အစပ်ခြောက်ပါးအကြောင်းသိကောင်းစရာ
နဘေစပ်နည်း (၈) ပါး
နဘေစပ်နည်းကို သံညှင်း၊ ပြဇာတ်၊ တေးထပ်ကြီး၊ ရှစ်ဆယ်ပေါ်တေးထပ်၊ ရတုအချီအချပိုဒ် တွေမှာ အသုံးများပါတယ်။ နဘေစပ်နည်း (၈) ပါးကတော့ …
(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း … တို့ဖြစ်ပါတယ်။
နဘေ ပြန်ကဟပ်၊ ရွက်ချပ် ကတ္တရာ၊
ချိန်ခွင်ညှာ ခြင်္သေ့၊ တေ့ဆက် (တထွေ)၊
နဘေပြန်ကဟပ်၊ ဤရှစ်ရပ်သည်၊
အစပ် နဘေ ရှစ်ပါးတည်း …
လို့ လင်္ကာလေးနဲ့ မှတ်ထားလို့ရပါတယ်။
(၁) နဘေစပ်နည်း
ဒါကတော့ အက္ခရာအနည်းအများအလိုက် အပိုဒ်အချင်းချင်းကာရန်တူစပ်ဆိုနည်းပါဘဲ။ ဥပမာ –
လောကိ၊ ဗောဓိ၊ မောဠိ။ တတ်မျိုး၊ မြတ်နိုး၊ မှတ်ကြိုး (၂လုံးစပ်)
မှားခဲ့ပြီ၊ သွားတဲ့ဆီ၊ အားနွဲ့မှီ။ မြတင်မေ၊ ညစဉ်ပေ၊ လှပြင်နေ (၃လုံးစပ်)
မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ (၄လုံးစပ်၊ မဲဇာတောင်ခြေ ရတု အချီပိုဒ်များ)
မယ်တို့နယ်မှာ ဆွမ်းတသပိတ်မျှ မလွမ်းတဲ့ပြင်
ပယ်ဘို့ပယ်ရာ ချွန်းအနိစ္စ ကမ္မဋ္ဌာန်းတွေနဲ့
ဘယ်သို့ဘယ်ညာ ညွှန်းစိတ်က မမှန်းရအောင်
ကျမ်းပြုသမျှ ဟိတ်တွင်မှ ပရိတ် ဗြဟ္မစိုရ်အခြေ
(အိုကွယ်) ပဋ္ဌာန်းကုသလ တိတ်ကယ်နှင့် စိတ်ကိုဖြေ (လေးချိုးကြီး)
ဒီလောက်ဆိုရင် နဘေကို မြင်လောက်ပါပြီ။
(၂) ပြန်ကဟပ် စပ်နည်း
ရှေ့ကာရန်တွေကို နောက်ကာရန်က တစ်ချက်ပြန်ငုံပြီး အစုံအလင် ဟပ်လို့စပ်သွားတဲ့ နည်းဖြစ်ပါတယ်။ ဥပမာတွေကို ကြည့်ပါ။
ဖလ်မြေ မှန်မြေ ရံဝေဘိ၊
စံရွှေအတိ ပြည့်ချက်ညှာ၊
ဟံဗွေမဟိ စည့်မျက်နှာဝယ်၊
ရှက်ဖြာ ဆက်ကာ စကြာမျိုး၊
မီးဓါတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊
ထီး ဓါတ်တန်ဆောင် မှန်ကင်းထူလို့မိုး။
ထုံးဖြစ် ဘုန်းလှစ် ကျုံးရစ်သွယ်တယ်၊
ကုန်းမြစ်အကျယ် သိန်မညှိုး၊
သုံးခေတ်အလယ် ရှိန်တခိုးနှင့်၊
ပုထိုးတော်မြတ် တိဂုန်ရှင်၊
မွှေးကြူ ရေးယူ ရှေးမူတိတ်၊
လေးဆူတံဆိပ် ဗျာဒိတ်ညွှန်သိုက်ဝင်။
အဆင့် အရင့် ပလ္လင့်ပြင်ဝယ်၊
တခွင့် တခွင် နာရီလင့်လို့၊
ရာသီ အိမ်သင့် ချိန်ပွင့်တစေ၊
သိန်တင့် သိန်သရေ၊
နတ်နန်းဘုံရွှေ့ မြတ်ပန်းခုံကွေ့ ပုံရွေ့ကြွေတယ်၊
ထုံငွေ့ဝေေ၀ သိင်္ဂုတ်တောင်ပ လေး …. ။ ။
(ဆရာကြီးဦးဝေ ရေးတဲ့ သိင်္ဂုတ္တရတောင်တော်ဖွဲ့ရှစ်ဆယ်ပေါ်တေးထပ်ဖြစ်ပါတယ်။ အလွန်တွေ့ရခဲလို့ အစအဆုံးဖေါ်ပြ ထားပါတယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားတဲ့အတွက် ဖတ်ရအောင်လို့အစအဆုံး ဖေါ်ပြပေးလိုက်ပါတယ်။)
ဒီစပ်နည်းမှာ ‘ဖလ်မြေ၊ မှန်မြေ’ ဆိုတဲ့ ရှေ့နှစ်ပိုဒ်ကို ‘ရံဝေဘိ’ ဆိုပြီး နောက်တပိုဒ်က အကုန်ပါအောင် ဟပ်ပြီး စပ်လိုက်ပါတယ်။ တခါ အဲဒီ ‘ဖလ်မြေ မှန်မြေ ရံဝေဘိ’ ဆိုတဲ့ သုံးပိုဒ်လုံးကို ‘စံရွှေအတိ’ ဆိုပြီး နောက်အပိုဒ်က ပြန်ပြီးဟပ်လို့စပ်လိုက်ပါတယ်။ ကျန်တဲ့အပိုဒ်တွေမှာလည်းအလားတူပါဘဲ။ ရှေ့ကာရန် တွေကို နောက်ကာရန်က ပြန်ကာဟပ်ပြီး စပ်လို့ ‘ပြန်ကာဟပ်’ သို့မဟုတ် ‘ပြန်ကဟပ်’ လို့ခေါ်ပါတယ် ဆိုပြီး ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ပထမအပိုဒ်က မူလကာရန်ကို သုံးလေးပိုဒ်ခြားပြီးမှ ပြန်ကာဟပ်ပြီးစပ် လို့ (အဲဒီနောက် ထိုက်သင့်သလိုရေးသားရလို့) ပြန်ကဟပ်စပ်နည်းလို့ ခေါ်တယ်လို့ ပြောထားပါတယ်။ ဥပမာ –
အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြရှိန်၊
နနွင်းသာခဲ့၊ ပယင်းဝါမှဲ့ကဲ့သို့၊ ၀င်းလဲ့လဲ့ထိန်။
နီဖလန်ဘိုး၊ ပြည်တန်မျိုးကဲ့သို့၊ သတိုးစိန်ကလေးဗျ ….
အထက်ပါ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မင်းသားကြီးအိမ်နိမ့်ပေးစာမှာ ပါတဲ့အတိုင်း ပထမသုံးပိုဒ် အဆုံးက ‘ရှိန်’ ကို နောက်ထပ် သုံးပိုဒ်ခြားပြီး ‘ထိန်’၊ နောက်တစ်ခါ သုံးပိုဒ်မြောက်ကျမှ ‘စိန်’ ဆိုပြီး ပြန်ပြီး ဟပ်ယူပြီးစပ်သလို ကာရန်ယူတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မူလအပိုဒ်တွေမှာ ယူထားတဲ့ နဘေတွေဖြစ်တဲ့ ‘အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြ’၊ ‘နနွင်းသာခဲ့၊ ပယင်းဝါမှဲ့’၊ ‘နီဖလန်ဘိုး၊ ပြည်တန်မျိုး’ ဆိုတဲ့ အစပ်တွေကို သတိပြုရပါမယ်။ ချန်ထားခဲ့လို့မရပါဘူး။ ကျနော့်သဘောကိုပြောရရင်တော့ ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းဟာ ပိုပြီးသင့်တော်တယ်လို့ ထင်ပါတယ်။
(၃) ရွက်ချပ် စပ်နည်း
သစ်ရွက်နှစ်ရွက်ထပ်နေသလို အစပိုဒ်ရဲ့ကာရန်ကို အဆုံးသတ်မှာ ထပ်ပြီးစပ်ဆိုတာကို ရွက်ချပ်စပ်နည်း လို့ခေါ်ကြောင်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားပါတယ်။ ပုံစံပြထားတာကတော့ –
ယဉ်အထပ်ထပ်၊ ရိုင်းမစပ်သည်၊ ဟပ်ပြန်ကဖက်စာ၊
သကာနှင့်ပျား၊ သကြားမတန်၊ ချိုမောဟန်သည်၊ ဟပ်ပြန်ကဖက်စာနှင့်၊
လျှောက်ပါမည်ယခု၊ နတ်တူရိယာ၊ မက သာအောင်၊ လျှောက်ပါမည်ယခုရှင့်။
ရွှေအုမယ်နာယူ၊ အယဉ်မျိုးစု၊ ပြိုင်မတုသည်၊ ရွှေအုမယ်နာယူပ …
စသဖြင့်ပါဘဲ။
ဒီလို ‘ဟပ်ပြန်ကဖက်စာ’၊ ‘လျှောက်ပါမည်ယခု’၊ ‘ရွှေအုမယ်နာယူ’ တို့ကို တခါစီ ထပ်ထပ်ပြီးစပ်ထားတာ ကို ရွက်ချပ်စပ်နည်းလို့ ခေါ်တယ်ဆိုပြီး ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ‘သစ်ရွက်ချပ်တို့မည်သည် အများအားဖြင့် ထပ်၍ချပ်၍နေသကဲ့သို့ လုံးရေ နည်းရာ၌လည်းကောင်း၊ များရာ၌လည်းကောင်း ၂ပိုဒ်စီ၊ ၂ပိုဒ်စီ ထပ်ကာချပ်ကာ နဘေသွား ရေး စပ်ရလေသောကြောင့် ရွက်ချပ်စပ်နည်းဟု ခေါ်ဆိုရ၏’ လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ …
သာကိယမဟေ၊ ပြာဋိဟအခြေဖြင့်၊
အသရေဆောင်မြင့်ကွန်းဝယ်၊ ပရမေပြောင်တင့်ရွှန်းလျက် …
အထက်ပါပြယုဂ်မှာ ‘သာကိယမဟေ’ နဲ့ ‘ပြာဋိဟအခြေ’ ဆိုတဲ့နှစ်ပိုဒ်ဟာ တပိုဒ်ကိုတပိုဒ် ရွက်ချပ်နှစ်ခု ထပ်နေသလို နဘေစပ်ထားပါတယ်။ ဒါ့အပြင် နောက်နှစ်ပိုဒ်ကိုလည်း အလားတူဘဲ စပ်ထားပါတယ်။ ဒါတွင်မကဘူး ပထမနဘေနှစ်ပိုဒ်နဲ့ ဒုတိယနဘေနှစ်ပိုဒ်အကူးမှာလည်း ကုပ်ဆက်အနေနဲ့ ‘အခြေ’ နဲ့ ‘အသရေ’ ကို ကာရန် ညီနိုင်သမျှ ညီအောင် ယူခဲ့ရပါသေးတယ်။
ဒီနဘေယူနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်ပြီး ၀ိဝါဒကွဲပြားနေပါတယ်။ ကျနော်ကတော့ ဘယ်ဟာမှန်တယ် ရယ်လို့ မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းက မှန်တယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုပ္ပါးဦးကျော်ရင် အမည်ခံ ဦးကောဝိဓ (က၀ိဘာရတီဆရာ) ကလည်း ဒီနည်းကိုဘဲ ရွက်ချပ်စပ်နည်းလို့ ဖေါ်ပြထားလို့ပါဘဲ။
(၄) ကတ္တရာ စပ်နည်း
ကာရန်တူနှစ်ပိုဒ်စီထားပြီး စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ အောက်ကဥပမာကို ကြည့်ပါ။
တဘုန်းချစ်ဖွဲ့ မိတ်မဟာငယ်၊
တလုံးလှစ်တဲ့ စိတြာနှင့်၊
ဆိတ်မကွာ ငွေယုန်နတ်ကယ်တို့၊
အတိတ်လာ ရွေစုံမတ်ပါတဲ့၊
လေသုန်ဟပ် ခွင်မိဿာကို ….
(ဘိုးဝဇီရ မှာတမ်း မှ)
ဒီအဖွဲ့မှာ ‘တဘုန်းချစ်ဖွဲ့ မိတ်မဟာ၊ တလုံးလှစ်တဲ့ စိတြာ’၊ ဆိုပြီး နှစ်ပိုဒ်၊ ‘ဆိတ်မကွာ ငွေယုန်နတ်၊ အတိတ်လာ ရွေစုံမတ်’ ဆိုပြီး နှစ်ပိုဒ်၊ ဒီလို နှစ်ပိုဒ်စီ ကာရန်တူနဘေယူပြီးစပ်တဲ့နည်းကိုခေါ်ပါတယ်လို့ ကဗျာ စွယ်စုံကျမ်းကြီးထဲမှာ ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ‘အနည်းဆုံးအားဖြင့် အက္ခရာ ၄လုံး၊ ၅လုံး ရှိသည့်အပိုဒ်တို့ကို ၂ပိုဒ်စီ ထားပြီး ပထမပိုဒ်အဆုံးနှင့် ဒုတိယပိုဒ်အစကို ခုပ်ကာကပ်ကာ ပြန်ကာလှန်ကာ ဟပ်၍ဆက်စပ်ရသော ကြောင့် ”ကတ္တရာ စပ်နည်း” ဟု ခေါ်ရ၏’ လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ …
အနန္တ ဇိန
အမိတ မှန်ကူ၊
သယမ္ဘူ အာဟိန်
သာကိန် သင်းကျစ် …
အထက်ပါပြယုဂ်မှာ ပထမပိုဒ်အဆုံးက ‘ဇိန’ကို ဒုတိယပိုဒ်အစက ‘အမိတ’နဲ့ နှစ်လုံးစီ နဘေချင်းထပ်အောင် စပ်ထားပါတယ်။ တစ်ခါ ‘မှန်ကူ’ နဲ့ ‘သယမ္ဘူ’၊ ‘အာဟိန်’ နဲ့ ‘သာကိန်’ ဆိုပြီးလဲ ရှေ့ပိုဒ်အဆုံးနဲ့ နောက်ပိုဒ်အစကို နဘေဆက်ထပ်ထားပါတယ်။ ဒါ့အပြင် အမရပူရခေတ် စာဆိုတော် ဦးစံသူ ရဲ့ မှတ်တမ်းမှာလည်း –
‘ရေးမတန် ဆွေးဟန်ကြွေလို့ မူးချည်ငဲ့
အေးမဘန် တွေးရန် တဖုံထူးလေငဲ့’
ဆိုပြီး စပ်ထားရာမှာ ‘ ရေးမတန် ဆွေးဟန်’ လို့ နဘေခံခဲ့ပြီး ‘အေးမဘန် တွေးရန်’ လို့ နဘေကာရန်ဟပ် ပြန်စပ်ထားတာကိုတွေ့ရပါတယ်။ ဒါကိုလည်း ဆရာတို့က ကတ္တရာ စပ်နည်း လို့ ခေါ်ကြပြန်ကြောင်း ပြဆို ထားပါတယ်။
ဒီ စပ်နည်းကို လေးချိုး၊ ဒွေးချိုး၊ တေးထပ် စတဲ့ကဗျာတွေမှာ သုံးလေ့ရှိတယ်လို့ဆိုပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ သိပ်ပြီး ကွဲပြားမှုမရှိလှပါဘူး။ ဒါပေမယ့် ‘အနန္တ ဇိန၊ အမိတ မှန်ကူ၊’ ဆိုတဲ့ စပ်နည်းကလည်း လှပတဲ့စပ်နည်းဖြစ်တဲ့အတွက် ဒီစပ်နည်းကိုလည်း မှတ်သားထားသင့်ပါတယ်။
(၅) ချိန်ခွင်ညှာ စပ်နည်း
ကာရန်နှစ်ခုကြားမှာ အပိုပိုဒ် တစ်ပိုဒ်အနေနဲ့ထည့်သွင်းစပ်ဆိုထားတာကို ချိန်ခွင်ညှာ စပ်နည်း လို့ခေါ် တယ် ရယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။ ဥပမာ –
‘လေရူးသုန်သုန် မြူးငယ်ကာအုံ၊ မြူမှုန်တ၀ိုက် နှင်းတလိုက်ကယ်နှင့်၊ တိမ်တိုက်ကမှောင် (မာလာရင့်နှော၊ ပန်းစုံပေါပါတဲ့၊) တောသာခေါင်တဲ့မှ တောသာခေါင်’
ဆိုတဲ့ သိင်္ဂါသံကဗျာမှာ ကွင်းအတွင်းကအပိုဒ်ကို ချိန်ခွင်ညှာပမာ ထည့်သွင်းစပ်ဆိုထားတယ်လို့ ဆိုပါတယ်။
ဒီအစပ်တွေကို ရှာပုံတော်နဲ့ ညည်းချင်းတွေမှာ အများအပြားတွေ့နိုင်တယ်လို့လဲ ပြောထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ အစပ်၆ပါးထဲက ချိန်ခွင်လျှာစပ်နည်း နဲ့ အတူတူပဲလို့ ဖေါ်ပြထား ပါတယ်။ တပိုဒ်နဲ့တပိုဒ်ကို မူလကာရန်အနေအထားအတိုင်းထားပြီး အလယ်မှာ နဘေထပ်ပေးလိုက်တာ ဘဲ ကွာတယ်လို့ ဆိုပါတယ်။ ဥပမာပြထားတာကတော့ –
စုံနံ့သာမြိုင်၊
ရဂုံတွင်း
ထုံသင်းငယ်ကြိုင်
အထက်ပါရှာပုံတော်ကြီးပြယုဂ်မှာ ကာရန်အနေအထားတွေကို ချိန်ခွင်လျှာစပ်နည်းအတိုင်းဖြစ်ပြီး ဒုတိယပိုဒ် အဆုံးက ‘ဂုံတွင်း’ကို တတိယပိုဒ်အစက ‘ထုံသင်း’နဲ့ နဘေချင်းထပ်ပေးလိုက်တာသာ ဖြစ်တယ် လို့ ဆိုထားပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်နေတဲ့အတွက် ၀ိဝါဒကွဲပြားနေပြန်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ တတ်ကျွမ်းနားလည်သူများ ရှိရင် အကြံပြုဝေဖန်ဆွေးနွေးပေးကြ စေလိုပါတယ်။
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
လေးငါးပိုဒ်လောက်စီ စပ်ဆိုသွားပြီးမှ မူလကာရန်ကို ပြန်ငဲ့တဲ့ စပ်နည်းမျိုးဖြစ်ပါတယ်။ ခြင်္သေ့မင်းဟာ လေးငါးလှမ်း လှမ်းပြီးရင် နောက်ကိုလည်ပြန်ကြည့်တတ်သလိုမျိုးနဲ့ တူလို့ ဒီနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီစပ်နည်းက သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲဖြစ်ပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကဗျာစွယ်စုံကျမ်းကြီးထဲမှာတော့ –
ဉာဏ ဉာဏ၊ ၀ိလာသသည်၊ ဉာဏစိန္တေယျာ၊
ပင်လယ်သာဂရ၊ အာကာသသည်၊ နန္တစက္က၀ါနှင့်။
မဟာဝိသယ၊ ကြွင်းမဲ့လုံးစုံ၊ ဉာဏ်တော်ခြုံသည်၊ အာရုံရှိသမျှတည်း။
ဆိုပြီး ‘စိန္တေယျာ’ ဆိုတဲ့အပိုဒ်က ‘ယျာ’ ကာရန်ကို ပင်လယ်သာဂရ၊ အာကာသသည် လို့ နှစ်ပိုဒ်ကျော်ပြီး မှ ‘နန္တစက္က၀ါ’ လို့ ‘၀ါ’ ကာရန်နဲ့ပြန်ငဲ့လိုက်ပါတယ်။ သျှိုးလိုက်ရတုစပ်နည်း လို့လဲခေါ်ပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာကတော့ –
ရွှေကြာကမုဒ်
နှင်းမှုံရနံ့
ညှင်းလှုံသန့်လျက်၊
သင်းထုံပျံ့ ရွှေနှုတ်မှ ….
ဆိုပြီး ‘မုဒ်’ ဆိုတဲ့ မူလကာရန်ကို နောက်ထပ် သုံးပိုဒ်ရောက်မှ ‘နှုတ်’ ဆိုတဲ့ အစပ်ကာရန်နဲ့ လည်ပြန် ပြန်လှည့်ကြည့်တဲ့ပုံစံမျိုးကာရန်တူစပ်ဆိုထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အတွင်းကာရန်တွေလည်း အချင်းချင်းညီရသေးတဲ့အပြင် ‘နှင်းမှုံရနံ့ – ညှင်းလှုံသန့် – သင်းထုံပျံ့’ ဆိုပြီးလဲ နဘေထပ်ခဲ့ရသေး ကြောင်း သတိပြုရပါမယ် လို့ဆိုပါတယ်။
ဒီနဘေစပ်နည်းမှာတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ ရေးထားတာက ပိုပြီး ကြောင်းကျိုးညီညွတ်ဆီလျော် တယ်လို့ ယူဆ ပါတယ်။
(၇) တေ့ဆက် စပ်နည်း
ရှေ့နောက် အပိုဒ်နှစ်ခုမှာရှိတဲ့ကာရန်တွေကို ထိပ်ချင်းဆက်ဦးတိုက်ပြီး စပ်တဲ့နည်းဖြစ်ပါတယ်။ အစပ် (၆)ပါး ထဲက ဦးတိုက်စပ်နည်းနဲ့အတူတူပါဘဲ။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကရုဏာဒေါသော၊ စောမိသည့်စိတ်၊ မဆိတ်မညံ၊ ပရိယာယ်နှင့်၊ သည်နှယ်ဖြင့်ကြံကလဲ၊ တရံတခါ၊ အာသာဆန္ဒ၊ ငွေဖလားကို၊ စိတ်ယားတိုင်းတောင့်တ၍၊ မိဿ-ပြိဿ၊ မကာရ-သိန်၊ မိန်-ကရကဋ်၊ ရုပ်ဓါတ်နိမိတ်၊ ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ ….
ဒီ ပုံစံမှာ ‘ကရုဏာဒေါသော၊ စောမိသည့်စိတ်’ ဆိုတဲ့နေရာမှာ သော နဲ့စော၊ ‘မကာရ-သိန်၊ မိန်-ကရကဋ်’ မှာ သိန် နဲ့ မိန်၊ ‘ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ’ မှာ လား နဲ့ သား၊ အစရှိသဖြင့် ဦးတိုက် ဆက်စပ် ထားပါတယ်။
ရွှင်ရွှင်ပျပျ၊ ကကသီသီ၊
ချီချီကြူးကြူး၊ ထူးထူးဆန်းဆန်း …
ဆိုတဲ့ နေမိဘုံခန်းပျို့ မှာတော့ ဦးတိုက်စပ်နည်းအတိုင်းစပ်ပြီး ပျပျ နဲ့ ကက၊ သီသီနဲ့ချီချီ၊ ကြူးကြူး နဲ့ ထူးထူး ကို နှစ်လုံးစီ လုံးတူနဘေထပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဥတိန္နပျို့မှာ –
တိုင်းအတည်တည်၊ ပြည်အစို့စို့၊ မြို့အခန်းခန်း၊ နန်းအသီးသီး၊ ထီးအဆူဆူ.. ဆိုတာလဲ တေ့ဆက်ပါဘဲ။
(၈) နဘေပြန်ကဟပ် စပ်နည်း
နဘေစပ်နည်းအတိုင်း အပိုဒ်တူတွေကို သုံးလေးပိုဒ် စပ်ဆိုပြီး တစ်ခါလိုရာကာရန်တွေပြောင်းပြီး ထပ်တူ ဟပ်လို့ စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ဘိုးဝဇီရ မှာတမ်းတခုမှာ –
သမိုက်ခြားကာ၊ တိုက်ငါးရွာက၊
ကိုဋ်ဖျားညှာ မှုန်ရွှေဝတ်ကိုတော့၊
ကုန်ခြွှေဆွတ် လှမ်းမလွယ်သောကြောင့်၊
ပမ်းမပယ်ဆွေးပုံဆင့်တာမို့၊
အေးကြုံနှင့်ဖန်စေချင်တဲ့၊
ဟန်ငွေသွင်လွှာအနုငယ်နှင့်
စာ ယခု သ လိုက်ရပါတော့မယ် …
ဒီနည်းကို ပိဋကတ်သွား၊ စာခုတ်သွား၊ ခုတ်လုံးသွား ဆိုပြီးတော့လဲ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပြထား ပါတယ်။
ဒီနဘေစပ်နည်းမျိုးတွေဟာ စာဆိုအကျော် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ တို့ရဲ့ လက်ထက်တော်မှာ မပေါ်ပေါက်သေးဘဲ အမရပူရမြို့ ဘကြီးတော်မင်းတရား လက်ထက်တော် ကျမှသာ ပေါ်ပေါက်လာခဲ့ ကြောင်း ဆရာတို့ ဆိုထားပါတယ်။
ကဗျာတပုဒ်မှာ နဘေပါတာနဲ့ မပါတာ အရသာဘယ်လိုကွာသလဲဆိုတာ အောက်က ကဗျာနှစ်ပိုဒ်ကိုသာ ယှဉ်ကြည့်ကြပါ။
(၁)
ရင်ကမူ၊ စိတ်တူညီမျှလို့၊ အောင် ပ ကု လား။ ။
ခုမှကို၊ အသစ်တဖန်ပိုလို့၊ ဦး ညို ခေ မာ ဖြစ်အောင်၊ ဘုန်းပစ်လို့သွား။ ။
(၂)
ရေဓါတ်ကယ်ကြည်၊ ခွေပတ်လည် ဟိုအငူက၊ နှစ်ဆူဘုရား။ ။
ရီကာရယ်မှောင်၊ နီလာရောင် ညိုအရွက်တွေနှင့်၊ စိုယှက်ကာ ပင်ခြေအုပ်မှာကွယ်၊ ထင်းခုတ်သမား။ ။
အထက်ပါကဗျာနှစ်ပုဒ်လုံးဟာ ဒွေးချိုးတွေချည်းဖြစ်ပြီး စည်းမျဉ်းဥပဒေနှင့်လည်း ညီတဲ့အပြင် အဓိပ္ပါယ် လည်း ကောင်းတာချည်းပါဘဲ။ ဒါပေမယ့် အသံထွက် ရွတ်ကြည့်လိုက်ရင်တော့ ဒုတိယအပုဒ်က ပိုရွတ် လို့ ကောင်းတာတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နဘေကြောင့်ပါဘဲ။ ပထမအပုဒ်မှာ နဘေ လုံးဝမပါဘဲ ဒုတိယအပုဒ်က နဘေထပ်ထားတာ တွေ့ရပါလိမ့်မယ်။
ဒါလောက်ဆိုရင် မြန်မာကဗျာမှာ နဘေရဲ့ အရေးပါပုံကို မြင်သာလောက်ပါပြီ။
ဆရာဖြစ်သူ ဦးဟယ်ရီလွင်၏ blogမှတိုက်ရိုက်ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်
Credits-
http://www.harrylwin.blogspot.com/2008/08/blog-post_29.html