တွေ့ကြုံခဲ့တဲ့ တခဏတာ
ခေတ်ကာလက မော်ဒန်ခေတ်ဖြစ်လို့ ကျနော်တို့ အတွေးအခေါ်တွေဟာ ပွင့်လင်းရာသီကို ရောက်ခဲ့ပါပြီ။ ဒီလို ပွင့်လင်းရာသီဖြစ်တဲ့ ကျနော်တို့ ဘဝလောကဓံ ကိုယ်တိုင် ဖြတ်သန်းခဲ့ကြတဲ့ အတွေးအခေါ် အသိပညာတွေကို ပြောပြဖို့လိုအပ်လာပါပြီ။ အခုလိုအခါမျိုးမှာ ကျနော်တို့ မပြောခဲ့ဘူးဆိုရင် ကျနော်တို့ နောင်တတွေရလိမ့်မယ်။ နောက်ပြီ နိုင်ငံခြားမှာ နေထိုင်ရတဲ့ အလုပ်သမားတွေ ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ အနီးကပ်ဆုံး ထိုင်းနိုင်ငံမှာ ဘဝအတွက် ရုန်းကန်ရင်း အလုပ်လုပ်နေရတဲ့ မြန်မာပြည်သူတွေကို ကြည့်လိုက်ပါ။ သူတို့ထဲမှာ အထက်တန်း အလုပ်သမား၊ အလယ်အလတ်တန်း အလုပ်သမား၊ အခြေခံ အလုပ်သမား၊ ပညာသင် ကျောင်းသားတွေ၊ ပညာရှင်တွေ စသည် အသိုင်းဝိုင်းများစွာရှိကြပါတယ်။ သို့သော် အဲဒီထဲမှာ အလယ်အလတ်တန်း အလုပ်သမားများနဲ့ အခြေခံ အလုပ်သမား အများဆုံး ကြုံတွေ့နေတဲ့ ဘဝပြဿနာက တော်တော်လေး ရင်နာစရာကောင်းလှပါတယ်။ ကိုယ့်မြေ မဟုတ်တဲ့ ထိုင်းလို နိုင်ငံတစ်ခုမှာ အလုပ်လုပ်ကြရတဲ့ သူတို့ဟာ လုပ်အားခ အဆင့်ဆင့်လိုက်ရကြပေမဲ့ တစ်ခါတရံ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေ ဆိုင်မှာ သွားတဲ့အခါမျိုး၊ ခရီးသွားလာတဲ့အခါမျိုး စသည် လူသူကင်းသောအရပ်သို့ ရောက်သောအခါမျိုးတွေမှာ ထိုင်းရဲတွေက အနိုင်ကျင့်တာမျိုးတွေ ရှိကြပါတယ်။ ဒီလိုအဖြစ်ပျက်မျိုးတွေကို ခံစားနေရတဲ့ သူတွေအတွက် လုပ်သမျှငွေတွေ အိမ်ပြန်မပို့နိုင်သလိုဖြစ်ပြီး ဒီလိုဖြစ်နေရတာ နှစ်တွေတော်တော် ကြာခဲ့ပါပြီ။ ပြီးတော့ ထိုင်းနယ်စပ်၊ နယ်မြို့လေတွေမှာ အလုပ်ကြိုးစားပြီး ငွေရှာနေကြရတဲ့ သူတွေလည်း အဲဒီလို အဖြစ်မျိုးတွေ တကယ် ကြုံတွေ့ရတာ အမှန်ပင်ဖြစ်သည်။ တစ်ခါတရံ အချိန်အခါမရှိ သူတွေနေတဲ့ အိမ်အထိဝင်လာပြီး သူဋ္ဌေးနဲ့ပေါင်းပြီး အလုပ်သမားတွေဆီက ငွေတောင်းတာတွေလည်း ရှိပြန်သေးတယ်။
၂၀၁၀ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၁ ရောက်လာတဲ့ တံခူးလဆန်းသော နေ့တနေ့ စာရေးသူ သူငယ်ချင်းနဲ့ ဘန်ကောက်မှ ရနှောင်းတဖက်ကမ်းက နယ်မြို့ကလေးကို တက္ကစီကားလေးနဲ့ ရောက်ခဲ့ဖူးတယ်။ စာရေးသူနဲ့ သူငယ်ချင်းတို့ ရောက်လာတဲ့ အဲဒီမြို့ကလေးမှာ အမှတ်မထင် ကြုံတွေလိုက်ရတဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် စာရေးသူတို့ ရပ်ထားတဲ့ တက္ကစီကားလေးရဲ့ အရှေ့က စားသောက်ကုန်ရောင်းတဲ့ ဆိုင်အရှေ့မှာ မြန်မာလူငယ်တသိုက်ကို ထိုင်းရဲတွေက မေးမြန်းစစ်ဆေးနေသည်ကို သူငယ်ချင်းက စာရေးသူကို လှမ်းပြောလိုက်ပါတယ်။ စာရေးသူလည်း သူငယ်ချင်း ပြောနေသည့် နေရာလေးကို လှမ်းကြည့်မိပါတယ်။ အဲဒီအချိန်မှာ စာရေးသူကိုယ်တိုင် မနေနိုင်တော့လို့ ထိုင်းရဲနဲ့မြန်မာလူငယ်တို့ဆီ ခြေလှမ်းသွားခဲ့တယ်။
ဘာဖြစ်လည်းဆိုတော့ ဖြစ်ရပ်မှန်ကို သိချင်လို့ဆိုပြီသွားလိုက်တော့ ဟိုရောက်တော့ မြန်မာလူငယ်တွေက စာရေးသူကို ပြောပြပါတယ်။ ဒီလိုပါ ကျနော်တို့ သူတို့နိုင်ငံမှာ တရားဝင် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေပါ။ ကျနော်တို့ သူတို့ကို သေချာပြောပြပါတယ်။ ပြီးတော့ ကျနော်တို့ အလုပ်ဆိုင်တဲ့ စာရွက် စာတန်းတွေလည်း သူတို့ကို ပြပါတယ်။ ဒါပေမဲ့ သူတို့က ကျနော်တို့ဆီက ငွေတောင်းနေတယ်။ သူတို့ကို သူတို့ တောင်းတဲ့ ငွေမပေးရင်လည်း အချုပ်ခန်းထဲတည့်မယ် ပြောနေတယ်။ နောက်ပြီ ကျနော် သူငယ်ချင်းကိုလည်း လက်သီးနဲ့ ထိုးလိုက်ပါတယ်လို့ စာရေးသူကို အလုပ်သမားမြန်မာ လူငယ်တွေက ပြောပြပါတယ်။
ဒီတော့ စာရေးသူက သူတို့ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ၊ ပြီးတော့ အရင်ကလည်း ဒီလိုပဲ သူတို့လုပ်နေကြတာလားလို့ မေးလိုက်တော့။ လူငယ်တယောက် ပြောပြပါတယ်။ အရင်ကလည်း ဒီလိုပဲ သူတို့ ကျနော်တို့ဆီက ငွေတောင်းတာ ခဏခဏ ခံနေရတာပါ။ ဒီတခါတော့ ကျနော်တို့ သူတို့ တောင်းတဲ့ ငွေမပေးနိုင်တော့ဘူးလို့ စာရေးသူကို ပြောပြပါတယ်။ ကဲ ညီလေးတို့ကို ကူညီပါမယ်ဆိုပြီး စာရေးသူက ထိုင်းရဲတွေကို ပြောလိုက်ပါတယ်။ ထိုင်းရဲတွေက မင်းက ဘယ်ကလည်း စသည် မေးခွန်းများစွာ မေးနေပါတယ်။ စာရေးသူလည်း မေးလာတဲ့ ထိုင်းရဲတွေကို ကောင်းကောင်း ပြန်ဖြေပေးလိုက်ပါတယ်။ ကျနော်က ကျောင်းသားပါ။ ထိုင်းကို လာလည်တာပါ။ ပြီးတော့ ဒီကရင် ကျနော် ကျောင်းတက်တဲ့ နိုင်ငံကို သွားမှာပါလို့ ပြန်ဖြေလိုက်ပါတယ်။
အဲဒီအချိန်မှာ စာရေးသူရဲ့ လေယာဉ်လက်မှတ်၊ ပတ်စ်ပို့ စသည်တို့ကို စစ်ဆေးပြန်တယ်။ စာရေးသူလည်း ထိုင်းရဲတွေကို ကောင်းကောင်းပြခဲ့ပါတယ်။ နောက်ပိုင်းရောက်တော့ စာရေးသူရဲ့ အကြောင်းအရာများ သိရှိလို့ သူတို့ဘာမှ မပြောကြပါဘူး။ သို့သော် သူတို့က ပြောတယ် မင်း ကိစ္စမဟုတ်တာ ဝင်မပါနဲ့လို့ ပြောလာပါတယ်။ ဒီတော့ စာရေးသူက ပြန်ပြောခဲ့တယ်။ ဒီက လူတွေက ငါတို့ နိုင်ငံသားတွေပါ ငါတို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် မင်းတို့ကို ငါ ဝင်ပြောနေတာပါ။ တခြားကိစ္စတော့ မရှိပါဘူး သူတို့ကို လွှတ်ပေးလိုက်ပါ။ လူသားချင်းအတူတူပါပဲ အနိုင်ကျင့် ငွေယူတာမျိုး မကောင်းပါဘူးလို့ အေးအေးဆေးဆေး ပြောပြလိုက်တဲ့ အချိန်မှာ သူတို့ စိတ်ဆိုးဟန်နဲ့ ဒေါသသံရောစပ်ကာ မင်း ကိစ္စမဟုတ်ဘူးလို့ စတင်တိုက်ခိုက်သော စကားများ သူတို့ဆီမှ ကြားလိုက်ပါတယ်။ နောက်ဆုံး စကား အဆင်မပြေတော့ စာရေးသူ ကိုယ်တိုင် လူငယ်တွေအစား အိတ်ထဲမှာရှိတဲ့ ဘတ် (၃၀၀၀) ကို သူတို့ကို ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ လူငယ်တွေဆီ တောင်းခံတဲ့ ငွေကြေးက ဘတ်(၅၀၀၀) ဖြစ်ပါတယ်။ သို့သော် စာရေးသူက ရှင်းပြလိုက်ပါတယ်။ ဖြစ်နိုင်သလောက်တော့ ဒီလူငယ်တွေအစား ငါပေးပါမယ် မင်းတို့ သူတို့ကို လွှတ်ပေးလိုက်ပါလို့ ပြောလိုက်တော့ သူတို့ သဘောတူသဖြင့် ဘတ် (၃၀၀၀) ပေးပြီး လူငယ်တွေကို လွှတ်ပေးလိုက်ပါတယ်။
နောက်ပိုင်း စာရေးသူက လူငယ်တွေနေတဲ့ နေရာကို အလည်ရောက်ခဲ့ပါတယ်။ လူငယ်တွေ နေရာကို ရောက်တော့ သူတို့နဲ့ အတူနေထိုင်တဲ့ အလုပ်ဖော်တွေကို မေးကြည့်ပြန်တယ်။ အဲဒီက လူငယ် အလုပ်သမားတွေ ပြောတဲ့ သူတို့ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေကို ကြားရပြန်တော့ တကယ်ကို စိတ်မကောင်းဖြစ်မိပြန်တယ်။ အဲဒီမှာ မြန်မာ ၄၀ ကျော် ၅၀ ပတ်ဝန်းကျင်လောက် အလုပ်လုပ်ကိုင်ကြတာ တွေ့ခဲ့ပါတယ်။
ထို့အပြင် အခြားသော မြို့တွေမှာလည်း ဒီလိုဖြစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ ပြောပြလို့ သိခဲ့ဖူးသလို အလုပ်လုပ်နေကြတဲ့ သူတွေဆီက တဆင့်စကားလည်း ကြားခဲ့ဖူးပါတယ်။ ဒါကြောင့် စာရေးသူအနေနဲ့ ထိုင်းမှာ အလုပ် လုပ်ကိုင်နေကြတဲ့ သူတွေအတွက် အခွင့်ရေး ရလာကြတဲ့ အခိုက်အတန့် အကြံပြုချင်ပါတယ်။ ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမားတွေဆီမှာ သူတို့ဖြတ်သန်းလာတဲ့ အလုပ်နဲ့ ထိုင်းအခြေနေတွေကို မေးမြန်းပြီ ထိုင်းအစိုးရကို တင်ပြနိုင်တဲ့သူ ရှိနေတုန်း အလုပ်သမားအခွင့်ရေးကို တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့တွေကို အနိုင်ကျင့်ပြီး ငွေတောင်းခံနေတဲ့ သူတွေ ထိုင်းမှာ များလာပြီ ကိုယ် ကိုယ်တိုင်စုဆောင်းထားတဲ့ ငွေမှန်သမျှ ဘာမှ အရာမထင်ဖြစ်မည် အမှန်ပင်ဖြစ်သည်။
ဒါတွေကို စာရေးသူအနေနဲ့ တင်ပြ အကြံပြုခြင်းသာ ဖြစ်ပါတယ်။ တကယ် ခံစားရတဲ့ အလုပ်သမားတွေ ကိုယ်တိုင် ဒါတွေကို အသိဆုံးဖြစ်မယ်ဆိုတာ သေခြာပါတယ်။ စာရေးသူအနေနဲ့လည်း အလုပ်သမားတွေကို တကယ် အလုပ်သမား အခွင့်ရေးကို ရစေချင်တယ်။ လုပ်ငန်းရှိပြီး လုပ်ပိုင်ခွင့် အခွင့်ရေးမှန်သမျှ ရခဲ့ပါရဲ့ အဓမ္မငွေတောင်းနေတဲ့ ရဲတွေရဲ့ လုပ်ရပ်တွေကို သူတို့ အစိုးရက မသိခဲ့လို့လားဆိုပြီ စာရေးသူကိုယ်တိုင် အလုပ်သမားတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခွင့်ရေးရတုန်း အစည်းဝေးတက်နေတဲ့ အမေစုကို အသိပေးပြီး အလုပ်သမားတွေအတွက် အကောင်းဆုံး အလုပ်သမားအခွင့်ရေးနဲ့ ထိုင်းက ရဲတွေရဲ့ ဖြစ်ရပ်မှန်ကို သူတို့ အစိုးရ သိအောင် တင်ပြစေချင်ပါတယ်လို့ အကြံပြုစာလေး ရေးသားလိုက်ပါတယ်။
တက္ကသိုလ်မြတ်မင်း