စာရေးသားသူဆိုသည်မှာ
ထရီဆာတို့ လူတိုင်းမှာ ၀ါသနာ ဆိုတာ ရှိကြပါတယ်…။ စာရေးတာကို ၀ါသနာပါတယ်၊ ဒါရိုက်တာလုပ်ရတာကို ၀ါသနာပါတယ်၊ သရုပ်ဆောင်လုပ်ရတာကို ၀ါသနာပါတယ်၊ သီချင်းဆိုရတာကို ၀ါသနာပါတယ် …. စသည်ဖြင့် စသည်ဖြင့် အမျိုးမျိုးသော ၀ါသနာတွေပေါ့…။ ၀ါသနာတိုင်းကို လူတိုင်းက လေးစားရမယ် လို့ ထရီဆာကတော့ မှတ်ယူထားတာပါ။ ဘာကြောင့်လဲဆိုတော့ နာ (၃) နာက စပြောရမှာပေါ့ .. ထရီဆာတို့ နာ (၃) နာဆိုတာကို အလုပ်တိုင်း အလုပ်တိုင်းမှာ ရင်းနှီးကြရမှာပါ..။ စေတနာ၊ ၀ါသနာ ရယ်နဲ့ အနစ်နာပါ .. ဒါတွေက တကယ်ကို လိုအပ်တဲ့ အရာတွေပါ..။ အလုပ် ၁ ခုမှာ ဒီ နာ(၃)နာကို အခြေမခံရင် အောင်မြင်လာမှာ မဟုတ်သလို ရေရှည်တည်တံ့ မနေနိုင်ပါဘူး..။ ဒီနေရာမှာ အောင်မြင်တယ်ဆိုလို့ လူတိုင်း လူတိုင်းကတော့ သူ့အတိုင်းအတာနဲ့ သူ အောင်မြင်ချင်ကြသူတွေပါပဲ .. စာရေးသူ ထရီဆာ ကိုယ်တိုင် အပါအ၀င်ပေါ့ ..။ လျော်ကန် တဲ့၊ မြင့်မြတ်တဲ့ အောင်မြင်ခြင်းမျိုး ဖြစ်ဖို့သာ အရေးကြီးတာပါ..။ ဒါကတော့ ကိုယ် ၀ါသနာပါတာကို လုပ်ကိုင်နေကြသူတွေတိုင်းရဲ့ အပေါ်မှာ တည်မှီးနေတာပါ….။
ထရီဆာတို့လို စာရေးသားခြင်းကို ၀ါသနာပါသူတွေက နှလုံးသားကို အခြေခံပြီး ရေးသားကြတယ်၊ စာရေးသားခြင်းက နှလုံးသားနဲ့ နီးကပ်တယ်၊ ကိုယ်တိုင် ခံစားချက် သော်လည်းကောင်း၊ ကိုယ်မဟုတ်သော တခြားသူ ခံစားချက်ကိုလည်းကောင်း ပုံဖော်၊ ခံစားပေးပြီး ရေးသားရခြင်းမျိုးက စာရေးသားခြင်းအလုပ်ပါ။ အမှန်ကို အမှန်အတိုင်း၊ အမြင်ကိုအမြင်အတိုင်း ဖြစ်စေဖို့ *နှုတ်တစ်ရာ စာ တစ်လုံး* အဆိုအတိုင်း ကလောင်တံကို ကိုင်ပြီး ဖော်ညွှန်းကြတာ စာရေးသားသူတိုင်းရဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ…။ လောကမှ ဘယ်အလုပ်မှ မလွယ်ကူကြပါဘူး..။ ထရီဆာတို့ ဆိုက်ကားနင်းရတာလေးများ လွယ်လွယ်လေးပါ လို့ပြောနေကြသူတွေ ဆိုက်ကားကို တကယ်သွားနင်းကြည့်ပါ .. ဆိုက်ကားနင်းရင် ဘယ်၊ ညာ အလေးချိန်ကို ချိန်ညှိတတ်ရပါတယ် ..။ ဒီသဘောတရားကို နားမလည်ရင် ဆိုက်ကားနင်းရတာ လွယ်ပါတယ်လို့ မပြောသင့်ပါဘူး။ ကုန်ထမ်း ၁ မား တစ်ယောက် လုပ်ရတဲ့ အလုပ်ကို လွယ်ကူတယ်ထင်သူတွေ အိမ်မှာရှိတဲ့ ဆန် ၁ အိတ်ကို ကုန်ထမ်းသမား သယ်သလိုမျိုး ဆန်အိတ်ကို လက်နှစ်ဖက်နဲ့ မပြီး ပခုံးပေါ်တင်ကြည့်လိုက်ပါ … ခါး အနေအထား မထားတတ်ရင် သင့်ရဲ့ခါး ပြန်မတ်လို့ရလျင်တောင် ကံကောင်းတယ်လို့ပဲ ပြောလို့ရပါ တယ်ရှင်….။
စာရေးသားခြင်းမှာလည်း အလားတူပါပဲ..။ ဘောလ်ပင်လေးကိုင်၊ ကီးဘုတ်လေးပေါ် လက်တင်ပြီး စာလုံးတွေကို ရိုက်နိုင်ယုံတင်နဲ့ ပြီးသွားမယ့် အလုပ်မဟုတ်ပါဘူး..။ စာရေးသားခြင်းက အဲ့လောက် မလွယ်ကူပါဘူး..။ အကြောင်းအရာကိုလည်း သေချာသိမှ၊ နောက်ခံသမိုင်းကြောင်းကိုလည်း သိထားအုန်းမှ၊ စကားလုံးအသုံးအနှုန်းလည်း ကြွယ်မှ၊ ခေတ်ကိုလည်း သိရှိနားလည်ထားမှ စကားတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်နဲ့ အသုံးပြုပုံကိုလည်း ကျွမ်းကျင်မှ စာရေးသားသူတစ်ယောက်ဆိုတာ ဖြစ်လာမှာပါ…။ ဒါတောင် စာအရေးအသားကောင်းသူဖြစ်မလာနိုင်သေးပါဘူး ..။ စာအရေးအသားကောင်းဖို့ရာအတွက် စာဖတ်သူကို ကိုယ်နဲ့အတူ ဆွဲခေါ်လာနိုင်ရပါမယ် .. စာဖတ်နေစဉ်မှာတင်ပဲ မျက်စိထဲမှာ မြင်ယောင်လာအောင် ပုံဖော်နိုင် စွမ်းရှိရပါမယ် ..။ ဒီလိုမှသာ စာအရေးအသားကောင်းသူတစ်ယောက် ဖြစ်ဖို့ အရည်အချင်းပြည့်မီ ပါတယ်….။
ထရီဆာတို့ စဉ်းစားထားတဲ့၊ ရေးချင်တဲ့ အကြောင်းအရာကို အခြေခံပြီး ကိုယ့်ရဲ့ ခံစားချက်နဲ့၊ အမြင်နဲ့၊ အများအမြင်နဲ့ နှိုင်းယှဉ်ဖော်ပြခြင်းလို အရေးအသားမျိုးနဲ့ စာလုံးတွေ ကို ရွေးချယ်သုံးနှုန်း ပြီး ရေးသားကြရတာပါ…။ ထရီဆာတို့ ကဗျာ ၁ ပုဒ်ဖြစ်လာဖို့ ခံစားတတ်တဲ့ ရင်ဘတ်ကြီး ရှိဖို့ လိုအပ်ပါတယ် …ဆောင်းပါး ၁ ပုဒ် ဖြစ်လာဖို့ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ လျော်ကန်တဲ့ ခံစားချက် ရှိဖို့ လိုအပ်ပါတယ် .. ၀တ္ထု ၁ ပုဒ် ဖြစ်လာဖို့ရာ နောက်ခံဘက်ဂရောင်းလိုမျိုး Family Tree လိုမျိုး ဇာတ်အိမ်ကို ဇာတ်ဆောင်တွေနဲ့ လင့်ချိတ်တတ်ဖို့နဲ့ စိတ်ကူးကောင်းကောင်း လိုအပ်ပါတယ်။ ဒါမှ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ (Message)၊ ရသမျိုးတွေကို စာဖတ်သူက စာရေးသားသူနဲ့ ထပ်တူ ခံစားနိုင်ကြမှာပါ….။
ဒါတွေက အပြင်ပန်းအရ အပေါ်ယံသဘောအရကြည့်ရင် အင်မတန်မှ လွယ်ကူတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်.. ဘာလို့လဲဆိုတော့ စာရေးတယ်ဆိုတာ အတွေးကိုပုံဖော်ခြင်းမျိုးပဲလေ…။
ပန်းပုထုဆစ်သူလိုတွေပေါ့ .. မိမိစိတ်ကူးထဲက ပုံရိပ်ကို မှန်းဆပြီး အပို၊ အလိုမရှိ အနေအထားမှန်မှန် ထုဆစ်နိုင်မှ ရုပ်ထွက်ကောင်းတဲ့ ပန်းပု၊ လက်ရာမြောက်တဲ့ ဒီဇိုင်းထွက်လာမှာ ဖြစ်သလိုပဲ စာရေးသားခြင်း မှာလည်း စိတ်ကူးကောင်းနဲ့ အတွေးအခေါ် မှန်မှန်နဲ့ တွေးတော ရေးသားမှ ကောင်းမွန်တဲ့ စာ ၁ ပုဒ်ဆိုတာ ထွက်လာမှာပါ…။ ပြီးပြည့်စုံတဲ့ ဗဟုသုရှိဖို့လည်း လိုအပ်ပါတယ် ….။
ဒီလိုပဲ အလုပ်တိုင်း အလုပ်တိုင်းက သူ့အတိုင်းအတာလေးနဲ့တူ အားလုံးက ခက်ခဲကြတာ သဘာဝပါ.. အလုပ်သဘော၊ အလုပ်အထာ နပ်ရင်တော့ အရာရာက ထင်သလောက် မခက်ခဲတော့ပါဘူး…။ မိမိရေး လိုက်တဲ့ စာတွေကလည်း အမှန်တရားကို အခြေခံတဲ့ သဘောတရားတွေနဲ့ ပြည့်နှက်နေဖို့ကလည်း အင်မ တန်မှ အရေးကြီးပါတယ်..။ ပုဂ္ဂိုလ်ရေး အမြင်တွေကြောင့် ရေးလိုက်တဲ့စာမှာ လွဲချော်မှုတွေဖြစ်သွားရင် စာဖတ်သူတွေအတွက် အဆိပ် ၁ ခွက်လိုမျိုး ဖြစ်သွားစေပါတယ်…။ မိမိရေးသားလိုက်တဲ့ စာဟာ ဘယ်လို စာ အမျိုးအစားပဲ ဖြစ်နေပါစေ ကိုယ်ရေးလိုက်တဲ့စာအပေါ်မှာ စေတနာထားတတ်ရပါမယ်…။
စာရေးသားသူ တော်တော်များများကလည်း စာရေးသားခြင်းကို ၀ါသနာပါလို့သာ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု(တို/ရှည်)၊ အက်ဆေး စသည်ဖြင့် မိမိတို့ အားသန်ရာ၊ နှစ်သက်ရာကို ရေးသားနေကြတာပါ..။ ဘယ်လို စာအမျိုးအစားပဲဖြစ်ဖြစ် စာရေးသားသူတိုင်းကတော့ ၀ါသနာကို အခြေခံပြီးသားပါ။ ဒါကြောင့် ၀ါသနာကို အခြေခံလို့ရေးသားတဲ့ စာတိုင်းမှာလည်း စေတနာကို အရင်းခံရင် စာကောင်းပေကောင်း မဟုတ်ခဲ့ လျင်တောင်မှ အဆိပ်ဖြစ်စေတဲ့ စာပေမျိုးတော့ မဖြစ်ပါဘူး…..။
ကလောင်အစွမ်း..ဓားရေးထက် ဆိုသလိုပါ စာ ၁ ကြောင်းကြောင့်၊ စာ ၁ လုံးကြောင့် လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲပစ်စေနိုင်ပါတယ် …။
(၀န်ခံချက်။ ထရီဆာသည် ၀ါရင့်စာရေးသားသူ ၁ ယောက်မဟုတ်ပါ… ထို့အတွက်ကြောင့် စာဖတ်သူများနှင့် မတူညီသောအမြင်များ ရှိကောင်းရှိနိုင်ပါသည်။ ထို့အတွက် စာရေးသားသူ ထရီဆာ၏ လိုအပ်ချက် ၁ ခုအဖြစ် နားလည်ပေးကြပါရန်……။)
မေတ္တာဖြင့်
ထရီဆာ (Teresa) (3း19 PM)
http://teresalittleworld.blogspot.com/