နှင်းမဝေတဲ့ ဆောင်း…
ဆောင်းမှာ နှင်းတွေ တဖွဲဖွဲ..အေးချမ်းပါတယ်ဆိုတဲ့ မြူနှင်းတွေထဲ တစ်ယောက်တည်း လွမ်းမိတယ်။ ဆောင်း နဲ့ နှင်း ဆိုတာ ခွဲခြားလို့ မရစကောင်းတဲ့။ ဟုတ်ပါတယ်။ ကိုယ့်အတွက်တော့ ဆောင်း နဲ့ အလွမ်းဟာ ခွဲခြားလို့မရတယ်ဆိုတာ “နှင်း” သိ လေပါ့မလားကွယ်။ နှင်းမရှိတဲ့ လမ်းတွေဟာ ခြောက်ကပ်သွားတယ်။ နှင်းမပါတော့ Lucky 7 ဆိုတဲ့ ဆိုင်လေးထဲမှာ ပူလောင်မှုတွေ သိပ်များနေတယ်….။ နှင်း နဲ့ အတူ လျှောက်ခဲ့တဲ့ လမ်းတွေကိုလည်း လျှောက်ရမှာလည်းဝန်လေးနေတယ်။ နှင်းမပါဘဲ တိတ်ဆိတ် နေတဲ့ ဆိုင်ထဲဝင်ရမှာ ကြောက်ရွံ့နေတယ်။ နှင်းမပါတော့ ကိုယ့်ရဲ့ နို့စိမ်းခေါက်ဆွဲပန်းကန်ထဲမှာ အကြော်တွေကနည်းနေသလို…
ဘဲဥဖက်လေးတွေလည်း ပျောက်ဆုံးနေတတ်တယ်..။ နှင်း တောင်းပေးနေကြ “ဟင်းရည် အစစ် ထည့်ပေးအုံး ” ဆိုတာမကြားရတော့ ဟင်းရည် ထည့်တဲ့ ယောက်ချိုဇွန်းကြီးလည်း အနားရနေတာပေါ့…။ နှင်းနဲ့ အတူမနက်မြူတွေကြားသွားခဲ့တဲ့ ဘုရားရင်ပြင်မှာလည်းခု ဆို ခြောက်ကပ်လို့နေပြီ နှင်းရယ်…..။ နှင်းနဲ့ အတူ ရွှေစေတီ ဆံတော်ပါးမှာကွယ် နှစ်ကိုယ်တူ သစ္စာကတိတွေလည်း ထားခဲ့ကြဖူး တယ်နော်….။ ဆောင်း ရောက်တိုင်း လွမ်းတတ်တဲ့ အကျင့်က နှင်း ပေးတဲ့ သေရာပါ ဒဏ်ရာ ပဲလားကွယ်…..။ နှင်း ကြောင့် ပဲ ချစ်တတ်၊ နှင်းကြောင့်ပဲ လွမ်းတတ် ဆွေးတတ်နေပြီလေ…။
တကယ်တော့ နှင်း မရှိလာခဲ့ရင်လည်း ကိုယ့်ဘ၀ဟာ ခုချိန်ထိခြောက်ကပ်နေခဲ့မှာပါ။ နှင်း ကြောင့် ဆိုပြေနေခဲ့တာ ။
ခုတော့ နှင်း ကြောင့်ပဲ ………..။ ကြေကွဲရတာကို ကျေနပ်တတ်လာခဲ့ပြီ နှင်းရယ် …….။ ကြေကွဲမှုဒဏ်ရာက ဖြေရှာမရပေမယ့် ဝေဒနာလှပါတယ်….။ ဝေဒနာမလှလို့ ဆွေကညာနှမနဲ့ မနီးခဲ့ရတဲ့ ဆောင်းကို စိတ်မဆိုးဖြစ်သလို ၊ နှင်း ကိုလည်း မနာကြည်းပါဘူး နှင်း တွေဝေလေတိုင်း ၊ ဆွေးတောင်ထိပ်မှာ ၊ အတွေးမှောင်ရိပ် တွေကျကျနေခဲ့တာ နှင်းသိမယ်ဆိုရင်တော့ဖြင့်…………..။
မောင်ပညာ ( ကေတုမတီ )