တော်ပါပြီ လိုင်စင် မလုပ်တော့ပါဘူး
ဒီဇင်ဘာရဲ့နေ့တစ်နေ့က ကျွန်တော် အစောကြီးအိပ်ရာထလို့ လိုင်စင်ဖြေရာရုံး က.ည.န သို့ ချမ်းအေးမှု ဒဏ်အံကျိတ်ခံရင်း
အစောတလျင် ရောက်ရှိလို့လာခဲ့ပါသည်။ ကျွန်တော်တို့ ဘက်က မ.ထ.သ ယာဉ်တွေက ရွာသာကြီးထိ တန်းပြီး မရောက်ပေ။
ထို့ကြောင့် စံပြဈေး အကျော် ကားကြီးဂိတ်မှတ်တိုင်မှ ရွာသာကြီးသို့ကား ပြောင်းစီးခဲ့ရလေသည်။ ယခုရက်ပိုင်း မြန်မာနိုင်ငံတွင်
အအေးလှိုင်းဖြတ်သောကြောင့် ကျွန်တော်လိုက်ပါစီးမျောရာ ဒိုင်နာ ကားပေါ်တွင် ကျွန်တော်၏ ကိုယ်ခန္ဓာမှာ ရေခဲရိုက်ထားသလိုပင်။
မနက်အိပ်ရာထပြီးတော့ ဘုရားဝတ်တက်ပြီး လိုရာဆုကိုတော့ တောင်းခဲ့ပါသေး၏။သို့နှင့် က.ည.န ရုံးသို့ နံနက် ရှစ်နာရီမထိုးခင်
ရောက်ခဲ့လေတော့သည်။(ခ) လိုင်စင်ဖြေရာ အဆောင်(၉)တွင်တော့ ကျွန်တော့်ရှေ့၌စောစီးစွာ ရောက်နှင့်နေသော လူငယ်တစ်ယောက်
ကို တွေ့ရ၏။ထိုသူနှင့် ကျွန်တော် စကားစမြည်ပြောဆိုရာဝယ်
ထိုသူ။ ။ အစ်ကို လိုင်စင်လာဖြေတာလား။
ကျွန်တော်။ ။ ဟုတ်တယ်ဗျ။ အစ်ကိုရော။
ထိုသူ။ ။ ဟုတ်ကဲ့။ ကျွန်တော်လဲ လာဖြေတာ။
ကျွန်တော်။ ။ အစ်ကို ဖောင်လာ တင်တုန်းက ကိုယ့်ဘာသာကိုယ်လာတင်တာလား။
ထိုသူ ။ ။ မတင်တတ်ပါဘူးဗျာ။ဘာမှမသိလို့ ပွဲစားနဲ့လုပ်ခဲ့ရတာ။ အစ်ကိုရော။
ကျွန်တော်။ ။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တယ်ဗျ။ ဟိုမေး ဒီမေးပေါ့ဗျာ။
ပွဲစားတော့ လာမေးတယ်။ သူလုပ်ပေးရမလားတဲ့။ နှစ်ကြိမ်ဖြေရမယ် ခုနှစ်သောင်းပဲပေးပါတဲ့။
လုပ်တော့လုပ်ချင်တာပေါ့ဗျာ။ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေအတွက် ငွေခုနှစ်သောင်း
ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပွဲစားကတော့ ပြောရှာပါတယ်။ ကျွန်တော်တို့က ဟိုပေးဒီပေး ပေးရသေး
လို့ပါဆိုပဲဗျ။
ထိုသူ ။ ။ ကျွန်တော်ကတော့ လေးသောင်းခွဲပဲ ပေးရတယ်ဗျ။ ဖောင်လာတင်တဲ့နေ့မှာ တစ်သောင်းခွဲပေးရတယ်။
ကျွန်တော်ကတော့ သုံးကြိမ်လောက်ဖြေရမယ်လို့ပြောတယ်ဗျ။
(မှတ်ချက် ။ ။ လိုင်စင်ဖြေရာတွင် ရေးဖြေ ၊ Simulater (Computer) ၊ လက်တွေ့မောင်းနှင်မှု များ မှန်ကန်မှု
ရှိသော်လည်း တစ်ကြိမ်တော့ အကျ ပေးရသည်။)
သို့နှင့် မနက်ခင်း ရှစ်နာရီ ခွဲလောက်တွင် ရုံးရှိတာဝန်ရှိသူများ ဆုံသော အချိန်၌ ကျွန်တော်နှင့် လိုင်စင်ဖြေမည့်သူများ
အပေါ်ထပ်သို့ စာရင်းသွားပေးခဲ့ကြသည်။ထို့နောက် အပေါ်ထပ်မှ တစ်ဦးချင်း ခေါ်ဆိုပြီး စာတွေ့ဖြေခိုင်းလေရာ တော်ပါသေး၏။
ကျွန်တော်သည်လည်း ပထမ အသုတ်ထဲတွင်ပါသွားခဲ့လေသည်။ ထို့ကြောင့် ရေးဖြေ စစ်ရာ အပေါ်ထပ်သို့ ကျွန်တော် တက်ရောက်
ခွင့် ရခဲ့လေတော့သည်။ မကြာပါ မှန်၊မှား စာနှင့် သင်္ကေတပုံ တစ်ဖက် ဆယ်ပုဒ်နှုန်းဖြင့် အပုဒ်နှစ်ဆယ် မေးပါသည်။ ခဏလေး
အတွင်းမှာ ကျွန်တော်ဖြေပြီးနောက် Simulater(ကွန်ပျူတာ ကားမောင်း)ခန်းသို့ ဒုတိယ အဆင့် အစမ်းသပ်ခံရန် အဆောင်(၂)သို့
ကျွန်တော်ရောက်လာခဲ့ပါသည်။ အကုသိုလ် က ထိုမှ စ၍ ၀င်ခဲ့သည်ဟု ကျွန်တော်ထင်မိပါသည်။ ပထမ အသုတ်တွင် လူ အယောက်
၃၀ လောက် ပါဝင်ပြီး နာမည်ခေါ်၍ တစ်ဦးချင်း Simulater အခန်းသို့ ၀င်၍ စမ်းသပ်ခံရပါသည်။ ကျွန်တော့် အရှေ့မှ လူများ တစ်ဦး
ပြီး တစ်ဦး အောင်မြင်စွာ ထွက်လာခဲ့ပြီး ကျွန်တော်နာမည်ခေါ်သော အချိန်တွင် ကျွန်တော်သည်လည်း ဘုရားတ၍ ၀င်ခဲ့သည်။
Simulater အခန်းမှ တာဝန်ရှိသူ က ကျွန်တော့်အား မည်သို့မောင်းရမည်ကိုသေချာစွာမပြောပေ။ လီဗာ၊ ဘရိတ်၊ကလက်နှင့်
အချက်ပြမီးများ အားပြသပေးခဲ့ပါသည်။ စီယာတိုင်အား ခွ၍မောင်းနှင်ရသောကြောင့် ကျွန်တော့်မှာ လီဗာ၊ ဘရိတ်၊ကလက်တို့ကို
သေချာ ဂရုစိုက်စွာ မောင်းနှင်ခဲ့ရလေသည်။(စီယာတိုင်ဂွေမှ သွယ်တန်းလျှက်ရှိသော သံပိုက်လုံးသည်လီဗာ၊ ဘရိတ်၊ကလက် တို့
နေရာတွင် ဂိတ်ဆုံးသောကြောင့် ခွမောင်းရခြင်းဖြစ်ပါသည်။)ကျွန်တော့်ဘေးတွင်တော့ ကောင်မလေးတစ်ယောက် အေးဆေးစွာ
မောင်းနှင်လျှက်ရှိ၏။ အကဲခတ်ကြည့်သောအခါ ပြေပြစ်သောလမ်း မြို့ပြင်လမ်းအားမောင်းနှင်ရလေသည်။ယာဉ်ကြော ပိတ်ဆို့ခြင်း
မရှိ။ တစ်ဦးတည်း တစ်ယောက်တည်းသာ မောင်းနှင်ပြီး ရံဖန်ရံခါတွင်သာတစ်စီးမျှ နှစ်စီးမျှသာတွေ့ရ၏။ ထို့နောက် ကျွန်တော်
မောင်းဖို့ ဟန်ပြင်ပြီးနောက် Simulater ဆရာက ကွန်ပျူတာထဲတွင် လမ်းရွေးနေစဉ် ယာဉ်တိုက်ရင် စက်ပိတ်မယ်။ ကားစက်သေရင်
ကွန်ပျူတာပိတ်မယ် စသဖြင့် ပြောပြီးနောက် ကျွန်တော့်အား မောင်းစေရန်အလို့ငှာ ယာဉ်ကြောရှုပ်ထွေးလျှက်ရှိသော လမ်းလေးဂွ
သို့ ခရီးဦးမဆိုက် ထိုနေရာမှပင် မောင်းနှင့်ရလေသည်။ ထိုနေရာတွင် မီးပွိုင့်မရှိပါ။ လေးဘက်လေးလံတွင်ယာဉ်များစွာရှိလျှက်။
ကျွန်တော်လည်း ရှေ့ဆီသို့မောင်းနှင်ပြီးလမ်းကူးလိုက်ပါသည်။ထို့နောက် ဂီယာတောင်းသောအခါ နံပါတ် နှစ်ကို ချိန်းလိုက်စဉ်
နှစ်လမ်းမောင်းလမ်း၌ စီယာတိုင်လယ်၍ ဘေးတစ်ဖက်ခြမ်းမှ ကားအားသွား၍ ငြိလေတော့သည်။ထိုစဉ် ကွန်ပျူတာမှာ ပိတ်၍သွား
ပါတော့သည်။ ထိုအခန်းထဲတွင် ကျွန်တော်နှင့် Simulater အခန်းတွင်တာဝန်ကျသူ သုံးဦးသာရှိပါသည်။ ဘေးစက်မှ တာဝန်ရှိသူက
စီယာတိုင်မနိုင်ရင် ဒီလိုပဲဖြစ်တတ်ပါတယ်ဟုသော်လည်းကောင်း ကျွန်တော့်အားစက်ဖွင့်ပေးသူက စီယာတိုင်နိုင်တယ် ဘေးကို
ကွေ့လိုက်ရင် ရတယ်ဟုသော်လည်းကောင်း ကျွန်တော့်မှာ မျက်စိသူငယ် နားသူငယ်နှင့်ထိုသူတို့ ပြောနေသောစကားများကိုနား
ထောင်လျှက် ။ သို့သော်ငြားလည်း ကျွန်တော် ထိုင်ခုံပေါ်က မဆင်းသေးပေ။ ပြန်များဖွင့်ပေးလေလိမ့်မလားနှင့်။ ကျွန်တော်
မောင်းသည်မှာ သုံးမိနစ်မျှပင် မရှိပေ ။ တစ်မိနစ်ခန့်မျှသာ။ သို့သော်လည်းပဲ ဘေးမှ တာဝန်ရှိသူ ၏ လေယူလေသိမ်းအရ ပြန်ဖွင့်
ပေးရန် အကျိုးဆောင်ခ ရှိသရောင် ကျွန်တော်နားလည်လိုက်ပါ၏။ ထို့နောက် ကျွန်တော်လည်း ထုံထုံအအဖြင့် စာရွက်တစ်ရွက်
တာဝန်ရှိသူက Print ထုတ်ပေးပါတော့သည်။ စာတွင် Accident။ ထို့ကြောင့် Simulater အခန်းတွင် ကျွန်တော် ကျရှုံးသည့်အတွက်
လက်တွေ့မောင်းနှင်ခွင့်နှင့် (ခ) လိုင်စင် ရယူရေးမှာ အလှမ်းဝေးခဲ့ပါတော့သည်။ အပြင်ရောက်သော် အပြင်၌ တာဝန်ရှိသူက ကဒ်
တစ်ခုပေးပြီး အဆောင် (၉) မှာ ပိုက်ဆံသွားသွင်း ပြီး ရက်ချိန်းပြန်ယူခဲ့ပေါ့ဟုဆို၏။ ထို့ကြောင့်ကျွန်တော်လည်း ရက်ချိန်းယူရန်
အဆောင် (၉)သို့ ထွက်ခွာလာခဲ့ရပါတော့သည်။ အဆောင်(၉)တွင် ပိုက်ဆံသွင်းပြီးသောအခါ ရက်ချိန်းက နှစ်လပိုင်း၏ တတိယ
မြောက် အပတ်သို့ ချိန်းလိုက်လေ၏။ ထို့နောက် ကျွန်တော်သည် စိတ်ပျက်လက်ပျက်ဖြင့် ကားမှတ်တိုင်ကို လျှောက်လာခဲ့ရတော့သည်။ ကားမှတ်တိုင်တွင် တွေ့ခဲ့ရသော လူငယ်တစ်ယောက်မှာ Simulater
အခန်းတွင် ကျွန်တော်၏ ရှေ့မှ စမ်းသပ်မောင်းနှင်သွားသူဖြစ်သောကြောင့် မေးကြည့်ရာတွင်..။ ထိုသူက ကျွန်တော် Simulater
အခန်းမှာ ပိုက်ဆံ သုံးထောင် ပေးလိုက်တယ်။ သူအောင် ကြောင်းကျွန်တော့်အားပြောပါသည်။ ကျွန်တော်၏ ရင်ထဲတွင်တော့
မောင်းတတ်ပါသည်။ သေချာစွာ ပြင်ဆင်ပြီးမှ လာခဲ့သည်တွင် ကျရှုံးမှုနှင့်ရင်ဆိုင်ခဲ့ရသည်ကို မချိ့မဆန့်ခံစားနေရသူ ကျွန်တော့်
ရင်ထဲတွင်တော့ ကြားထဲမှာ ကွဟနေတဲ့ နှစ်လ ကို ကျွန်တော် ဆက်စောင့်ရုံမှ တစ်ပါး အခြားမရှိနိုင်သောကြောင့် အိမ်သို့ ခေါင်း
ငိုက်စိုက်ဖြင့်သာပြန်ခဲ့ရရှာလေတော့သည်။
မှတ်ချက်။ ။ Simulater အခန်းတွင် လဘ်ထိုးသူအား ကားလမ်းကြော ရှင်းသည့်နေရာရွေးပေး၍ လဘ်မပေးသောသူအား
ကျွန်တော်ကဲ့သို့ ရှုပ်ထွေး၍ ကားထူပြောသော မြို့ထဲလမ်းသို့ ပို့ပေးလိမ့်ပေမည်။
လက်တွေ့မောင်းနှင်ရာတွင်လည်း အခကြေးငွေ ပေးမှသာ အောင်မြင်ပါသည်။