာသာသလား“ ဟု
နောက်တစ်ဆင့်မေးလိုက်လျှင်ကား (မူလတန်း ကလေးငယ်များပင်လျှင် ) ခေတ္တ ငိုင်သွားတတ်ပါသည်…။
ပြီးမှမဟုတ်ဘူး ဟူသောအဖြေကို ပေးတတ်ကြပါသည်…။
အကယ်စင်စစ် တိရစ္ဆာန်တွေက လူထက်သာသော နေရာပေါင်းများစွာ ရှိပါသည်…။
ထင်သာမြင်သာတွေကို ပြောရလျှင် လူသည် ဆင်လောက် ခွန်အားမကြီး ၊ မြင်းလောက်မြန်မြန်မပြေးနိုင် ၊
ငါးလောက်ရေမကူးတတ် ၊ ပျားတွေလောက် ညီညွတ်စွာ မနေတတ် ၊ ခွေးလောက် အနံ့ ခံမကောင်း ။
တိရစ္ဆာန်က လူထက်သာသော အချက်တွေ ပြောရလျှင် စာရင်းထိုး၍ ဆုံးနိုင်တော့မည် မဟုတ်…။
သို့ နှင့်လူက ဘယ်တိရစ္ဆာန်ထက်မဆို သာသောအချက်များကို စူးစူးစမ်းစမ်း လေ့လာကြည့်လိုက်သောအခါ
သုံးမျိုးသာရှိသည်ဟု ပညာရှင်များက ဆိုကြပါသည် ။ ထိုအချက်များမှာ…..
(၁) ကျိုးကြောင်း ဆင်ခြင်မှု ပညာရှိခြင်း ၊
(၂) ကိုယ်ကျင့်တရားရှိခြင်း ၊
(၃) အလှအပကို ခံစား ဖန်တီးတတ်ခြင်း တို့ ပင်ဖြစ်ပါသည်…။
ဤ သုံးချက်တွင်မူကား လူကို မည်သည့်တိရစ္ဆာန်မျှပင် လိုက်မမီတော့ဟု ဆိုပါသည်…။
တိရစ္ဆာန် ကြီးကြီးငယ်ငယ် ဟူသမျှကို လူက လွှမ်းမိုးအောင်နိုင်လာခဲ့သည်မှာ ထိုသုံးချက်အနက် မည်သည့်အချက်ကြောင့်နည်းဟု
ဆက်လက်စဉ်းစားလိုက်သောအခါ ကျိုးကြောင်းဆင်ခြင်မှုပညာရှိခြင်း ဟူသောအချက်ကို တွေ့ လိုက်မိပါသည်….။
ကျိုးကြောင်းပညာကြီးမားသောကြောင့် လူက ကိုယ့်ထက်ခွန်အားကြီးသောဆင်ကို ချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်…။
ကိုယ့်ထက်အပြေးမြန်သောမြင်းကို ခွစီးပြီး လိုရာခရီးရောက်အောင် နှင်သည်…။ ကိုယ့်ထက်ရေကူးကောင်းသောငါးကို
မျှားယူသည်…။ကွန်ပစ်ဖမ်းသည်။ ကိုယ့်ထက်စည်းလုံးမှုကောင်းသော ပျားကို ဖွပ်စားသည် ၊ မွေးစားသည် ၊
ယခုတော့ ဆင်ထက်ပင် ခွန်အားကြီးမားသော ဝေလငါးများ မျိုးတုံးကုန်မည်စိုးသောကြောင့်
တော်ကြပါတော့ ၊မဖမ်းကြပါနဲ့ တော့ ဟု လူအချင်းချင်း တောင်းပန်နေကြရပြီ…။
ကျွန်တော်ဆက်ပြီး စဉ်းစားမိသည်မှာ လူက ကျိုးကြောင်းပညာကြီးမားသောကြောင့် တိရစ္ဆာန်အားလုံးကို
လွှမ်းမိုးအနိုင်ယူခဲ့ပါသည် ဆိုလျှင် “လူအချင်းချင်းကော“ ဟူသောမေးခွန်းပင် ဖြစ်ပါသည်…။
သမိုင်းတစ်လျှောက်ကိုကြည့်လျှင် အလွန့် အလွန်ရှေးကျသော သမိုင်းဦးကာလတွင် ခွန်အားဗလကြီးသူက ငယ်သူကို
အနိုင်ယူတာမျိုး ၊ အုပ်စုကြီးက အုပ်စုငယ်ကို အနိုင်ယူတာမျိုး ရှိခဲ့သော်လည်း လူနေယဉ်ကျေးမှု မြင့်လာသည်နှင့်အမျှ
ပညာကြီးသူက
ပညာနည်းသူကို အနိုင်ယူလွှမ်းမိုးလာခဲ့သည်သာဖြစ်သည်…။
ကျွန်တော်တို့  မြန်မာလူမျိုးတွေ ကျွန်ဖြစ်ခဲ့ရသည်ကို မကြာခဏ ပြန်စဉ်းစားမိသည်…။ ဆရာမြသန်းတင့်၏
“တောင်သမန်ရွှေအင်းက လေညင်းဆော်တော့“ ကို ပြန်ဖတ်ရင်း “ငါတို့ ခေတ်သစ်သိပ္ပံပညာ မတတ်ခဲ့လို့ 
“ ဟူသော အတွေးမကြာခဏပေါ်ကာ ခံပြင်းစိတ်
တဖွားဖွား ဖြစ်ပေါ်မိပါသည်…။ သီပေါမင်း ပါတော်မူသွားပြီးနောက် မြန်မာ ၊ရှမ်း ၊ချင်း ၊ ကယား စသော ပြည်ထောင်စုသားများ
သူ့ ကျွန်မခံ တွန်းလှန်ခဲ့ကြပုံကို စိတ်အားထက်သန်စွာ ဖတ်ရသည်…။ သို့ သော်….ခေတ်သိပ္ပံပညာ အားနည်းမှုကြောင့်
နောက်ဆုံးတွင် ထိုအာဇာနည်များ အရေးနိမ့်ခဲ့ပုံကို ဖတ်လိုက်ရသောအခါတွင်လည်း ပညာ ဟူသော စကားလုံးကြီးက
ကျွန်တော့်ရင်ကို ထုနှက်နေပြန်ပါတော့သည်…။
လူတစ်ဦးချင်း ဘ၀မှာ ဖြစ်စေ ၊ လူမျိုးတစ်ရပ်အနေနှင့် ဖြစ်စေ ၊ နိုင်ငံတစ်ခု အနေနှင့် ဖြစ်စေ ပညာမြင့်မှသာလျှင်
အနေတင့်မည် ဖြစ်ပါသည်….။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက စာရေးဆရာမင်းဆွေက မြန်မာ့ဂီတကို အားပေးသော အနေနှင့် သွေးဟူသော ၀တ္ထုတွင်
“ဂီတသာလျှင် လူမျိုးသာမည် ။ ဂီတချာလျှင် လူမျိုးချာမည်“ ဟူသော ဆောင်ပုဒ်ကလေးကို ရေးသားကြွေးကြော်ခဲ့ဖူးပါသည်…။
ယခုအခါတွင်မူကား ပညာသာလျှင် လူမျိုးသာမည် ၊ ပညာချာလျှင် လူမျိုးချာမည် ဟု ကြွေးကြော်ရမည့် အချိန်သို့ ရောက်နေပြီဟု
အဆိုပြုလိုက်ရပါသည်…..။ ။
ရည်ညွှန်း ။ ။ ဆရာဦးအောင်သင်း