Professional Authors

မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

        ရာဇဝင် အတ္ထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်း ရယ်” ရေဒီယိုသံကိုမြှင့်ပြီး ဆက်ဖွင့်ထားလိုက်ရတယ်။ “ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” လေလှိုင်းထဲက သံစဉ်တွေ ပီပီပြင်ပြင် တစ်လုံးချင်း ထွက်ကျလာနေတယ်။ နားထောင်နေရင်းက ယူကျုံးမရ တသသ အလွမ်းတွေနဲ့ ရင်ထဲမှာ ဝမ်းနည်း စိတ်တွေက နေရာယူလာကြတယ်။

“ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့ …” ကျွန်တော်တို့ အားလုံးရဲ့ ကျေးဇူးရှင်ကြီးကိုမှ၊ ပြည်သူ ပြည်သားတွေ ချစ်ခင် လေးစားတဲ့၊ အားကိုး တန်ဖိုးထားတဲ့ ဒီလို ခေါင်းဆောင်ကြီးကိုမှ၊ ဖခင်ကြီးကိုမှ အကြံပက်စက်၊ ဆန်ကောလောက်မှ ဇောက်မနက်သူတွေက လုပ်ရက်လိုက်ကြတာ။ စိတ်နဲ့တောင်မှ မပြစ်မှားရဲတဲ့ တိုင်းပြည်ရဲ့ ဖခင်ကြီးကို လုပ်ကြံတယ်ဆိုတာ ကိုယ့်ဖခင်ကို လုပ်ကြံတာနဲ့ မခြားတော့။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျွန်တော်တို့ အိမ်ထောင်စုရဲ့ ဖခင်ပမာ ကျွန်တော်တို့ ပြည်ထောင်စုရဲ့ ဖခင်ပါပဲ။

စိတ်ကောင်း နှလုံးကောင်းရှိသူမှာ အားနည်းချက် တစ်ခု ရှိတတ်တယ်တဲ့။ အဲဒီ အားနည်းချက်က ဘာလဲဆိုတော့ တစ်ဖက်သားရဲ့စိတ်ကို ကိုယ့်စိတ်မျိုးလို အောက်မေ့နေတတ်ခြင်းပါပဲတဲ့။ “ကျွန်တော့် လိပ်ပြာ ခုံရုံးရှေ့မှာ မားမားမတ်မတ် အစစ်ခံရဲတယ်” “ကျွန်တော့် လိပ်ပြာကတော့ အစဉ် သန့်ရှင်း လျက်” ဆိုတဲ့ ဖခင် ဗိုလ်ချုပ်၊ ခုတော့ အားလုံးက စိတ်နာကြတဲ့ လိပ်ပြာ မလှသူတွေရဲ့ လက်ချက်နဲ့ပဲ အသက်ဆုံးခဲ့ရပြီလေ။ လူအမျိုးမျိုး စိတ်အထွေထွေကို ဗိုလ်ချုပ် မသိမဟုတ် သိပေလိမ့်မယ်။ ဒါပေမဲ့ ငါ့တိုင်းပြည်အတွက် လုပ်နေတာပဲ၊ ငါ့အတွက် လုပ်နေတာ မဟုတ်၊ ဒါမှ သူတို့ လုပ်ကြံလည်း ခံလိုက် ရုံပဲရှိတယ်ဆိုတဲ့ စိတ်ထားမျိုး ရှိတဲ့သူ။ သူ့အသက်ကို သူမငဲ့ တိုင်းပြည်အတွက်ပဲ သူ တွေး အာဇာနည် သွေး အပြည့်ရှိတဲ့သူ။

“အာဇာနည်ဆိုတာ ယုံကြည်ချက်နဲ့ အသက် ယှဉ်လာရင် ယုံကြည်ချက်ကို မစွန့် အသက်ကို စွန့်တယ်” တဲ့။ ကျောင်းသား ခေါင်းဆောင် တစ်ဦး ပြောခဲ့တာပါ။ “အာဇာနည်မျိုး၊ သေရိုးမရှိ” တဲ့။ သွေးထွက်အောင် မှန်တဲ့ စကားတွေဆိုတာ အာဇာနည်နေ့က သက်သေပြနေပါတယ်။ “ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ် အာဇာနည် အစစ်တွေ ရှိဖို့ မွေးရမယ်” တဲ့။ အာဏာရှင်စနစ် တွေနဲ့တော့ နားကြား မလွဲစေချင်ပါ။ “အာဏာရှင်ဆိုးကတော့ ရှင်ရိုး မရှိနိုင်ပါ”။ အာဇာနည်ဆိုတာ လူသေလည်း နာမည် မသေသူပါ။ အာဏာရှင်ဆိုတာကတော့ လူမသေလည်း နာမည် သေသူပါပဲ။ လူပါ သေလို့ကတော့ တွေးသာ ကြည့်ပါလေ။

ဒီကနေ့ခေတ် လူငယ်တွေက “အာဇာနည်ဆိုတာ အဆိုတော်ကို ပြောတာလားဟင်” လို့ မေးခွန်း အထုတ်ခံရလောက်အောင် အာဇာနည်နေ့ကို သေးသိမ်အောင်၊ မှေးမှိန်အောင် လုပ်ခဲ့တဲ့ကာလ တစ်ခုကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ကာလရှည် တစ်ခုကို ဖြတ်သန်းခဲ့ရတာပါ။ အာဇာနည်တွေ ကျဆုံးခဲ့ တာ ဝမ်းနည်းစရာ ကောင်းသလို မှေးမှိန်အောင် လုပ်နေရက်ကြတာဟာလည်း ဝမ်းနည်းစရာ တစ်မျိုး ကောင်းနေပါတယ်။ မလုပ်ထိုက်တာ၊ မဖြစ်သင့်တာ၊ စိတ်စေတနာ မမှန်ခဲ့တာပါ။ “ခုတော့ နည်းနည်း တော်သေးတယ်။ အရင်တုန်းက ဒီထက် ပိုဆိုးတယ်” ဆိုတဲ့ အသံတွေလည်း ကြားနေရသေးတော့ တော်လက်စနဲ့ များများပဲ တော်လိုက်ပါလား။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများကို လုပ်ကြံခဲ့ကြတဲ့ ဂဠုန် ဦးစောနဲ့ အပေါင်းအပါများကတော့ ရာဇဝတ်ဘေး ပြေးမလွတ်တဲ့ သေဒဏ် စီရင်ချက်တွေနဲ့ ဇာတ်သိမ်းလည်း မလှ၊ သမိုင်းလည်း မလှနိုင်တော့။ သူမလှတာက အရေးမကြီး၊ သမိုင်းမှာ လူယုတ်မာ ဖြစ်ခဲ့လေတော့ မိဘမကောင်း သားသမီးခေါင်း ပြန်ဖြစ်ခဲ့ရပြီး သားစဉ်မြေးဆက် အနေကျုံ့ရတဲ့ ဘဝတွေကို ရင်ဆိုင်နေကြရဆဲပါ။

ဒီနေရာမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ “မုဆိုးမ ဖြစ်ရတာချင်း အတူတူ ကျွန်မကမှ ဂုဏ်သရေရှိ မုဆိုးမ ဖြစ်ရပြီး သူ့ခမျာ ဂုဏ်သရေမဲ့သူလို့ ခံစားနေရသူအပေါ်မှာ နစ်နာကြေး ရလိုကြောင်း ရှင်တို့ ပြောသလို မတောင်းဆိုနိုင်ပါဘူး” ဆိုတဲ့ စကားရယ်။

သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဦးစောက ကျွန်မ ဖေဖေကို သတ်တယ်လို့ ကျွန်မဘယ်တုန်း ကမှ မယူဆခဲ့ပါဘူး။ နိုင်ငံရေးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်” ဆိုတဲ့ စကားတွေဟာ ကြားမိသူတိုင်း မအံ့သြဘဲ မလေးစားဘဲ မနေနိုင်တဲ့ စကားတွေပါပဲ။ ကြည့်စမ်းပါဦး ဗိုလ်ချုပ်သာ စိတ်ထားလှတာ မဟုတ် သူ့မိသားစုရဲ့ စိတ်ထားတတ်ပုံကလည်း ဗိုလ်ချုပ်လိုပါပဲလားဆိုတဲ့ အသိနဲ့ လေးစားမိပါတယ်။

ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး ခံယူချက်တွေဟာ မြင့်မားသလို မြင့်မြတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့တပ်ကို သူ မိန့်ခွန်းခြွေတော့လည်း “တို့စစ်တပ်ဟာ နိုင်ငံသားတွေအပေါ်မှာ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်က နိုင်ငံရဲ့ အစေခံ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရ” ပါတဲ့။ ဒါဆိုရင် တပ်မတော် ရဲ့ ခေါင်းဆောင်ဆိုတာလည်း နိုင်ငံရဲ့ အစေခံ ခေါင်းဆောင်ကြီးလို့ပဲ သူ့ကိုယ်သူ ခံယူထားပေလိမ့် မည်။ သြော် ဗိုလ်ချုပ်၊ ဦးထိပ်ပန်ဆင်သူက ပြည်သူ။ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့ အရေး။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးပဲ။ သူ့အတွေးထဲမှာရှိလို့ မြင်းလောင်းတဲ့ပွဲ သွားဖို့အရေးဟာ သူ့အရေး မဟုတ်။ ရုပ်ရှင်ရုံရဲ့ အထူးတန်းမှာ အထူးအဆန်း လုပ်မနေ။ ရှေ့ဆုံးတန်းက ထိုင်ခုံအစုတ် မှာ နေရာယူရင်း ရုပ်ရှင် ကြည့်ရတာသာ သူ့ဘဝရဲ့ အရသာ။

နိုင်ငံရေးသမား ဘဝနဲ့ ရွေးကောက်ပွဲ မိန့်ခွန်းမှာ “ကျွန်တော် တိုင်းပြည်ကို တစ်ခါဖူးမျှ တစ်ပတ်မရိုက် ခဲ့ဖူးတာကို လူထု ကောင်းကောင်း သိပါတယ်” တဲ့။
“ဖဆပလကို မဲပေးပါ။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရပါမယ်” တဲ့။ ဒီတစ်ခါ လွတ်လပ်ရေးဟာ စစ်တလင်း အပြင်းစား မဖြစ်စေရအောင် တိုက်ပွဲဝင်တဲ့နည်းကို မသုံး တောင်းဆိုတဲ့ ဗျူဟာကို ပြောင်းပြီး သုံးခဲ့တယ်။ ပြည်တင်းရင် မင်းမခံနိုင်ဆိုသလို တင်းပြည့် ကျပ်ပြည့် လူထု ထောက်ခံမှု ရရှိထားတဲ့ အဖွဲ့ချုပ်ကြီးကို ဗြိတိသျှ အစိုးရက အရေးတယူ တွေ့ဆုံ ဆွေးနွေးပြီး ဗိုလ်ချုပ်ဟာ လန်ဒန်မြို့မှာ အောင်ဆန်း အက်တလီ စာချုပ်ကို လက်မှတ် ရေးထိုးပြီး လုံးဝ လွတ်လပ်ရေးကို တစ်နှစ်အတွင်း ရယူစေခဲ့တယ်။
ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုးဟာ တစ်ခေတ်မှာ တစ်ယောက် ပေါ်ပေါက်ခဲလှပါတယ်။

သတင်းစာဆရာ ဦးပုကလေး ပြောသလို “ဗိုလ်ချုပ်လောက် လူထု ကြည်ညိုခံရတဲ့ ခေါင်းဆောင်မျိုး မရှိသေး။ ရောက်လေရာ မြို့ရွာတိုင်းမှာ လူထုက ဝိုင်းအုံ တိုးဝှေ့ ကြည့်ကြလွန်းလို့ အိမ်သာသွားတာ ကိုတောင် ဝိုင်းပြီး လိုက်ကြည့်နေတော့ သိပ်ခွကျတာပဲလို့ ဗိုလ်ချုပ် ကိုယ်တိုင် ညည်းညူဖူးတယ်” လို့ ဆိုပါတယ်။ ဘွားဘွားတို့ကလည်း တရားပွဲအပြီးမှာ ဗိုလ်ချုပ်ကိုမှ ကြည့်ပါရစေ မြင်ပါရစေ ပူဆာနေ ပြန်တော့ “ကျွန်တော်ဟာ ဗိုလ်ချုပ်ပါပဲ ခင်ဗျာ” လို့ ဘွားဘွားတို့နား သွားရပ်ပြ ရရှာတယ်။ ဘွားဘွား က ဗိုလ်ချုပ်လက်ကို ကိုင်ကာ စမ်းတဝါးကြည့်ပြီး “သြော် ဗိုလ်ချုပ်ဆိုလို့ ကြီးလှ မှတ်တယ်။ ငယ်ငယ်ပဲ ရှိသေးသကိုး” ဆိုပြီး ဝမ်းသာမျက်ရည်တွေ လည်လို့ပါလား။

ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီးအဖြစ် သမိုင်းတင်ခဲ့ကြပါတယ်။ မဆလ တစ်ခေတ်က ပါတီ ဥက္ကဋ္ဌကြီးကို တပ်မတော် ဖခင်ကြီးအဖြစ် ဘုန်းတော်ဘွဲ့ ရေးသူတွေက တင်စားတော့ ဥက္ကဋ္ဌကြီးက သူ့ကိုယ်သူ စိတ်မလုံနိုင်ရှာ တော့ဘဲ “မိမိဟာ တပ်မတော်ဖခင် မဟုတ်ပါကြောင်း၊ တပ်မတော် ဖခင်ဟာ ဗိုလ်ချုပ် အောင်ဆန်း သာလျှင် ဖြစ်ပါကြောင်း” ပြန်လည် ဖြေရှင်းလိုက်ရတဲ့ အဆင့်ကို ရောက်သွားရပါတော့တယ်။

တိုင်းပြည်ရဲ့ ဖခင်တို့၊ အမျိုးသား ခေါင်းဆောင်တို့ဆိုတာ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့က ပေးလို့ ဒီနာမည်တွေ ဖြစ်လာတာ မဟုတ်ပါဘူး။ သမိုင်းက ပေးတာ၊ ပြည်သူက ပေးတာပါ။ ဒါကိုမှ မနာလို တိုရှည် လုပ်နေရင်တော့ သမိုင်းရဲ့ ဒဏ်ခတ်ခံရဖို့ပဲ ရှိပါတယ်။ ဗိုလ်ချုပ်ကို ငတိလို့ သုံးခဲ့သူကို ကျွန်တော် အံ့သြတယ်။ အောင်စန်းကနေ အောင်ဆန်း ဖြစ်လာတာပါ ဆိုသူကို ကျွန်တော် ရယ်ချင် တယ်။ ဟုတ်လည်း မဟုတ်၊ မှန်လည်း မမှန်၊ သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးယုတ်စေတဲ့ စကား ဘာလို့များ ပြောရလဲ စဉ်းစားတယ်။ ဗိုလ်ချုပ်လည်း မရှိရှာတော့ အလကားနေရင်း အလကားလူ ဖြစ်ချင်နေလားတော့ မသိ။ အသိတစ်လုံး အခက်ဆုံး ဆိုတာလိုပေါ့။

ဘယ်သူတွေ ဘာပဲပြောစေ ပြည်သူတွေကတော့ ဗိုလ်ချုပ် ရုပ်ပုံလွှာတွေကို ဧည့်ခန်းမှာ၊ အိမ်ဦးခန်းမှာ ဂုဏ်ယူစွာ၊ ကြည်ညိုစွာ၊ လေးမြတ်စွာ နေရာပေးဆဲ၊ ချိတ်ဆွဲနေကြဆဲ။ ဗိုလ်ချုပ်ကို ရာထူး တစ်နေရာ ပေးတော့ ဗိုလ်ချုပ်က ပြောဖူးပါတယ်။ “သူတို့ပေးတဲ့ ရာထူးဆိုတာ ပြည်သူက ပေးတဲ့ အမျိုးသား ခေါင်းဆောင်ဆိုတာနဲ့ ယှဉ်ရင်တော့ ခြေစာမှုန့် အဆင့်ပါပဲ” တဲ့။ ဧည့်သည် တစ်ဦးက “ဗိုလ်ချုပ်အိမ်ရဲ့ နောက်ဖေးပေါက်က အဝင်မှာ သူ့ရဲဘော်လေးတွေက ထမင်းဝါခဲ၊ ငါးပိရည်ကျဲနဲ့ စားနေကြတယ်။ အဲဒါနဲ့ နောက်ဖေးခန်းကနေ ဖြတ်သန်းပြီး ဗိုလ်ချုပ်တို့ ဇနီးမောင်နှံ နှစ်ဦး ထမင်းစားနေတဲ့အခန်းကို ရောက်ပြန်တော့ သူတို့စားနေကြတာလည်း ထမင်းဝါခဲနဲ့ ငါးပိရည်ကျဲပါပဲ” တဲ့။ ရဲဘော် ရဲဘက်စိတ် ဆိုတာထက် ဖခင် ဗိုလ်ချုပ် ထားရှိတဲ့ ရဲဘော် ရဲဘက်စိတ်လို့ပဲ ပြောချင်ပါတယ်။ သြော် ဒါကြောင့် လည်း ဆရာ ဦးအောင်သင်းရဲ့ စာပေ ဟောပြောပွဲ တစ်ခုမှာ “ဗိုလ်ချုပ်တို့လို ရှေ့ကလူတွေ မစားဘဲနဲ့ စွန့်သွားကြလို့ နောက်လူတွေ မစွန့်ဘဲနဲ့ စားနေနိုင်ကြတာ မဟုတ်လား” တဲ့။

ဗိုလ်ချုပ်ဟာ ကျောင်းသားဘဝမှာလည်း ကျောင်းသား သမဂ္ဂကို ဦးဆောင်ခဲ့သူ။ စစ်သားဘဝမှာလည်း တပ်မတော် ခေါင်းဆောင်၊ နိုင်ငံရေးသမား ဘဝမှာလည်း ဖဆပလရဲ့ ခေါင်းဆောင် ဘဝတွေနဲ့ အသက် ၃၂ နှစ်မှာပဲ မြန်မာသိ၊ ကမ္ဘာသိ ထင်ရှားခဲ့သူပါ။ ဒီအရွယ်နဲ့ ဒီတာဝန်တွေကို ကျေပွန်စွာ အသက်ပေး ထမ်းရွက်ခဲ့သူ တစ်ဦး၊ သူရဲကောင်း တစ်ဦး၊ အာဇာနည်ကြီး တစ်ဦး ဖြစ်ခဲ့လေတော့ အကယ်၍ ဗိုလ်ချုပ်သာ လုပ်ကြံမခံရဘဲ တိုင်းပြည်ကို ဆက်လက် ဦးဆောင်နိုင်ခွင့် ကြုံခဲ့ရင် ဒီတိုင်းပြည်ကြီးဟာ ကမ္ဘာ့အလယ်မှာ အလှထည်ဝါလာမှာပဲ ဆိုတာကို လူတွေ ခံစားနေခဲ့ကြတာပါ။

နောက်တော့ “သခင်အောင်ဆန်း ပေတစ်ရာပေါ်မှာ သွေးစွန်းခဲ့ပြီ အဖရေ့” ဆိုတဲ့ သီဆိုသံတွေ၊ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေ၊ “ခွပ်ဒေါင်း အလံကို ချိုးဖျက်လို့ရမယ်၊ ခွပ်ဒေါင်း စိတ်ဓာတ်ကိုတော့ ချေဖျက်လို့ မရဘူး” ဆိုတဲ့ ကျူးရင့်သံတွေနဲ့ အတူ ၆၂ တွေ၊ ၈၈ တွေကို ကျွန်တော်တို့ ကာလ ကြာရှည်စွာ ဖြတ်သန်းခဲ့ကြရတယ်။ လွတ်လပ်စ တိုင်းပြည်နုနု ဘဝမှာတုန်းက ပြည်တွင်းစစ် မီးတောက်တွေ ဝိုင်းခဲ့လို့ပါဆိုပြီး တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ဆိုတဲ့ စာအုပ်မျိုးတွေ ဖတ်ခဲ့ရတယ်။ တိုင်းပြည်က ရင့်လာပြန်တော့လည်း မုန်တိုင်းက သင့်ကောင်းတုန်း။ မုန်တိုင်းပြီးရင် လေပြေလာသတဲ့။ ခုလာနေတာ လေပြေ ဖြစ်ပါစေ။

ကလေးဘဝတုန်းက “အမေ မိုးရာသီကို မိုးတွင်းလို့ခေါ်၊ ဆောင်းရာသီကို ဆောင်းတွင်းလို့ ခေါ်ပြီး နွေရာသီကိုတော့ နွေတွင်းလို့ ဘာလို့ မခေါ်တာလဲဟင်” တဲ့။ သူမေးတဲ့ မေးခွန်းကို သူ့အမေ ဒေါ်စု ဘယ်လို ပြန်ဖြေရမှန်းမသိ။ အရွယ်ရောက်လာပြန်တော့ “လောကဓံတရားရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးအလိမ်းလိမ်းတို့ဖြင့် နီရဲနေသည်။ သို့သော် ညွတ်ကား မညွတ်” ဆိုတဲ့ ကဗျာလေးဟာ သူ့ရဲ့ အိတ်ဆောင် ကဗျာလေး ဖြစ်ခဲ့ပြန်ပါတယ်။ နိုင်ငံရေးသမား ဘဝမှာတော့ “ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင် လုပ်ရမယ်။ ဒီဝါဒသာလျှင် လွတ်လပ်ရေးနဲ့ ဆီလျော်တယ်” တဲ့။ ဒီကနေ့အထိ ငြင်းချက် မရှိနိုင်တဲ့ အဆိုအမိန့် တစ်ခု။

“လွတ်လပ်ရေး ရပြီးရင်တော့ အေးအေးဆေးဆေး စာရေးဆရာ လုပ်ချင်တယ်” တဲ့။

တကယ်ဆို ဗိုလ်ချုပ်ဘဝမှာ အေးအေးဆေးဆေး ဖြတ်သန်းခဲ့ရတယ်ဆိုတာ မရှိခဲ့။ အိပ်လည်း နိုင်ငံရေး၊ ကြမ်းပိုးထိုးတဲ့ အိပ်ရာမှ ရွေးပြီး လှဲအိပ်ခဲ့သူ။ စားလည်း နိုင်ငံရေး။

“ကြည် ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” တဲ့။ ဒေါ်ခင်ကြည်ကို မနှိုးရက်တော့။ အိပ်ရာဘေးမှာ ရေးထားခဲ့တဲ့ သူ့စာလေး တစ်စောင်။ ရိုးသားတဲ့ သူ့နှလုံးသားက ပဲပြုတ်နဲ့ နံပြားကို မရရင်တောင်မှ နေပါစေ။ ရရင်သာ စားချင်တယ်လို့ ပြောမိတာ။ ရေးမိတာ။ ဗိုလ်ချုပ် ဘဝနဲ့ မတန်လိုက်တာ ဗိုလ်ချုပ် ရယ်။ ဒီစာလေးကို ဖတ်မိပြီး၊ ခံစားမိပြီး မျက်ရည်ကျရသူတွေ ရှိတယ်။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးနဲ့။ တို့ဗိုလ်ချုပ်ဆိုတာ ဒီလို ရိုးသားသူ၊ ဒီလို ကြိုးစားသူ၊ ဒီလို တွေးတတ်သူ၊ ဒီလို ပေးဆပ်ခဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်က “ဖေဖေ့ကို လူတွေက အင်မတန် တော်တယ်လို့ ချီးမွမ်းကြပါတယ်။ တကယ်တော်တဲ့ အချက်အလက်ကတော့ ဖြောင့်မတ်မှုပါပဲ” တဲ့။ ဒါကြောင့်လည်း ပြဋ္ဌာန်း မြန်မာစာ ထဲမှာ ‘ဗိုလ်ချုပ်အောင်ဆန်း၏ အတုယူဖွယ်ရာ အရည်အချင်းကောင်း တစ်ရပ်မှာ အမှန်တရားကို ချစ်မြတ်နိုးပြီး လိမ် မပြောတတ်ခြင်းပင် ဖြစ်သည်’ လို့ ဖော်ပြထားတာပါ။

ဗိုလ်ချုပ်အကြောင်း ရေးရရင် ဆောင်းပါး တစ်ပုဒ်နဲ့ ပြီးမသွား၊ စာတစ်အုပ်နဲ့ မပြည့်စုံ၊ စာအုပ်တွေ ငါးဆယ်၊ တစ်ရာနဲ့လည်း လက်စ မသတ်နိုင်။ လူရဲ့ အနှစ်သာရသည် ကိုယ်ကျင့်တရား ဖြစ်တာမို့ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျင့်တရား ကောင်းမှုကြောင့်ပဲ ဗိုလ်ချုပ်ကို ကြည်ညိုကြတဲ့အလျောက် အာဇာနည်နေ့ကိုလည်း မမေ့ကြ။ ဗိုလ်ချုပ်နဲ့ ရဲဘော်ကြီးများ ဖြစ်ကြတဲ့ သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ သက်တော်စောင့် ကိုထွေး စတဲ့ ကံတူ အကျိုးပေး တိုင်းပြည်ရဲ့ အာဇာနည် သွေးတွေကို နှစ်စဉ် တွေးရှု၊ အလေးပြုလို့ မဆုံးနိုင်ကြ။

ဘုရား ပရိနိဗ္ဗာန်ပြုမယ့်အချိန် အာနန္ဒာက ဝမ်းနည်း ပူဆွေး ငိုကြွေးနေတော့ ဗုဒ္ဓ ဘုရားရှင်က “ညီတော် အာနန္ဒာ၊ ငိုကြွေးနေရုံနဲ့ ငါဘုရားကို ချစ်ရာ မမည်၊ ငါဘုရား ဟောကြားခဲ့တဲ့ တရားတော် အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ပါမှသာ ငါဘုရားကို ချစ်ရာ ရောက်မယ်” တဲ့။ ကျွန်တော်တို့ ချစ်ရာရောက်အောင် ဗိုလ်ချုပ်စကား နားထောင်၊ ဗိုလ်ချုပ်ခင်းတဲ့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်း ဖို့တွေ ရှိနေပါတယ်။ ဗိုလ်ချုပ်ဆိုတာ ရာဇဝင်ရှိ သမိုင်းရှိတဲ့သူ၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ မြင့်မြတ် လှစွာသော အာဇာနည်ကြီး၊ မြန်မာမှာလည်း မြင့်မြတ်သူ၊ ကမ္ဘာမှာလည်း မြင့်မြတ်သူ၊ အပြင်မှာလည်း မြင့်မြတ်သူ၊ သီချင်းထဲမှာလည်း စောစောကပဲ ကြားလိုက်ပါတယ်လေ။

“ရာဇဝင် အတ္ထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်း ရယ်”

                                                                                          မြင့်ဇေ
                                                                                 ( မူရင်း – ကိုဌေးအောင်)

In: ဆောင်းပါး Posted By: Date: Jul 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment