ဒီရေလှိုင်းတူးဆွမိသော ကဗျာအပိုင်းအစများ(၂) လာခြင်းကောင်းသောမြန်မာလင်္ကာကဗျာ
ဒီတစ်ခါ ဒီရေလှိုင်း တူးဆွမိတဲ့ ကဗျာ ရတနာက လင်္ကာဖြစ်ပါတယ် ။ လင်္ကာ ဆိုတာ မြန်မာကဗျာလောကမှာ အစောဆုံးပေါ်ပေါက်ခဲ့ပြီး ခုခေတ်တိုင်သုံးစွဲနေတဲ့ကဗျာ ပုံစံတစ်ခုပါ ။ ပထမဆောင်းပါးနဲ့ ခုဒုတိယဆောင်းပါး ကြားမှာ အချိန်တွေ ကွာခြားချက်များ သွားတာကလည်း လင်္ကာသမိုင်းရဲ့ ၀ိရောဓိတွေကြောင့် ချိန်ဆမှုတွေ တွေဝေမှုတွေများနေခဲ့လို့ပါ ။ ပုဂံခေတ်ထဲက စတင် ပေါ်ပေါက်လာတဲ့လင်္ကာ ၊ ပုဂံရာဇ၀င်ဆိုတာလည်း ဓားထမ်းလှံထမ်းပြောရ ငြင်းခုန်ရတယ်လို့ ဆိုစကားရှိခဲ့တယ်မဟုတ်လား ။ ဒီရေလှိုင်းကတော့ computer key board လေးတွေနဲ့ပဲ ပုဂံခေတ်မှာ အစပြုခဲ့တဲ့ လင်္ကာရဲ့ ဖြစ်တည်မှုကို ပြောပြပါတော့မယ် ။ လင်္ကာကို ဒီလိုဖွင့်ဆိုကြပါတယ်
မြန်မာ အဘိဓာန် စာမျက်နှာ(၃၉၉)မှာ –
ဝေါဟာလီနတ္ထပကာသနီကျမ်းမှာတော့-
က၀ိမှိ ဘ၀ံ ကဗျ = က၀ိမှိ ပညာရှိ၌ ဘ၀ံဖြစ်သည်တည်း ။ ပညာရှိတို့၌ ဖြစ်သည်လို့ တစ်ချက်ဖွင့်ဆိုပါတယ် ။
က၀ိနံ အယံခါ ကဗျာ= က၀ိနံ ပညာရှိတို့၏ အယံ ဥစ္စာတည်း ။ ပညာရှိတို့၏ ဥစ္စာလို့လည်း ၀ိဂြိုလ်ပြု ဖွင့်ဆိုပြန်ပါတယ် ။
လင်္ကာ ကဏ္ဍံ အလကွာ ရောတီတိ = လင်္ကာယာ အကြင်ကဗျာသည် ကဏ္ဍံ နားကို အလင်္ကာရောတိ တန်ဆာတင်အပ်၏ ။ဣတိ ထို့ကြောင့် သာကဗျာ ထိုကဗျာသည် လင်္ကာမည်၏ ။ နားဝင်ချိုအောင်ဖွဲ့ဆိုခြင်းလို့ ဖွင့်ဆိုပါတယ် ။ နောက်ထပ် ဒီကျမ်းမှာဖွင့်ဆိုထားတာတွေကလည်း စကားလုံးအလှ အသံအလှတွေနဲ့ ဖွဲ့ဆိုထားခြင်းလို့ပဲ သဘောရပါတယ် ။ ရှည်လျားမှာစိုးတဲ့ ဒီလောက်ပဲဖွင့်ဆိုပါ့မယ် ။
ကဗျာ ဗန္ဓသာရကျမ်းပြုဆရာ ပုဂံဝန်ထောက်မင်း ဦးတင်က သိုးကလေ အစချီတဲ့ကဗျာ ကို ပုဂံခေတ်သေလည်ကြောင်မင်းလက်ထက်က ကဗျာလို့ ညွှန်းဆိုခဲ့ပါတယ် ။ ဒါပေမဲ့ ဒီအယူအဆက ယုတ္တိမတန်သလို ဖြစ်နေပါတယ် ။ အစောဆုံးမြန်မာ စကားပြေ မြစေတီကျောက်စာကိုတောင် ကျန်စစ်သားမင်းကြီးရဲ့ဘ၀နေ၀င်ချိန်မှာမှ ရေးထိုးနိုင်ခဲ့တာကိုတွေ့ရခြင်းဖြင့် ဒီစကားပြေရေးထိုးချိန်ထက် တော်တော်ကြီးစောတဲ့ကာလမှာ မြန်မာကဗျာကို ရေးခဲ့တယ်ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းလှပါတယ် ။ ဒါကြောင့် မြန်မာစာပညာရှင်အများစုက အစောဆုံးမြန်မာ လင်္ကာလို့ သတ်မှတ်လက်ခံထားကြတာကတော့ အနန္တသူရိယ အမတ်ကြီးရဲ့ သူတည်းတစ်ယောက် အစချီ အမျက်ဖြေလင်္ကာပဲ ဖြစ်ပါတယ် ။ ဒီအမျက်ဖြေလင်္ကာ ဖြစ်ပေါ်လာရတဲ့အကြောင်းကို ပုဂံသမိုင်းကို အခြေတည်ပြီးတော့
ကုလားကျမင်းရဲ့ သားတော် မင်းယဉ်နရသိင်္ခဆိုတဲ့ မင်း(၃)ပါးလက်ထက်မှာ အထိန်းတော်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ။ အထိန်းတော်သားဆိုတာ ငယ်ရွယ်နုနယ်တဲ့မင်းညီ မင်းသားတွေကိုထိန်းသိမ်းစောင့်ရှောက်ရတဲ့ ရာထူးပါ ။ သူစတင်အမှုထမ်းခဲ့တာကတော့ ပုံဂံရာဇ၀င်မှာ ဘုန်းမီးနေလတောက်ပခဲ့တဲ့ အလောင်းစည်သူမင်းကြီးလက်ထက်တော်ကပါ ။ အလောင်းစည်သူမင်းကြီးက အမတ်ကြီးရဲ့ လုပ်ရည်ကိုင်ရည် ဥာဏ်ပညာကိုနှစ်သက်လွန်းလို့ မင်းသားတို့သာဝတ်ဆင်ထိုက်တဲ့ တုရင်တပ် ၀တ်လုံတော်ကို ပေးသနားတော်မူခဲ့ပါတယ် ။ တစ်နေ့ညီလာခံသဘင်မှာ အမတ်ကြီးက အဲဒီဝတ်စုံကို ၀တ်ဆင် လာတာကိုမြင်တဲ့ သားတော်ကြီး မင်းရှင်စောက ဒီဝတ်စုံဆိုတာ မင်းထိန်း မင်းခတို့ဝတ်ဆင်ထိုက်သော ၀တ်စုံမဟုတ် မင်းညီမင်းသားတို့သားဝတ်ဆင်ရန်ထိုက်တန်သော ၀တ်စုံဖြစ်တယ်ဒါကြောင့်မို့ အမတ်နဲ့ထိုက်တန်တဲ့ဝတ်စုံကို ပေးကာ တုရင်တပ် ၀တ်စုံကိုချွတ်လဲစေခဲ့ပါတယ် ။ ဒီအကြောင်းစုံကို အလောင်းစည်သူမင်းကြီးသိတဲ့ အခါ သားတော်မင်းရှင်စောကို အမျက်မာန်ရှပြီး ပုဂံပြည်က နှင်ခဲ့တယ် ။ မင်းရှင်စောလည်း ဗိုလ်ပါအင်အားစုစည်းပြီး ထွန်တုံးပူတက် ဆိုတဲ့အရပ်မှာ မြို့ပြနိုင်ငံတစ်ခုကိုတည်ထောင်နေခဲ့ပါတယ် ။
သံဝေဂရစရာတွေက သမိုင်းမှာ ရှိခဲ့ပါတယ် ။ ဘုန်းတန်ခိုး ကြီးလွန်းလှတဲ့ လက်ညှိုးညွှန်ရာရေဖြစ်တယ်ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ဘ၀နေ၀င်ချိန်က မလှပခဲ့ပါဘူးနော် ။ မင်းရှင်စောကိုပြည်နှင်တန်ပေးလိုက်ပြီးတဲ့နောက် အလောင်းစည်သူမင်းကြီးကသာေးတ်ာအလတ် နရသူကို တိုင်းပြည်ရဲ့အရေးအရာကိုစီမံစေခဲ့ပါတယ် ။ နရသူက တကယ်ဆိုးညစ်တဲ့သူပါ ။ အလောင်းစည်သူမင်းကြီးသက်တော်ကြီးရင့်ပြီးအသည်းအသန်ဖြစ်နေတဲ့အချိန်မှာ နရသူက နန်းချပြီးရွှေဂူဘုရားမှာ ထားခဲ့တယ် ။ မင်းကြီးသတိရလာတဲ့အခါ သူ့နန်းတော်မဟုတ်တာကိုသိလို့ ဘယ်နေရာကိုရောက်နေတာလည်းလို့ ဘေးက မောင်းမတော်
ကိုမေးကြည့်တော့ ရွေဂူကြီးကောင်းမှုတော်ဘုရားကိုရောက်နေတာလို့ဖြေတယ် ။ ဘယ်သူလုပ်တာလည်းဆက်မေးတော့ သားတော် နရသူလုပ်တာလို့လျှောက်တင်ဖြေကြားတော့ ဒေါသတွေထွက်လို့ တစ်ကိုယ်လုံးဟာ မီးလိုပူတာနေတော့ သားတော် နရသူလည်း တော်တော်ကြောက်ရွံ့သွားခဲ့တယ် ။ ခမည်းတော်သာ ပြန်ကောင်းလာရင် သူ့အတွက်မလွယ်တော့ဘူးဆိုပြီး မင်းကြိးကို အ၀တ်ပုဆိုးနဲ့ ဖိသတ်လိုက်ပါတယ် ။ ဒါကြောင့် နရသူက မင်းအဖြစ်ဘိသိက် ခံဖို့ကြံစည်ခဲ့တာပေါ့ ။ ဒီအချိန်မှာ အကိုတော် မင်းရှင်စောက ခမည်းတော် မရှိတဲ့အကြောင်းကြားတော့ စစ်သည်အင်အားတွေနဲ့ ပုဂံနေပြည်တော်ကိုချီတက်လာခဲ့တယ် ပုဂံပြည်မှာ အကျင့်သီလနဲ့ ပြည့်စုံပြီး တန်ခိုးသြဇာကြီးမားတဲ့ ပံ့သုကူမထေ၇်လည်း နရသူကိုမိန့်တော်မူခဲ့တယ် ။ အကိုတော် မင်းရှင်စောကိုထီးနန်းလွှဲပေးဖို့ပေါ့
နရသူကလည်း နောင်တော်ကို ဓားထမ်းပြီး နန်းတင်မယ်လို့ သစ္စာပြုခဲ့တယ် ။ ကတိအတိုင်း နရသူကိုနန်းတင်တယ် နန်းတင်တဲ့ ညမှာပဲ နရသူက အဆိပ်ခပ်သတ်တော့ မင်းရှင်စောနတ်ရွာစံခဲ့တယ် ။
နရသူက တကယ့်မင်းဆိုးမင်းညစ်ဆိုတော့ ပံ့သုကူ မထေရ်လည်း မင်းဆိုးမင်းညစ်ရဲ့တိုင်းပြည်မှာ မနေတော့ပြီဆိုပြီး ခုခေတ်သီရိလင်္ကာကို ကြွတော်မူခဲ့တယ် ။ နရသူက ကုလားမင်းသမီးတစ်ယောက်ကို မိဖုရားမြှောက်တင်ခဲ့ပြီး မှ အမျက်ဒေါသနဲ့ သုတ်သင်သတ်ဖြတ်ခဲ့တယ် ။ ကုလားမင်းသမီးရဲ့ ခမည်းတော် ကုလားမင်းကြိးက သူသတ် ကုလားရှစ်ယောက်ကို ပုဂံပြည်ကိုစေလွှတ်ပြီး နရသူကိုသုတ်သင် သတ်ဖြတ်စေခဲ့တယ် ။ နရသူလည်း နတ်ရွာစံခဲ့ပါတယ် ဒါကြောင့်သမိုင်းမှာ နရသူဟာ ကုလားကျမင်းလို့အမည်တွင်ခဲ့တယ် ။ နရသူ နတ်ရွာစံတော့ သားတော်ကြီး မင်းယဉ်နရသိင်္ခ မင်းဖြစ်ခဲ့တယ် ။ မင်းယဉ်နရသိင်္ခက အိမ်ရှေ့မင်းအဖြစ် နရပတိစည်သူကို ခန့်ထားစေခဲ့တယ် ။ အစပထမမှာတော့ မင်းယဉ်နရသိင်္ခက မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ ဖောက်ပြန်တတ်တဲ့ ပြောင်းလဲတတ်တဲ့ လောကီနယ်သားပီပီ ပြင်လို့မရတဲ့ အမှားကြီးကြီးတစ်ခုကို ကျူးလွန်ခဲ့တယ် ။ ဒီအမှားက နေ သွေးချောင်းစီးတဲ့ဖြစ်ရပ်ဆိုးတွေလည်းဆက်ဆိုက် ပေါ်ပေါက်လာခဲ့ပါတယ် ။
ဒီအမှားကြီးကတော့
ပိုမိုပြည့်စုံ လာခဲ့တယ် ။ တစ်နေမှာတော့ မိဖုရားကြီးက ချွေးမတော် ဝေဠုဝတီကိုခေါ်ပြီး နန်းဆောင်ထဲကိုဝင်ခဲ့တယ် ။ မင်းကြီး မင်းယဉ်နရသိင်္ခက မြင်တော့ တိမ်းမက်တဲ့ စိတ်တွေကို မထိန်းချုပ်နိုင်ဖြစ်ခဲ့တယ် ။ဒါကြောင့် လူကျင့်ဝတ်ကိုဖောက်ဖျက်တဲ့ အကြံဆိုးကိုကြံခဲ့ပါတယ် ။ ပုံဂံနယ်စပ်နေရာဖြစ်တဲ့ ငဆောင်ချမ်းဆိုတဲ့ အရပ်မှာ မငြိမ်မသက်ဖြစ်လို့ အဲဒီအရပ်ကို ညီတော် စစ်ချီစေလို့ အမိန့်တော် ချမှတ်ခဲ့တယ် ။ညီတော်မရှိတုန်း ခယ်မတော် ဝေဠုဝတီလေးကို သိမ်းပိုက်မယ်ဆိုတဲ့အကြံဆိုးနဲ့ပေါ့ ။ ညီတော် နရပတိစည်သူကလည်း မြွေမြွေချင်း ခြေမြင်ဆိုသလိုပဲ အကိုတော်ရဲ့ အကြံအစည်ကိုရိပ်မိလို့ သူရဲ့ တပည့်ကျော် မြင်းခံငပြည့်ကို င့ါအိမ်တော်မှာ အရေးကြီးကိစ္စရှိရင် အမြန်ဆုံးလာအကြောင်းကြားလို့ မှာခဲ့တယ် ။ သူငဆောင်ချမ်းကို ချီတက်နေတဲ့ခရီးမှာပဲ နရပတိစည်သူက ပါလာတဲ့ မှူးမတ် ၊ ဗိုလ်ပါအကြောင်းတို့နဲ့ စုရုံးတိုင်ပင်ပြီး သစ္စာတော်ခံစာခဲ့တယ် ။ အဲဒီအချိန်မှာပဲ မင်းယဉ်နရသိင်္ခက ညီတော်တော်တော်ဝေးတဲ့နေရာရောက်ပြီဆိုတာသိလို့ ခယ်မတော်ဝေဠုဝတီကိုနန်းတော်ကိုခေါ်ယူပြီးသိမ်းပိုက်လိုက်ပါတယ် ။
ဒါကြောင့် နရပတိစည်သူရဲ့ လူယုံတော် မြင်းခံငပြည့်လည်း အကြောင်းကြားဖို့ နံနက်စောစောကနေ ထွက်လာခဲ့တယ် ။ တစ်နေကုန်မရပ်မနား မြင်းကိုမောင်းနှင်စီးနင်းလာတော့ မြင်းတော်က ပန်းပြီလေ။မိုးချုပ်တော့ မြင်းခံငပြည့်ရောက်တဲ့နေရာက နရပတိစည်သူတို့ စခန်းချနေတဲ့နေရာရဲ့ တစ်ဖက်ကမ်းကိုရောက်နေတယ် ။ မြင်းကလည်း တော်တော်ပန်း မိုးကလည်းချုပ် ၊ ချောင်းရဲ့ အတိမ်အနက်ကိုလည်း မသိတော့ မြင်းခံငပြည့်က နရပတိစည်သူတို့ဆီမလာတော့ပဲ အဲဒီချောင်းတစ်ဖက်ကမ်းမှာပဲအိပ်လိုက်တယ် ။ ဒါပေမဲံ မြင်းခံငပြည့်ရဲ့ မြင်းဟီသံကို နရပတိစည်သူက ချောင်းတစ်ဖက်ကမ်းကနေ အတိုင်းသားကြားနေရတယ် ။ အဲဒီတစ်ဖက်ကမ်းမှာ ငပြည့်ရောက်နေတာကို သိနေတယ်ပေါ့ ။ မနက်မိုးသောက်ရောက်မှ မြင်းခံငပြည့်က နရပတိစည်သူထံမှော အရောက်သွားပြီး အကြောင်းစုံကို လျှောက်တင်ခဲ့တယ် သူလွန်စွာချစ်မြတ်နိုးတဲ့ ဝေဠူဝတီကို နောင်တော်သိမ်းပိုက်လိုက်တယ်ဆိုတဲ့စိတ်က သူ့ဒေါသအထွတ်အထိပ်ကို ရောက်စေခဲ့တယ် မြင်းခံငပြည့်ကို “ နင်မနေ့ညက အဘယ်အရပ်တွင် အိပ်သနည်းလို့မေးတယ် ” ငပြည့်ကလား မြင်းပန်းသောကြောင့် ချောင်းတစ်ဖက်ကမ်းတွင် အိပ်ပါတယ်လို့ လျှောက်တင်ခဲ့တယ် ။ နရပတိစည်သူက ““ နင်သည် ငါနေတော်မူသောအရပ်နှင့် မနီးမဝေးတွင်ပင် အိပ်သည် ။ အိပ်ရာသလော ငါတို့မင်းမည်သည်ကား တစ်နာရီတွင် ကြံသော များသောအကြံတို့သည် ပြီးရာသည် ” လို့ပြောပြီး မင်းတစ်ယောက်ရဲ့မာန် ၊ ဒေါသနဲ့ ငပြည့်ကို ကွပ်မျက်ခဲ့ပါတယ် ။ ဝေဠုဝတီရဲ့
ဇာတ်လမ်းမှာ ငပြည့်က အစောဆုံး စတေးခံခဲ့ရသူဖြစ်ပါတယ် ။ ငပြည့်လိုပဲ စတေးခံခဲ့ရသူ နောက်တစ်ယောက်က
ဒီအမျက်ဖြေလင်္ကာကတော့ ———
သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း ။
ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက်
ခဏတက်သည် ၊ရေပွက်ပမာ
တစ်သက်လျာတည်း ။
ကြင်နာသနား ၊ င့ါအားမသတ်
ယခူလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့ ၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ ၊ ဖောက်လွှဲတတ်သည်
မချွတ်စသာ ၊ သတ္တ၀ါတည်း ။
ရှိခိုးကော်ရော် ၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌ ၊ ကြိုက်လတွန်မူ
တုံ့မယူလို ၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို ၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေးသည်
သွေးသည်အနိစ္စာ ၊ င့ါခန္ဓာတည်း ။
ဒီလင်္ကာကို သူသတ်တို့က ဘုရင်မင်းမြတ်ကိုဆက်သတဲ့အခါ ဒီလိုစိတ်သဘေားထားပြည့်ဝတဲ့အမတ်ကြီးကို သတ်မိတဲ့အတွက် နောင်တတရားကြီးစွာရခဲ့ပါတယ် ။ စာကိုမဆက်သပဲ သတ်ရကောင်းမလား ဆိုပြီး သူသတ်သမားတွေကိုလည်း နရပတိစည်သူကထပ်မံကွပ်မျက်ခဲ့ပါတယ် ။ နောင် သူအမိန့်ထုတ်ပြန်လိုက်တိုင်း မသတ်ဖို့ အချိန်တစ်ခုအထိဆွဲထားဖို့ အမိန်တော့ထုတ်ခဲ့ပါတယ် ။ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ဘုရင်မင်းမြတ်ရဲ့ နှလုံးသားကိုထိရှ ခံစားစေခဲ့တဲ့ ဂန္ထ၀င်လက်ရာမွန် အစောဆုံးလင်္ကာ ကဗျာလေးဖြစ်ပါတယ် ။
အစောဆု့းရေးဖွဲ့ခဲ့တဲ့အတွက် လင်္ကာတွေရဲ့ ဥပဒေသ ၄ ၊ ၃ ၊ န ကာရန်ကို မလိုက်နာနိုင်ခဲ့တဲ့ အပိုဒ်တွေရှိသလို လိုက်နာပြီးကွက်တိရေးထားတဲ့အပိုဒ်တွေလည်းရှိပါတယ် ။ ကာရန်ယူထားတဲ့စကားလုံးတွေကို
အရောင်လေးတွေနဲ့ ညွှန်းပြထားပါမယ် ။
ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက်
ခဏတက်သည် ၊ရေပွက်ပမာ
တစ်သက်လျာတည်း ။
ဒီအမျက်ဖြေ လင်္ကာလေးကို စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ကြည့်လိုပါတယ် ။ သာမန်လူသားတစ်ယောက်အတွက် နှလုံးသွေးပျက်အောင်ခံစားနေရတဲ့ အချိန်အခိုက်အတန့်မှာ ခိုင်ကျည်တဲ့နှလုံးသား ကောင်းမြတ်တဲ့စိတ်ထားနဲ့ ဖွဲ့သီထားတဲ့ ဒီကဗျာလေးရဲ့ အလှတရားတွေ မြင်ကြစေချင်ပါတယ် ။ တကယ့်ကိုမတုန်မလှုပ်ပဲနဲ့ လောကမှာဖြစ်တတ်တဲ့ လူသားတစ်ယောက်ကောင်းဖို့ အတွက် လူသားတစ်ယောက်ကျ ပျက်စီးပေးရမယ် ။ လူသားတစ်ယောက် အောင်မြင်ဖို့အတွက် လူသားတစ်ယောက်က ကျဆုံးပေရမယ် ။ လူသားတစ်ယောက်ရှင်သန်စေဖို့အတွက် လူသားတစ်ယောက်သေဆုံးပေးရမယ်ဆိုတာ ဆန်းကြယ်တဲ့ တရားမဟုတ်ပါဘူးတဲ့ ၊ ဖြစ်တတ်တဲ့သဘော ဓမ္မတာတဲ့ ။ ဘုံပြဿဒ်အဆောင်အယောင်တွေနဲ့ ခန်းနားလွန်းတဲ့ ရွှေနန်းတော်ဘုရင်မင်းမြတ်တို့ရဲ့ အခမ်းအနားအသုံးအဆောင်ဖြစ်တဲ့ ကြငှန်းတွေ ခြံရံခစားနေတဲ့ မှူးမတ်တွေရဲ့ အလယ်က မင်းချမ်းသာကလည်း အနတ္တသဘောပါပဲတဲ့ ။ ရေမျက်နှာပြင်ထက်ကို ခဏလေးတက်လာတဲ့ရေပွက်ရေးလိုပါပဲတဲ့ ။ နောက်ဆက်ပြီးရေးဖွဲ့ပြန်တယ် ဒီအချိန်မှာ သူ့ကိုကြင်နာသနားပြီး လွှတ်ပေးလိုက်မယ်ဆိုရင်လည်း တည်မြဲခြင်းကင်းတဲ့ သင်္ခါရနယ်ပယ်က လူသားတစ်ဦးမို့ တစ်နေ့နေ့မှာ သေခြင်းတရားနဲ့ မလွဲဧကန်ဆုံရမှာပဲတဲ့ ။ အနိစ္စဆိုတဲ့ တရားကိုလှလှလေးထုတ်ပြသွားခဲ့တယ်နော် ။ အလှဆုံးအပိုဒ်ကတော့ နောက်ဆုံးအပိုဒ်ပါပဲ အနန္တသူရိယအမတ်ကြီးက သူပေးချင်တဲ့messae ကို အဲဒီမှာ ကျစ်ကျစ်လစ်လစ်လေးပြဆိုသွားပါတယ် ။ သူ့ကိုသတ်ဖို့ကြံစည်တဲ့ ဘုရင်မင်းမြတ်ကို သူ့ရဲ့နှလုံးသားထဲကနေ မြတ်မြတ်နိုးနိုး ပူဇော်ကန်တော့ခဲ့ပါတယ် ။ စက်ရဟတ်လိုလှည့်ပတ်နေတဲ့ ရှည်လျားလွန်းတဲ့
သံသရာတစ်ကွေ့ကွေ့မှာ သူ့ဖက်ကနေ တုန့်ပြန်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်လည်း အတုန့်အလှည့် မယူပါဘူး ။ ဘာတစ်ခုမှ မတုန့်ပြန်ပါဘူး ။ ကြည်ညိုသောစိတ် နဲ့ အပြစ်ယူမဲ့ တုန့်ပြန်မဲ့ စာရင်းကနေသခင်ကိုချန်ထားခဲ့မှာပါတဲ့ ။ သခင်မှာ ဘာအပြစ်မှ မရှိပါဘူးလို့မှတ်ယူထားပါတယ်တဲ့ ။ ဘာကြောင့်လေးဆိုတော့ သွေး တွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့ခန္ဓာဆိုတာ အနိစ္စသဘောပဲဆိုတာ သူသိမြင်ထားလို့ပါပဲတဲ့။
ဒီကဗျာရဲ့ အလှတရားက တုံ့မယူလိုဆိုတဲ့စကားလုံးလေးပါပဲ ။ သူတစ်ပါးရဲ့ အမုန်းတရားကို မေတ္တာနှလုံးနဲ့ ခွင့်လွှတ်ပြီး အတုန့်အလှည့်မယူ ၊ သူတစ်ပါရဲ့ ရက်စက်ခြင်းကို နားလည်ခြင်းအတွေးနဲ့ ဥပေက္ခာပြု
သူတစ်ပါးက ပေးတဲ့နာကျင်မှုကို ပညာမျက်စိနဲ့မြင်အောင်ရှုပြီး ခွင့်လွှတ်သည်းခံ တုန့်ပြန်မှုမပြုတဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ရဲ့စိတ်ထား ၊ မြင့်မြတ်တဲ့လူသားတစ်ဦးရဲ့ နှလုံးသားကို ပြထားတဲ့
ဒီအမျက်ဖြေလင်္ကာလေးနဲ့ အစပြုခဲ့တဲ့ မြန်မာကဗျာဆိုတဲ့ အနုပညာကို လာခြင်းကောင်းသော မြန်မာကဗျာလို့ ညွှန်းဆိုခဲ့သော် အတိဿယ ဒေါသမသင့်ဘူး ၊ လွန်ကျူးမှု မဟုတ်ဘူးလို့ ယုံကြည်ထားပါကြောင်း
တင်ပြရင်းနဲ့ ဒီအပတ်အတွက် နိဂုံးချုပ်အပ်ပါတယ် ။
ဖတ်တဲ့သူများ ကဗျာကပေးတဲ့ အလှတရားလေးတွေကို မြင်တွေ ခံစားနိုင်ကြပါစေ ။