ကျွန်း
မျက်နှာပေါ်စီးကျလာသောမိုးရေတို့ကိုလက်ဖ၀ါးဖြင့် သတ်ချလိုက်ရင်းသူ့ကို အားတုံ့အားနာဖြင့်ကျနော်စကားစလိုက်သည်။
” မင်းကိုငါစတွေ့တုန်းကမင်းပုံစံနဲ့ အခုမင်းပုံစံနဲ့ တော်တော်ကွာခြားသွားပါလား။ မင်းနေရာမှာ ငါတို့လိုလူသားတယောက်ဆိုရင် အနည်းဆုံးတော့စိတ်ဓါတ်ကျသွားနိင်တယ်ကွ” ။ သူတချက်ပြုံးလိုက်သည် မဲ့ပြုံးမဟုတ်ပါ။
ကျနော်သူ့ကိုစတွေ့တုန်းက အချိန်ကိုခုထိမှတ်မိနေသေးသည်။
သူ့မှာမြက်ခင်းစိမ်းစိမ်းလေးတွေရှိသည်။ အဲဒီမြက်ခင်းစိမ်းစိမ်းလေးတွေ ပေါ်မှာပြေးလွားစော့ကစားနေကြသော လူကြီးကလေး
အရွယ်စုံတို့၏ လန်းဆန်းတက်ကြွနေကြသောမျက်နှာတွေရှိသည်။ အရောင်တွေပြိုးပြိုးပျက်ပျက်နဲ့ လူမလိုင်ခဲတွေ ပြည့်နှက်နေတတ်တဲ့
ကမ္ဘာကျော် ဟိုတယ်ကြီးတွေရှိသည်။ သဲသောင်ဖြူဖြူလေးတွေကို စိမ်းပြာရောင်နောက်ခံထားပြီးပန်းချီကားတချပ်လို လှပနေတဲ့
ကမ်းခြေတွေရှိသည်။ အဲဒီကမ်းခြေတွေရဲ့ မနီးမဝေးမှာ အစီအရီရပ်ထားတဲ့ ရွက်လှေလေးတွေရှိသည်။ ၂၄ နာရီလူမပြတ်တဲ့ မီးရောင်စုံတွေ ဂီတသံတွေလွမ်းမိုးနေသော လမ်းမတွေရှိသည်။ တခါတလေ ကမ္ဘာကျော်အဆိုတော်ကြီးတွေရဲ့ စတိတ်ရှိးတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ ခမ်းမကြီးတွေရှိသည်။ အဲဒီတုန်းကတော့ သူဟာ ဘယ်တော့မှမရပ်နားတဲ့ ၂၄ နာရီမအိပ်တဲ့ကျွန်းလေးတခုပေါ့။အဲဒီကျွန်းလေးမှာရောက်
နေကြတဲ့လူတွေရဲ့မျက်နှာမှာလည်း ပျော်ရွှင်မှူတွေကိုယ်စီနဲ့ လွတ်လွတ်လပ်လပ်ကိုပျော်နေကြတာ။
ဒီလိုနဲ့ ဂျွန်လရဲ့အစမှာ အိန္ဒယသမုဒ္ဒရာ ဘက်ကနေ အနောက်တောင်မုတ်သုန်လေတွေ ၀င်လာပြီးနောက်ပိုင်းတဖြည်းဖြည်းနဲ့သူဟာတိတ်ဆိတ်လာလိုက်တာ အခုများကြည့်ပါဦး။
အရင်ကညီညီညာညာနဲ့လှပခဲ့တဲ့ မြက်ခင်းပြင်တွေဟာ မြက်ရိုင်းတောကြီးတွေဖြစ်လို့။
အရင်ကရောက်ရင် မပြန်ချင်ဘူးဆိုခဲ့တဲ့ သဲသောင်ဖြူဖြူလေးတွေနဲ့ ကမ်းခြေတွေမှာ အခုတော့ အမှိုက်သရိုက်တွေ၊ ပင်လယ်ထဲက
မျောလာတဲ့ သစ်တုံး အဆွေးအမြေ့တွေ၊ ငါးဖမ်းပိုက် အပြတ်တွေနဲ့ ပြည့်နှက်နေပါသည်။ အရင်ကလူတွေမီးရောင်စုံတွေဂီတသံတွေနဲ့
ပြည်နှက်ခဲ့တဲ့ လမ်းတွေဟာလည်း သစ်ကိုင်းသစ်ရွက်တွေနဲ့ တခါတလေဖြတ်သွားတဲ့ ကားတစီးနှစ်စီးကလွဲလို့ အသက်မဲ့နေသလို၊ လမ်းဘေးမှာလည်းခြုံနွယ်
ပိတ်ပေါင်းတွေနဲ့ တကယ့်ကို မြို့ပျက်ကြီးတခုလိုပါပဲ။
မျက်နှာပေါ်စီးကျလာသောမိုးရေတို့ကိုလက်ဖ၀ါးဖြင့် သတ်ချလိုက်ရင်းသူ့ကို အားတုံ့အားနာဖြင့်ကျနော်စကားစလိုက်သည်။
” မင်းကိုငါစတွေ့တုန်းကမင်းပုံစံနဲ့ အခုမင်းပုံစံနဲ့ တော်တော်ကွာခြားသွားပါလား။ မင်းနေရာမှာ ငါတို့လိုလူသားတယောက်ဆိုရင် အနည်းဆုံးတော့စိတ်ဓါတ်ကျသွားနိင်တယ်ကွ” ။
သူတချက်ပြုံးလိုက်သည် မဲ့ပြုံးမဟုတ်ပါ။
ထို့နောက် သူက ” ဒီပင်လယ်ကြီးရဲ့ ဟိုးဖက်ခပ်လှမ်းလှမ်းမှာ မြို့ ကြီးတမြို့ရှိတယ်ကွ။အဲဒီမြို့ကြီးရဲ့လေထုဟာအမြဲတမ်းမီးခိုးတွေနဲ့
ပြည့်နေသတဲ့ ။ အဲဒီမြို့ကြီးမှာနေတဲ့သူတွေယာလည်းမျက်နှာသေတွေနဲ့ ။ မနက်မိုးလင်းတာနဲ့ ထချင်ချင်မထချင်ချင် ထပြီး အလုပ်ကိုသွားကြ အလုပ်လုပ်ကြနဲ့ပေါ့ ။တကယ့်ကိုစက်ရုပ်တွေလိုပဲ။ဒါပေမဲ့ အဲဒီလူတွေကိုကြည့်လိုက် သူတို့မှာ အမြဲတမ်း စိုးရိမ်မှူ ၊ လောဘ ၊ဒေါသ၊ မာန်မာနတွေပြည့်နှက်နေတယ်။ အဲဒီလူတွေ က ညဘက်ရောက်လို့ အိပ်တဲ့အချိန်ကျတော့။ နေခင်းဖက်မှာ အိပ်နေကြတဲ့ သူတို့နဲ့ ပုံစံတူ လူတန်းစားတရပ်ကလည်း အလုပ်တွေထလုပ်ကြသတဲ့။ အဲဒီမြိုကြီးဟာ သာမန်ကြည့်မယ်ဆိုရင် တနှစ်ပတ်လုံးမရပ်နာမအိပ်စက်တဲ့ မြို့ကြီးပေါ့ကွာ။ ဒါပေမဲ့ တကယ်တန်းကြတော့အဲဒီမြို့ကြီးကသေနေတာကွ။ ဘ၀ဆိုတာအနိမ့်အမြင့်အတက်အကျရှိရတယ် မရှိရင်အဲဒီ ဘ၀ဟာ သေနေတာနဲ့ အတူတူပဲ။ အမြင့်ကိုရောက်နေတဲ့ အချိန်ကတော့
ဖြတ်သန်း၇တာလွယ်တာပေါ့ကွာ။ဒါပေမဲ့ အနိမ့်ကိုရောက်တဲ့ အခါမှာတော့ ကြံကြံခံနိုင်ဖို့လိုတယ်ကွ။ ညအမှောင်ရဲ့ နောက်မှာ အမြဲတမ်းမနက်ခင်းဆိုတာရှိတယ်။ အဲဒီမနက်ခင်းကိုရောက်ဖို့အားတင်းနိုင်ရင် ဘ၀ဆိုတာ တကယ်တော့ပျော်စရာကြီးကွ။ အခုငါ့ကိုပဲကြည့် မကြာခင်ပွင့်လင်းရာသီရောက်တဲ့အခါ အ၇င်လို လွတ်လပ်ပျော်ရွှင်မှူတွေကိုယ်စီနဲ့ လူတွေ ပြန်ရောက်လာကြလိမ့်မယ်
အဲဒီမှာ အချိန်ကြရင် မြက်ခင်းတွေကလည်းပြန်ပြီးညီညီညာညာနဲ့ စိမ်းလန်းဦးမှာ။ ကမ်းခြေတွေကလည်း နေရောင်ခြည်အောက်မှာ
ပန်းချီကားတချပ်လိုလှပဦးမှာ။ လမ်းတွေမှာလည်းမီးရောင်စုံတွေဂီတသံတွေနဲ့ လူတွေပြည့်နှက်လာဦးမှာ။ အဲဒီလူတွေတိုင်းရဲ့မျက်နှာတွေဟာ မျက်နာသေတွေတော့မဟုတ်ဘူး တကယ့်ကိုလွတ်လပ်ပျော်ရွှင်နေတဲ့ အပြုံးတွေနဲ့ပြည့်နေမှာ။ ညအမှောင်ရဲ့ နောက်မှာ နံနက်ခင်းဆိုတာ အမြဲရှိတတ်တယ်ကွ။ ” ဟုဆိုရင်း အရင်ကကဲ့သို့ ပြန်ပြီးတိတ်ဆိတ်သွားလေသည်။
ကျနော်လည်းသူ့ကိုအနှောက်အယှက်မပေးလိုတော့သဖြင့် စကားမဆက်တော့ပဲ စိုနေသောလက်ကို ခြောက်အောင်သုတ်လိုက်ပြီး ဆေးလိပ်တလိပ်ကိုမီးညှိလိုက်သည်။
ကောင်းကင်ကြီးကတော့ အရင်လိုမိုးသားတွေနဲ့ မည်းမှောင်နေဆဲ။ ဒါပေမဲ့ ထိုတိမ်မဲများ၏နောက်က အလင်းရောင်အချို့ကိုတော့မှုန်ဝါးဝါး လှမ်းတွေနေရပါသည်။
( ကိုငယ် )
july, 5, 2012
အပြင်မှာလေးပြင်းတွေတိုက်မိုးတွေရွာနေသဖြင့် အိမ်တွင်းအောင်းပြီး ဒီစာကိုရေးပါသည်။