အတိတ်ခေတ် မြန်မာစာ
ဥပမာလျှင် ခရီးသည်တစ်ဦးသည် မိမိ၏ကျောဖက် ခရီးလမ်းကို ပြန်၍ကြည့်လိုက်လျှင် ခရီးလမ်းရှိ အလုံးစုံသော အာရုံဝတ္ထုတို့ကို ဂနစွာ မြင်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ခရီး၏ အကောက်အဖြောင့် အမြင့်အနိမ့်သဘောနှင့် ခရီးလမ်းရှိ တောင်အထွတ်ကဲ့သို့ မားမတ်သော အာရုံဝတ္ထုတို့ကိုကား တရုံးတစည်းတည်း သိမ်းကျုံး၍ မြင်နိုင်စရာအကြောင်း ရှိပါသည်။
ဤဆောင်းပါးတွင် ကျွန်ုပ်တို့သည် ပြန်၍ကြည့်သော ခရီးသည်ကဲ့သို့ မြန်မာစာကိုကြည့်ပါအံ့။ (မှတ်ရန်။ ။ ဤဆောင်းပါးတွင် “မြန်မာစာ” ဟူသော အသုံးစကားသည် ဘာဝဖြင့် သို့မဟုတ်၊ ရသဖြင့် တန်ဆာဆင်သော မြန်မာစာမျိုးကို ဆိုလိုရင်းဖြစ်ပါသည်။)
ခရီးအစဟူသည် ရေးရေးမှေးမှေးမျှသာ မြင်အပ်သော သဘောရှိသဖြင့်၊ မြန်မာစာ၏ အရင်းမူလကို ဥာဏ်မျက်စိဖြင့် ပြန်၍ ကြည့်ပါကလည်း ရေးရေးမှေးမှေးမျှသာဖြစ်မည်ကို သိရပေလိမ့်မည်။ သို့ရာတွင် ရေးရေးမှေးမှေး၏သဘောသည် မြင်သူကြည့်သူတို့၏ဥာဏ် ဆန်းကြယ်သလောက် အထူးထူးသော အဓိပ္ပာယ်အနက်တို့ဖြင့် ပြည့်စုံနိုင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့၊ အဘယ်ကြောင့်၊ အဘယ်နည်း စသော မေးခွန်းများကို ထုတ်ပါက မေးခွန်းထုတ်သူ၏ဥာဏ်ဆန်းကြယ်သလောက် အဖြေလည်း ဆန်းကြယ်ပေလိမ့်မည်။ ထို့ကြောင့် ခရီးအစရှိ မြန်မာစာသည် အထွေထွေ တွေးတောစရာပင်ဖြစ်တော့သည်။
ထို့နောက် သက္ကရာဇ် ၄၀၀ ကျော်လောက်မှစ၍ ရေးသားကြသော ပုဂံကျောက်စာ မြန်မာစကားပြေတို့သည် မြန်မာစာပေတွင် တောင်ထွတ်ပမာ မားမတ်ထင်ရှား၍ ပုဂံဂူဘုရားများကဲ့သို့ပင် ဆန်းကြယ်ခဲ့သည်ကို တွေ့ရသည်။ အနော်ရထာမင်းစော ထွန်းညှိတော်မူခဲ့သော ဗုဒ္ဓသာသနာ အလင်းရောင်ကြောင့် မြန်မာတို့သည် နတ်ရေကန်၌ ရေချိုးမိ၍ ချက်ချင်းပင် ၁၆ နှစ်အရွယ်သို့ရောက်လာသော ဒဏ္ဍာရီပါ မင်းသားငယ်ပမာ၊ တမုဟုတ်ချင်း အထက်တန်းကျသော ယဉ်ကျေးမှု၏ အရသာကို ခံစားကြရသည်။ ထိုသို့ ခံစားကြရသည့်နေ့မှစ၍ ပုဂံသားဥာဏ်ရှင်တို့သည် ဗုဒ္ဓဘာသာစာပေတို့ကို ဖတ်ရှုလေ့လာစ ပြုကြသည်။ ပစ္စည်းရှင်ဖြစ်ကြသော မင်းမှူးမတ် သူဌေး သူကြွယ် တို့သည် ဂူဘုရားတို့ကို ပြုကြသည်။ ထိုအခါ ဆင်းရဲသားတို့သည်လည်း ဥာဏ်ရှင် ပစ္စည်းရှင်တို့ကို တုပကြသည်။ ပုဂံသားတို့ပြုသမျှဖြစ်သော အရာအလုံးစုံသည် ဘုရားရှင်အတွက်ဖြစ်၍ ဘုရားရှင်၏ သြဝါဒဖြစ်သော ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးအတွက် ဖြစ်လာကြရသည်။ ထိုသို့သောခေတ်ထဲတွင် ပုဂံသား ပဌမစာရေးဆရာတို့သည် မိမိတို့၏ ဥာဏ်စွမ်း လက်စွမ်းကို အဘယ်နေရာ၌ အသုံးပြုကြ၍ အဘယ်ကဲ့သို့သော ဘာဝစိတ်ကို အလေးတမူ ပြုကာ ရေးသားကြမည်နည်း။
သတ္တဝါတို့ တံထွာ ချစ်ကြ၊ ရယ်ကြ၊ ငိုကြ၊ ပျက်စီးကြ၊ ဖွံ့ဖြိုးကြ၊ တိုက်ခိုက်ကြ စသော လောကီ ထုပ္ပတ် လူတို့ဇာတ် အဖြစ်အပျက်တို့သည်၎င်း၊ တောတောင် ရေမြေစသော သြကာသလောကသည်၎င်း၊ ပါဠိစာပေမှ ဇာတ်ဝတ္ထု အဆုံးအမတို့သည်၎င်း၊ ထိုထိုသော အကြောင်းတို့သည် ပုဂံသားစာရေးဆရာတို့၏ စာရေးလိုသောဆန္ဒကို မတိုက်တွန်းနိုင်ကြကုန်။ ထိုစာရေးဆရာတို့၏အာရုံသည် ဘုရားရှင်ကို သဒ္ဓါကြည်ညိုခြင်း၌သာ လွန်ကဲသည်းထန်နေကြသဖြင့် စာရေးလိုသောဆန္ဒကို တိုက်တွန်းနိုင်ကြကုန်သည်။ တနည်းအားဖြင့်ဆိုရသော် ပုဂံစာရေးဆရာတို့၏ ဘာဝစိတ်ဖြစ်ပေါ်ရာ ဝိဘာဝတို့သည် အုတ်မြို့ရိုးရံသော ပုဂံထီးနန်းမဟုတ်။ နေပြည်တော်တဝိုက်ရှိ ကျောင်း ပြသာဒ် ကုဋီ တို့ဖြင့် တင့်တယ်သော အရပ်ဖြစ်သည်။ ထိုစာရေးဆရာတို့၏ သဘောသည် မိမိတို့အိမ်၌ တွေးတောကြံစည်၍ ရေးကြသော သဘောမဟုတ်၊ ဘုရားတဆူမှ တဆူသို့ လှည့်လည်၍ အလှူရှင်များနှင့် ရယ်ကာမောကာ၊ ဂူဘုရားများကို ဖူးမျှော်ကာ၊ လှူဖွယ်ဝတ္ထုများကို သာဓုအနုမောဒနာခေါ်ကာ ရေးကြသော သဘောကဲ့သို့ ဖြစ်သည်ဟု ဆိုချင်သည်။
ထိုသူတို့ရေးသားသော ကျောက်စာများသည် အလုံးစုံသော ပုဂံပြည်သားတို့၏ သဒ္ဓါစေတနာတို့ကို၎င်း၊ ထိုခေတ်က အလေ့အထများတို့ကို၎င်း ဖော်ပြသောစာများဖြစ်ကြသည်။ ဝါကျအထားအသို စကားအသုံးအနှုန်းအချို့သည် မြန်မာစကားပြေအရေးအသားတွင် စံတင်လောက်သောစာများ ဖြစ်လာကြသည်။ ထို့ပြင် ကြည်ညိုခြင်း၊ ငြိမ်သက်ခြင်းဖြစ်သော ဟရိဘာဝ၊ သမဘာဝတို့နှင့် ပြည့်စုံလှသဖြင့် မြန်မာစာပေသမိုင်းတွင် ခန့်ညားလှသော စာတမျိုးဟု ယူဆထိုက်ပေသည်။
ပုဂံခေတ် မြန်မာစကားပြေတို့ကို ကျော်လွန်လာခဲ့ပြီးသည့်နောက် နောက်ထပ်တကြိမ် တောင်ထွတ်ကဲ့သို့ ထင်ရှားသော မြန်မာစာပေကို သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်တွင် တွေ့နိုင်ပြန်သည်။ သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်သို့ ရောက်လာသောအခါ စာရေးဆရာတို့၏ဘာဝဖြစ်ပေါ်ရာ အကြောင်းဖြစ်သော ဝိဘာဝတို့သည် များပြားကျယ်ပြန့်လာသည်။ ထို့ပြင် ထိုခေတ်က စာရေးဆရာတို့သည် အများအားဖြင့် မိမိတို့၏ဘာဝကို ထုတ်ဖော်ရေးသားရာတွင် သုတိသာသည်ထက်သာအောင် ကဗျာ ကာရန်တို့ကို အမြောက်အမြား သုံးစွဲလာကြသဖြင့် ပုဂံခေတ်တွင် ထင်ရှားခဲ့သောစကားပြေ အရေးအသားမျိုးသည်၊ နည်းပါးသွားလေသည်။ ထို့ပြင် ထူးခြားသောအချက်တခုမှာ ပညာရှိတို့သည် ထိုခေတ်တွင် ဇာတကဝတ္ထုတို့ကို ကဗျာဖွဲ့လာကြသဖြင့် ဇာတကဝတ္ထုတို့သည် ယခင်ကထက်ပို၍ ထင်ရှားကျော်စောလာကြသည်။
ထိုခေတ်တွင် ပညာရှိတို့သည် ဗုဒ္ဓစာပေကို လေ့လာကြပြီးလျှင် လူသတ္တဝါတို့သည် ပစ္စုပ္ပန်သံသရာအတွက် မည်သို့ ကျင့်သင့် ကြံသင့်သည်တို့၌ စိတ်ဝင်စား၍ ဇာတကနိပါတ်များနှင့် ဗုဒ္ဓဝင်ကျမ်းများတို့ကို အမှီပြုကာ ရေးသားကြသည်။ ထိုပုဂ္ဂိုလ်တို့၏စာများသည် နေပြည်တော်၌ ကျော်စောကြသည်။ ရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရ ကိုးခန်းပျို့၊ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့၊ ရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့စသည်တို့သည် ရှင်ရှင်လူလူ ဖတ်ရှုလေ့လာကြသော စာများဖြစ်ကြတန်ရာသည်။ မြန်မာတို့၏ လေးလုံးစပ်ကာရန် အသုံးသည်လည်း သုတိသာယာခြင်းနှင့် ပြည့်စုံလာသည်။
ထို့ပြင် ပညာရှိတို့သည် ရေမြေ တောတောင် တင့်တယ်ဟန်တို့၌ ကသိုဏ်းစိတ်ဖြင့်၎င်း၊ သမညစိတ်ဖြင့်၎င်း ဝင်စား၍ နှစ်သက်မှုရခြင်း၊ စစ်အောင်၍ ရွှင်ပျော်ခြင်း၊ ရေမြေ့ရှင်၏ ဘုန်းဂုဏ်ကို ချီးကျူးခြင်း၊ ယောက်ျား မိန်းမတို့ မေတ္တာသက်ဝင်၍ လွမ်းဆွတ်ပူဆွေးခြင်း စသည်တို့ကိုလည်း ကဗျာဖွဲ့ဆို ရေးသားလာကြသည်။ ရှင်ဥတ္တမကျော်၏ တောလားရတုများ၊ နဝဒေး၊ နတ်သျှင်နောင်တို့၏ ဘုန်းတော်ဘွဲ့၊ မယ်မောင်ဘွဲ့၊ ဘုရားတိုင်ဘွဲ့ ရတုများ၊ ရှင်သူရဲနှင့် လှော်ကားသုံးထောင်မှူးတို့၏ ဧချင်းများ၊ ရှင်မဟာရဋ္ဌသာရနှင့် ရှင်မဟာသီလဝံသတို့၏ မော်ကွန်းများတို့သည် ထင်ရှားကြသည်။
ထိုကဗျာတို့သည် ထိုသက္ကရာဇ်အတွင်း မြန်မာနိုင်ငံ နန်းတော်၊ အိမ်တော်၊ နေပြည်တော်များ၌ အနှံ့အပြား ကျော်စောကြသဖြင့် မြန်မာစာသည် ပဌမအကြိမ် မြန်မာလူမျိုးတမျိုးလုံး၏ သင်းသီးပိုင် ပစ္စည်းတရပ်ဖြစ်ထိုက်သော အခြေအနေသို့ ရောက်လာပြီဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံသမိုင်းဖက်ကနေ၍ကြည့်လျှင် ထိုခေတ်က မြန်မာစာသည် မြန်မာနိုင်ငံခိုင်ခံ့အောင် ပြုစွမ်းနိုင်သော အားတပါးဖြစ်ခဲ့သည်။ မြန်မာစာပေသမိုင်းဖက်ကနေ၍ကြည့်လျှင် နောင်ဖြစ်ပေါ်လတ္တံ့သော မြန်မာတို့၏ အမှီသတဲ တကဲဖြစ်နိုင်လောက်အောင် ကြွယ်ဝသော စကားအသုံ၊ သုတိသာသော ကဗျာဗန္ဓ၊ ဆန်းပြားသော အလင်္ကာနည်းအမျိုးမျိုးတို့နှင့် ပြည့်စုံလာကြသည်။ ထို့ပြင် စာဖွဲ့သောအကြောင်းအရာ အဖြစ်အပျက်များသည်လည်း မြန်မာစာဟု တခမ်းတနား ခေါ်နိုင်လောက်အောင် နှံ့စပ်ကျယ်ဝန်းလာကြသည်။ ထို့ကြောင့် ထိုခေတ်က မြန်မာစာသည် စံတင်လောက်အောင် ဖြစ်လာရပေသည်။
ဆိုခဲ့သော ပုဂံခေတ်ကျောက်စာနှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က စာများကိုသာလျှင် မြန်မာစာပေသမိုင်း၌ တောင်ထွတ်ပမာ ထင်ရှားစွာ မြင်နိုင်သောစာများဟု ယူဆမိတော့သည်။ ယခုထက်တိုင် အများအပြားရေးသားနေကြသော မြန်မာစာသည် တောင်အထွတ်တို့နှင့် တူသည်ဟုဆိုခဲ့သော မြန်မာစာတို့၏အရိပ်ကို ခိုလှုံလျက်သာ ရှိကြပေသေးသည်။ ဥပမာ တမျိုးထပ်၍ ပြရမည်ဆိုလျှင် ပုဂံခေတ်ကျောက်စာနှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က စာများသည် အိုင်ကြီးများနှင့် တူကြသည်။ ယခု (၁၉၃၀ ကျော်) ထက်တိုင် ရေးသားနေကြသော မြန်မာစာသည် ထိုအိုင်ကြီးများမှ စီးဆင်းလျက် နေသော ရေအလျဉ်နှင့် တူသည်။
ညောင်ရမ်းဆက်၊ ကုန်းဘောင်ဆက်ခေတ်များ၌ စာအမြောက်အမြား ရှိကြပါ၏။ သို့ရာတွင် ထိုစာတို့သည် ဆိုခဲ့သော မြန်မာစာနှစ်ခန်း၏ သဘောနှင့် မကင်းကြချေ။ ဝန်ကြီးပဒေသရာဇာ ရေးသောပျို့တို့တွင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ဝတ္ထုမှအပ အခြားသော ဝတ္ထုသွားများကို သုံးခဲ့သဖြင့် ထူးပါ၏။ နတ်သံအဲချင်းများလည်း ထူးလာကြပါ၏။ တျာချင်းများလည်း ထူးလာကြပါ၏။ သို့ရာတွင် ထိုဝန်ကြီးတဦးတည်း၏ အသံသာရှိသဖြင့် ထိုခေတ်ကစာများကို တောင်ထွတ်ကဲ့သို့ မားမတ်ထင်ရှားသည်ဟု မဆိုသာချေ။ ထို့နောက် ဦးကြင်ဥ၏ ဒေဝကုမ္ဘန်ပြဇာတ်လည်း ထူးခြားလာပါ၏။ သို့ရာတွင် အားနည်းလှသဖြင့် ကြီးကျယ်သည်ဟု မဆိုသာချေ။ ဦးတိုး၏ ရာမရကန်၊ ဦးစ၏ အီနောင်ဇာတ်တို့သည် ဘာသာပြန်ကဗျာနှင့် ဇာတ်တို့သာဖြစ်ကြ၏။ ဦးပုည၏ မေတ္တာစာများလည်း ထူးကြပါ၏။ သို့ရာတွင် လောကသဘာဝ၊ လူ့သဘာဝတို့ကို ပြရာတွင် နယ်ကျဉ်းလှသေး၏။ သံဆန်းဖြစ်ကြသော တေးထပ်သံ၊ ဘောလည်သံတို့သည်လည်း ထူးကြပါ၏။ သို့ရာတွင် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က ချစ်မှု၊ ကြိုက်မှု လွမ်းဆွတ်မှုနှင့် စပ်လျဉ်း၍ ဖွဲ့လေ့ရှိသော သဘောမျိုးနှင့် မကင်းချေ။ ဦးမျှင်၊ ဦးကျော်လှတို့၏ သံချိုများလည်း လောကကို မြင်ပုံတွင် ထူးလာကြပါ၏။ သို့ရာတွင် အားနည်းလှသဖြင့်၊ ကြီးကျယ်သည်ဟု မဆိုသာချေ။ အတိုချုပ်၍ ဆိုရလျှင် ညောင်ရမ်းဆက်၊ ကုန်းဘောင်ဆက်မှစ၍ ယခုတိုင် အများအပြား ရေးသားကြသော မြန်မာစာသည် ပုဂံခေတ်က ကျောက်စာများကဲ့သို့၎င်း၊ သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က စာများကဲ့သို့၎င်း၊ သဘောသစ် အမြင်သစ်တို့ကို တစုတရုံးတည်း မဖော်ပြနိုင်ခဲ့ဟု၎င်း၊ သဘောသစ် အမြင်သစ်ပြသော စာများကလည်း သဘောဟောင်း အမြင်ဟောင်းများကို ထပ်မံဖော်ပြသော စာများသာလျှင်ဖြစ်ကြသည်ဟု၎င်း ယူပါသည်။
ဆိုခဲ့သောစကားရပ်တို့ကိုချုပ်ဆိုပါအံ့။ (၁) ပုဂံခေတ်က စာရေးဆရာတို့သည် မိမိတို့၏ဘာဝစိတ်ကို စကားပြေဖြင့် အများအပြားရေးသားကြ၏။ ထိုသူတို့၏ ဘာဝစိတ်ဖြစ်ပေါ်ကြောင်းဖြစ်သော ဝိဘာဝတို့သည် ဂူဘုရား၊ ကျောင်း၊ ဇရပ်နှင့် ရတနာသုံးပါးတို့ ကိစ္စများ ဖြစ်ကြသည်။ (၂) သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော် ခေတ်က စာရေးဆရာတို့သည် မိမိတို့၏ ဘာဝစိတ်ကို သုတိသာသော ကဗျာကာရန်တို့ဖြင့် အများအပြားရေးသားကြ၏။ ထိုသူတို့၏ ဘာဝစိတ်ဖြစ်ပေါ်ကြောင်းဖြစ်သော ဝိဘာဝတို့သည် သုတ် ပိဋက၊ အဘိဓမ္မာ ပိဋက ဖြစ်ကြသည်။ တောတောင်ရေမြေတို့၏ တင့်တယ်ဟန်များ ဖြစ်ကြသည်။ ယောက်ျား မိန်းမတို့၏ မေတ္တာသက်ဝင်မှုများဖြစ်ကြသည်။ မင်း မှူးမတ် နှင့် ထီးနန်းများအကြောင်း ဖြစ်ကြသည်။
မြန်မာစာပေသမိုင်းကို လေ့လာသူတိုင်းသည် ဆိုခဲ့သော ပုဂံခေတ် ကျောက်စာများနှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်ကစာတို့၏ သိမ်မွေ့ပုံ၊ ခန့်ညားပုံတို့ကို သိကြပေလိမ့်မည်။ ဤဆောင်းပါးတွင် အချို့သော သဘောတရားများကို၎င်း၊ ထင်ရှားသော စာတို့၏အကြောင်းကို၎င်း၊ အကြောင်းမည်ရုံမျှသာဆိုခဲ့သဖြင့် ဥာဏ်ရှင်များ ကျက်စားစရာ ကျန်ရှိသေးကြောင်း သတိမူအပ်ပါသည်။
ဂန္ထလောက ၁၉၃၄
ဆရာဇော်ဂျီ
ရသစာပေ အဖွင့်နှင့်နိဒါန်း စာအုပ်မှ ကောက်နှုတ်သည်။