“အကြွေး”
* ကျော်ဟိန်း နာမည်ကြီးခဲ့တဲ့ အကြွေးတော့မဟုတ်ပါဘူး။
တစ်ရက်သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လေကန်နေကြရင်း
လုပ်ငန်းအကြောင်း ရောက်သွားကြပါတယ်။ အဲဒီမှာ တစ်ယောက်က သူများကို သူချ ပေးထားတဲ့ အကြွေးတွေ ပြန်ကောက်လို့ မရတာကနေစပြီး ပြောလိုက်တော့ လူတိုင်း ကြုံတွေ့နေရတဲ့ကိစ္စဆိုတော့ တစ်ယောက်တစ်ပေါက်ပြောနေကြရင်း ဇာတ်ရှိန်မြင့်လာပါတယ်။ တစ်ယောက်က “သွားတောင်းလိုက်ရင် နက်ဖြန် နက်ဖြန်နဲ့ နက်ဖြန်ပေါင်းကို မကုန်နိုင်တော့ဘူး” လို့ ပြောတော့ တစ်ယောက်က ” နက်ဖြန်ဆိုတာ တစ်ညအိပ်လိုက်ရင် ရောက်သွားတာပါကွာ “လို့ ပြောပါတယ်။
နောက်တစ်ယောက်ကတော့
” လူတိုင်း စိတ်ညစ်ရတဲ့ အုံးစားတဲ့ ဒီအကြွေးဆိုတာကြီးကို ဘယ်ကောင်ကများ လက်ဆော့ ပြီး ထွင်သွားလဲမသိဘူး ”
လို့ ညည်းပြောပြောပြီး မေးလိုက်တာကြောင့် သည်အဖြေလေးပေးလိုက်ပါတယ်။
မှန်သလား ဟုတ်သလားလို့ တော့ မမေးပါနဲ့ ကျွန်တော်လည်း ကြားဖူးတာလေးကို ပြန်ပြီး ဖောက်သည်ချတာပါ၊
ဟိုအရင် ကျောက်ခေတ်အစမှာ ရောင်းတယ် ၀ယ်တယ်ဆိုတာ မရှိပါဘူး။
“ဘာတာ စစ်စတမ်”လို့ ဘိုလိုခေါ်တဲ့ ပစ္စည်းကိုပစ္စည်းနဲ့ တန်ဖိုးသတ်မှတ်ပြီး လဲကြပါသတဲ့။
ဥပမာ စပါး (၃) ပြည်ကို ကြက်တစ်ကောင်။
ကြက်(၂)ကောင်ကို သားရေ တစ်ချပ်။
သားရေ(၁)ချပ်ကို ဆိတ်တစ်ကောင် ဆိုသလို ကိုယ်နဲ့ သူနဲ့ အကြိုက်ညီရင် အလုပ်ဖြစ်သွားတာပါဘဲ။
ဒါပေမယ့် နောက်ကြာလာတော့ လိုအပ်ချက်တွေ မကိုက်ညီတဲ့ ကိစ္စတွေနဲ့ ကြုံလာရပါသတဲ့။
ဆိတ်ရှိတဲ့သူက သားရေ မလိုချင်ဘူး သားရေရှိတဲ့လူက ဆိတ်လိုချင်တယ်။
ကြက်ရှိတဲ့ သူက စပါးမလိုချင် စပါးရှိသူက ကြက် မလိုချင် သားရေလိုချင်တယ်တဲ့။ လိုအပ်ချက်နဲ့ မကိုက်ညီကြတော့ပါဘူး။
ဒီအချိန်မှာ ပစ္စည်းချင်း တန်ဖိုးညှိပြီးလဲကြမယ့်အစား ကြားခံ ပစ္စည်းတစ်ခုထားဖို့ စဉ်းစားမိလာကြပါတယ်၊
ဒါဟာ ငွေကြေးရဲ့အစလို့ ပြောရင် ရပါတယ်။
ပထမဆုံး သတ်မှတ်ကြတဲ့ပစ္စည်းကတော့ အနီးအနားမှာ လွယ်ကူစွာ ရနိုင်သော ကျောက်ပြားလေးတွေကို အပေါက်ဖောက်ပြီး စတင်သုံးခဲ့ကြပါတယ်။
ဒီအခါမှာ လိုချင်တာကို ကျောက်ပြားကို တန်ဖိုးသတ်မှတ်လို့ လဲခဲ့ကြတော့ အဆင်ပြေခဲ့ပါတယ်၊
အဲဒီအချိန်မှာဘဲ အမြော်အမြင်ရှိလာတယ်ဘဲပြောပြော လူရဲ့ လောဘစိတ်ကြောင့်လို့ဘဲပြောပြော ရောင်းဝယ်ဖောက်ကားတယ် ကုန်သွယ်တယ် ဆိုတာလဲ ပေါ်ပေါက်လာပါတယ်။
ရောင်းကြ လဲကြရမှာ အရင်ကတော. တစ်နိုင်စားဖို့ သောက်ဖို့သာလဲတော့ အပေါက်ဖောက်တဲ့ ကျောက်ပြားလေးတွေက လောက်ပါတယ်။ ပြသနာမရှိပါဘူး။
ဒါပေမဲ့ လှောင်ထားတဲ့က သူ များများဝယ်ပြီဆိုတော့ ကျောက်ပြားကလဲ ကြီးကြီး အရေအတွက်ကလည်းများများလိုလာပါရော။
ကျောက်ပြားကိုလက်နဲ့ဖောက်တော့ ကြာတာပေါ့။
ဒီအခါမှာ ပစ္စည်းဝယ်တဲ့သူက ရောင်းတဲ့သူကို ပေးဖို့ အပေါက်ဖောက်ပြီးသား ကျောက်ပြားက အဆင်သင့်မရှိဘူးလေ။ ဒီအခါမှာ လိုချင်တဲ့ ပစ္စည်းကိုယူသွားမယ် ကျောက်ပြား အပေါက်ဖောက်ပြီးတဲ့ ဘယ်နေ့ဘယ်ရက်မှာ ပေးပါမည်ဆိုတဲ့ ကတိစကားတွေပေးရင်း “အကြွေး”လို့ခေါ်တဲ့ ကိစ္စကြီးကမ္ဘာမြေပြင်ပေါ်ကို ရောက်လာပါသတဲ့။
ဒီနောက်ပိုင်းမှာတော့
အင်မတန်မှ ဦးနှောက်ကောင်းတဲ့ လူသားနဲ့ ဖျက်ဆီးတတ်သော စိတ်ယုတ်စိတ်ညံ့တွေ ပေါင်းမိကြတဲ့အခါမှာတော့ ကြွေးတောင်းမရလို့ တရားရုံးတွေမှာ အမှု ရင်ဆိုင်ကြရတာတွေ၊ ကြွေးမပေးတာ ကြွေးဆုံးတာတွေ၊ကြွေးမပေးနိုင်လို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ၊တောင်းတာမရလို့ လူသတ်တာ ရိုက်တာနှက်တာ တွေတစ်ယောက်တစ်ယောက်နစ်နစ်နာနာပုတ်ခတ်ပြောဆိုကြတာတွေ
စိတ်ညစ်ရအုံးစားရတဲ့ကိစ္စတွေကို ဘယ်လိုမှ ရှောင်လို့ကို မရတော့ပါဘူး။
မိတ်ဆွေတို့ရေ
ပေးတားတဲ့ အကြွေး တောင်းလို့မရသေးရင် ကျောက်ပြား အပေါက်ဖောက်တာ မပြီးသေးလို့ပါလို့ မှတ်ထားလိုက်ရင် ခံစားရတဲ့ စိတ်ဒုက္ခတော့ နည်းနည်းလေး လျော့သွားကြမယ်လို့ ထင်ပါတယ်နော်။
————————————————————-
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး