ရေကြည်ရာ… မြက်နုရာ…
လောကမှာ ပြောင်းလဲခြင်းမှတစ်ပါး တည်မြဲသောအရာမရှိတဲ့။
ငယ်ငယ်တုန်းက မိဘအရိပ်အောက်မှာ နွေးထွေးတဲ့မေတ္တာရပ်အောက်မှာ ခုံလှုံရင်း ဘ၀ကိုစတင်ခဲ့တယ်။
ဒါပေမယ့်….
လူ့လောကမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ခွင့်မရှိသလို၊ ကိုယ်မဖြစ်ချင်တာတွေလဲ ဖြစ်ရတတ်တယ်။
ချစ်ခင်သူတွေနဲ့ ကင်းကွာရတဲ့ ဒုက္ခဆိုတာ မလွှဲမရှောင်သာကြုံရတတ်သလို ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့
ဘ၀ရဲ့ပြဌာန်းချက်ကရှိတယ်လေ။ ကိုယ်ချစ်ခင်တဲ့ အမိမြေ၊ ကိုယ်တွယ်တာတဲ့ မိသားစုအသိုင်းအ၀ိုင်း၊ ကိုယ်သံယောဇဉ်ရှိတဲ့
အပေါင်းအသင်းတွေကို ကျောခိုင်းပြီး ရေကြည်ရာမြက်နုရာကို ထွက်သွားကြရတဲ့ သူတွေရဲ့ အိမ်အလွမ်းဟာလဲ
မျက်ရည်ဝဲစရာပါ။
ကိုယ့်ဘ၀ရည်မှန်းချက် အောင်မြင်ကြောင်း၊ ကိုယ့်ဘ၀တိုးတက်ဖို့၊ စိမ်းလန်းတဲ့အနာဂတ်အတွက်
တစ်ပြည်တစ်မြေကိုထွက်ခွါခဲ့ကြရလေတဲ့ အားမာန်သတ္တိကို ချီးကျူးကြမယ့်သူတွေ မြောက်များစွာရှိကြပေမယ့်….
ကွဲအက်နေတဲ့ သူတို့ရဲ့ နှလုံးတွေကို ခံစားနိုင်တဲ့သူဆိုတာ နည်းပါးပါလိမ့်မယ်။
အနေမပျော် အနေတော်တာကြောင့် ကာလတစ်ပိုင်း အိမ်နဲ့ခွဲခဲ့ရတဲ့သူတွေဟာ
မိုးကုတ်စက်ဝိုင်းအထိ ရင်ကော့ပျံသွားတဲ့ ငှက်လေးတွေလိုပါပဲ။
တကယ်တော့ တချို့က မိုးကုပ်စက်ဝိုင်းထိ ရွေးချယ်ပျံသန်းသူတွေဖြစ်သလို၊
တချို့က အိမ်ခင်သူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူ့အသိနဲ့ သူ့အခြေအနေအရ သူ့လမ်းသူ ရွေးချယ်ကြတာမဟုတ်လား။
အိမ်ပစ်သူပဲဖြစ်ဖြစ်၊ အိမ်ချစ်သူပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ်ကျေဖို့ပဲလိုပါတယ်။
ဒါဆိုရင် ရွှေအိုရောင်အိပ်မက်တွေနဲ့ လတ်ဆတ်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်ကြမှာ မလွဲဧကန်ပါပဲ။