နေတတ်အောင် နေကြည့်ရအောင်လေ
ကျွန်တော်တို့ လူတွေမှာ နေ့စဉ် စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေကြရပါတယ်။ သည်တော့လည်း တစ်နေ့တစ်နေ့ ကိုယ်ထင်သလိုဖြစ်မလာတဲ့အခါတို့၊ လိုအပ်ချက်တွေ သိပ်များလာတဲ့အခါတို့မှာ သိပ်ကိုစိတ်ပင်ပန်းရကြပါတယ်။ စိတ်ပင်ပန်းမှတော့ လူလည်း ဘယ်လန်းတော့မလဲပေါ့နော်။ ဒီအခါမှာ ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်မူတွေကို ဖြေဖျောက်ဖို့ နည်းလမ်းတွေ ရှာကြရတော့တာပေါ့။ ကျွန်တော်ကတော့ ကြားဖူးတဲ့ ဒီအဖြစ်အပျက် ကလေးထဲက ဖြေရှင်းနည်းကိုသိပ်သဘောကျပါတယ်။
ဒီအတွေးအခေါ်က လုံးဝပြည့်စုံတယ် မှန်ကန်တယ်လို့တော့ မဆိုလိုပါဘူး။ ဟိုအရင်တုန်းက ပေါ့ဗျာ။ ဆိုရှယ်လစ်စနစ် အရမ်းကိုထွန်းကားတဲ့ ရုရှားပြည်မှာပါ။ အဲသည်ခေတ်တုန်းးက လူတိုင်းဟာအထက်က ပါတီဗဟိုကော်မီတီဗျူရိုက သတ်မှတ်ပေးတဲ့ ခွဲတမ်းစနစ်နဲ့ဘဲ အသက်ရှင်ကြရပါတယ်။ လူတိုင်းလူတိုင်းဟာ နိုင်ငံတော်အတွက် အလုပ်လုပ် နိုင်ငံတော်က နေစရာစားစရာတွေကို ဖန်တီးပေးတာပေါ့ဗျာ။ အဆင်မပြေရင်တော့ တင်ပြပေါ့။ မော်စကိုနဲ့ မနီးမဝေးမှာ ရှိတဲ့ ဘုံလယ်ယာမြေစခန်းမှာ အီဗန်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ သူက လုပ်ငန်းခွင်အပြီးမှာ အပေါင်းအသင်းတွေနဲ့ဆုံရင် သူ့အခက်အခဲတွေကို နေ့စဉ်နဲ့အမျှခိုညည်းသလို ညည်းပါတယ်။ ကြာတော့ နားပူတာမခံနိုင်ကြတော့ အထက်ဗျုရိုကို တင်ပြဖို့ ၀ိုင်းပြောကြတာပေါ့။ ဒါနဲ့ဘဲ အီဗန်က သည်လိုတင်ပြပါတယ်။
“လွန်ခဲ့တဲ့ (5) နှစ် အိမ်ထောင်စပြုခါစက အဆင်ပြေပါတယ်။ ဘုံလယ်ယာမြေက ချထားပေးတာနဲ့ နေလောက်စားလောက်ပါတယ်။ အခု ကလေးကလည် 5 ယောက် တိုးပွားလာပါတယ်။ နောက်ပြီးတော့ မိန်းမဘက်က အမေရယ် ညီမတစ်ယောက်ရယ် ကျွန်တော့်ဘက်က အဖေရယ် ညီတစ်ယောက်ညီမတစ်ယောက်ရယ်ဆိုတော့ အားလုံးပေါင်း လူတစ်ဒါဇင်ဟာ အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ပြီးနေရတော့ အဆင်မပြေပါဘူး ဒါကြောင့် အခန်းကျယ်ကျယ်လေးပေးဖို့ တင်ပြပါတယ် “လို့ လူကြီးတွေကို တင်ပြပါတယ်။ ဒါနဲ့ဘဲ လူကြီးတွေက သည်အပတ် အစည်းအဝေးမှာ သူ့ကိစ္စကို အထူးကိစ္စတရပ်အနေနဲ့ စဉ်းစားပေးပြီး အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ဘဲ အီဗန်လဲ ကျေနပ်ပြီးလဲပြန်လာတာပေါ့။ ခါတိုင်းလိုလည်း မညည်းတော့ဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ပါသတဲ့။ မျှော်လင့်ချက်ကလေး ရှိလာတာကိုး။ ဒါနဲ့ပဲသူတင်ပြပြီးလို့ (13) ရက်မြောက်တဲ့နေ့ သူအလုပ်ကပြန်လာချိန် အိမ်မှာ ဧည့်သည်တွေရောက်နေပါတယ်။ သူတို့က အထက်ဗျူရိုက လွတ်လိုက်တဲ့ လူတွေပါတယ်။ အီဗန်တင်ပြထားတဲ့ကိစ္စကို ဆောင်ရွက်ပေးဖို့ တာဝန်ပေးအပ်ခံရတဲ့သူတွေပါလို့ပြောပြီး အိမ်ထဲကို သူတို့ယူလာတဲ့ ကြက်မိသားစု (6) ကောင်ရယ် ဆိတ် (2) ကောင်ရယ်ကို ထားသွားပါတယ်။ အီဗန်ခမျာမှာ အထက်က ချပေးတဲ့ အမိန့်ဆိုတော့ ငြင်းလို့မရပါဘူး။
သူလဲ အိမ်မှာတောင် မနေချင်လောက်အောင် တော်တောာ်ကြီးကို စိတ်ညစ်သွားပါသတဲ့။ ညည အိပ်မယ်ကြံရင် ဆိတ်က” တဘဲဘဲ”အော် မနက်အိပ်ကောင်းပြီဆို ကြက်မိသားစုက
“ကတော် ကတော်”နဲ့ ဆူဆိုတော့ သူ့မှာ ရူးချင်စိတ်တောင်ပေါက်လာပါသတဲ့။ ဒါနဲ့နောက်တပတ်အားလပ်ရက်မှာ အထက်ကိုသွားလို့တင်ပြတဲ့အခါ “နောက်တော့ အဆင်ပြေသွားမှာပါ “လို့ဘဲ နှစ်သိမ့်ပြီး ပြန်လွှတ်လိုက်ပါသတဲ့။ သူလည်း ဘာမှမတတ်နိုင်တော့ ဒီအတိုင်းဘဲ နောက်တစ်လလောက်အကြာမှာ ကြက်တွေနဲ့ ဆိတ်တွေထားသွားတဲ့သူတွေ ထပ်ရောက်လာပြီး သူတို့ထားခဲ့တာတွေကို ပြန်ယူသွားကြသတဲ့။
အဲဒီနေ့က စလို့ အီဗန်မှာအိမ်ကလည်း ပိုကျယ်လာသလို တောင်ထင်လာသလို အခုမှ လွတ်လွတ်လပ်ရှိပြီး စိတ်လည်း အတော်ချမ်းသာသွားပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာပါသတဲ့။
ကဲ ကျွန်တော့်တို့ဘ၀တွေမှာလည်း သိပ်မွန်းကျပ်လာရင် သိပ်ခက်ခဲတယ်လို့ ထင်လာရင် သည့်ထက်ပို ခက်ခဲသောကိစ္စတွေရှိနေသေးတယ်၊ ကိုယ်ဒုက္ခရောက်နေတယ်ထင်ရင် ကိုယ့်ထက် ပိုဆိုးတဲ့သူတွေ ပိုဒုက္ခရောက်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုတာကိုသာ လက်ခံနိုင်မယ်ဆိုရင် စိတ်တင်းကျပ်တာတွေ၊ ညစ်နေတာတွေ အတော်အတန် ပြေပျောက် သွားမယ်လို့ ထင်ပါတယ်ဗျာ။
ကဲ ဒီနေ့ကပဲ စကြည့်လိုက်ရအောင်နော်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး