ကျွန်တော်ငယ်ငယ်က (အဆုံးသတ်ပြီဗျို့)
အနန္တော အနန္တငါးပါးကို ကန်တော့ပါတယ် ခင်ဗျ။
အလုပ်မရှိ အကိုင်မရှိ မိဘတွေကို ဝေဖန်လိုက်ဦးမယ်။
မိဘတွေ သားသမီးကို ဆုံးမတဲ့နေရာမှာ အရမ်းကြီးတော့ ကွဲပြားခြားနားမှုတွေ
မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဆုံးမတဲ့ နည်းကတော့ အမျိုးမျိုးပါဘဲ
ပြောတယ်၊ နာအောင် လုပ်တယ်၊ ရက်စက်တဲ့ နည်းသုံးတယ်၊ နောက်ဆုံး အဆင့်ကတော့
ဥပေက္ခာ ပြုထားလိုက်တော့တာပါဘဲ ဗျာ။
ကျွန်တော်ဆိုတဲ့ လိပ်ပြာကတော့ ငယ်ငယ်ကတည်းက တော်တော်ဆိုးတဲ့ အကောင်ခင်ဗျ။
ကုပ်ကမြင်းလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ သူများတွေနဲ့ သိပ်ရောရောနှောနှော မကစားဘူး ခင်ဗျ။
လူအလစ်မှာ ကားဓါတ်ဆီပိုက်ကို ဓါးနဲ့ ဖြတ်တာမျိုးတို့၊ အိတ်ဇောပိတ် ပိတ်တာမျိုးတို့ဆို
မမေးနဲ့ ဒီကောင့် လက်ချက်ပဲ။
အဲ… တစ်ခြားကလေးတွေက ခေါင်းဆောင်တင်ရင်တော့ လိပ်ပြာကတော့ ခေါင်းဆောင် တက်လုပ်လိုက်တာပဲ။ ၀ါးလုံး အပိုင်း ခါးကြားထိုးပြီး ပေစောင်းပေစောင်းနဲ့ပေါ့။ (ခေါင်းဆောင်ဆိုတာ မိုက်ကန်းတတ်တော့ မိုက်မိုက်ကန်းကန်း စတိုင်ပေးတာပေါ့ဗျာ . . သိတဲ့အတိုင်းပဲ) 🙂
အဲ တစ်ခုတော့ ရှိတယ် ကျွန်တော်က မလိမ်တတ်ဘူးဗျ (အရင်က ပြောပါတယ်၊ ခုတော့ မဟုတ်တော့ဘူး)။ အမှန်အတိုင်းဘဲပြောတယ် အဲဒီမှာ ကျွန်တော် ဒုက္ခပွားတာပဲ။ ကျွန်တော်ကလည်း ကျွန်တော်ပါဘဲ ပြောသင့်တာ မပြောသင့်တာ ခွဲခြားနိုင်စွမ်း မရှိသေးဘူး။ မှန်ရင် ပြီးတာပဲ ဆိုပြီး လျှောက်ပွားတော့ ကျွန်တော် အမြဲအရိုက်ခံရတယ်။ အမုန်းခံရတယ်ဗျ။ ကျွန်တော့် အဖေနဲ့ အမေက သူငယ်ချင်း ငယ်ချစ်တွေဗျ။ အပေါင်းအသင်းတွေကလည်း တူတူသိကြတာချည်းပဲဆိုတော့ သူတို့နှစ်ယောက်က ဟိုကောင်ဘာဖြစ်တယ် ဟိုမိန်းမ ဘာဖြစ်တယ် ဆိုပြီးပြောတတ်ကြတယ် ကျွန်တော်က အဲဒီအချိန် နားကိုထောင်နေတာဘဲ။ အဲဒီလူတွေ လာလည်လို့ကတော့ ပြန်ပြောပြီးသာ မှတ်ထားတော့ ဟီးး . .
ကျွန်တော်လည်း နာပြီသာ မှတ်ထားတော့
ကျွန်တော် လိပ်ပြာ အခြောက်တွေနဲ့လဲ ပေါင်းတယ် ခင်ဗျ။ ပေါင်းတာတော့ ဟုတ်ဖူးဗျ။ သူတို့ အေးရိုးဗစ်ကစားနေရင် သူတို့နား ကပ်ပြီး သူတို့နဲ့ လေ့ကျင့်ခန်း လိုက်လုပ်တာ ခင်ဗျ။ ချစ်ကြသလား မမေးနဲ့ ကျွန်တော့်ကို။ ဖေဖေက ကျွန်တော့်ကို အခြောက်တွေနဲ့ ပေါင်းလို့ ရိုက်တယ် ခင်ဗျ။ ဘယ်လိုမှ ပြောလို့မရတဲ့ အဆုံးကျတော့ ကျွန်တော့ ဖိနပ် မှန်သမျှကို ဓါးမနဲ့ ခုတ်ပစ်လိုက်တယ်။ ဖိနပ် မစီးခိုင်းတော့ဘူး။ ဒါမှ ကျွန်တော်လည်း ခြေငြိမ်သွားတယ်။ အဲဒီ အချိန်တုန်းက ကျွန်တော် အသက် 10နှစ်လောက်ပဲ ရှိသေးတယ် ခင်ဗျ။
လွတ်လပ်ရေး ပြိုင်ပွဲတွေ လမ်းထဲမှာ လုပ်ပြီဆို ကျွန်တော် ဘယ်တော့မှ မကစားဘူးဗျ။ အမြဲ ရှုံးလို့ခင်ဗျ။ မှတ်မိသေးတယ် ကျွန်တော်နဲ့ ကျွန်တော့် အဒေါ် မာရသွန် အတူတူပြေးဖူးတယ် ခင်ဗျ။ သူက ဗိုက်ကြီးကြီးနဲ့ 4လလောက်ရှိပြီ သူပါ ၀င်ပြေးတယ် ခင်ဗျ။ ကျွန်တော် ရှုံးပါတယ် ခင်ဗျ။ ဘာလို့လဲ ဆိုတော့ သူ့ဗိုက်ကြီးတုန်တုန်နေတာကို အနောက်က မျက်ပြူးဆန်ပြူးနဲ့ လိုက်ကြည့်နေလို့ပါဘဲဗျ (ခု စဉ်းစားကြည့်ရင် ကျွန်တော့် အဒေါ်ကတော့ တော်တော်လေး အငြိမ်မနေနိုင်တာဘဲနော်၊ ကစားစရာလား )။အဲဒါ ကျွန်တော့်ရဲ့ နောက်ဆုံး ကစားပွဲပဲ။ ၀ိုင်းဝန်း အပြစ်တင် အလှောင်ခံရသလား မမေးနဲ့
ဗိုက်ကြီးသည်ကြီးနဲ့ ပြိုင်တာတောင် ရှုံးလို့ဆိုပြီး။
ကျွန်တော့် အဖေဆိုတာလေ ကျွန်တော့်ကို ရိုက်ရတာ လက်ညောင်းလို့ မရိုက်နိုင်တော့ဘူး။ သူက တိုင်ဖက်ခိုင်းတယ် ဘာအပြစ်လဲ မေးတယ် တစ်ချက်ရိုက်တယ်။ သူက လူကောင်အကြီးကြီးဘဲ တခြားကလေးတွေက ကျွန်တော့် ရိုက်တာကြည့်ပြီး အသေကြောက်ကြတယ်။ ဖေဖေ့ကိုရော မေမေ့ကိုရော ခုထက်ထိတိုင် အနားသိပ်မကပ်ရဲဘူး။ ကပ်လဲ မ၀ံ့မရဲ ရွေးစရာလမ်းမရှိလို့။
ကျွန်တော်က အံကြိတ် တင်းထားတာ မျက်ရည်တစ်ပေါက် မကျဘူး။ နောက်ဆုံး ဖေဖေလန့်လာတယ် မရိုက်တော့ဘူး။ နောက် ဘာလုပ်ပြန်လဲဆိုတော့ အမှောင်ခန်းထဲမှာ တစ်ယောက်တည်း ပိတ်ထားတယ် ရိုက်ဆုံးမလို့ မရတော့ဘူး ဆိုပြီး။ ပထမတော့ ၀က်ဝက်ကွဲ ငိုတာ။ နောက်တော့ သီချင်းလေး ဆိုပြီး ကတောင် နေလိုက်သေးတယ်။ နောက်ဆုံး ဖေဖေနဲ့ မေမေတို့ တိုင်ပင်ကြတယ် ဒီကလေးကို အဲလို လုပ်လို့မရတော့ဘူး နှိပ်စက်မှ ဖြစ်တော့မယ်ဆိုပြီး ကျွန်တော့်ကို ကြိုဝမ်နင် ပေးထားတယ် ကျွန်တော်ကလည်း လုပ်တာဘဲ နှိပ်စက်တာမှ အမျိုးမျိုးပဲ။ ရေတိုင်ကီထဲ မျက်နှာအပ်ပြီး ရေမွန်းအောင် လုပ်တယ်၊ အပ်နဲ့ ထိုးတယ်
ပထမဆုံးတွေ ရတယ်။ နောက်ပိုင်းမှ ဒူပေဒါပေ ကျသွားပြီ မတိုးတော့ဘူး။ နောက်တော့ ကျွန်တော့် အဖေက သူ့ကိုယ်သူ ပြန်စဉ်းစားပြီး မျက်ရည်ကျ နောင်တရတယ်တဲ့။ အဲနောက်ပိုင်းတော့ ကျွန်တော့်ကို လက်ဖျားနဲ့တောင် မတို့တော့ဘူး။
နောက်ဆုံး ဆုံးမစကားပြောတာတော့ ရှိတယ်။ ငါ့သားတဲ့ မင်းကို အဖေ ဖြစ်စေချင်တာ ဆိုးမယ်ဆိုလဲ ကမ်းကုန်အောင် ဆိုးပစ်လိုက်ပြီး လူဆိုးခေါင်းဆောင်လုပ်လိုက်တဲ့။ အဖေ လူဆိုးခေါင်းဆောင် အဖေဆိုပြီး ဂုဏ်ယူနိုင်တယ်တဲ့။ လိမ္မာမယ်ဆိုရင်လည်း လုပ်စရာရှိတာကို သေသေချာချာလုပ်တဲ့။ ဟိုမရောက် ဒီမရောက်တော့ မလုပ်နဲ့တဲ့၊ လောကမှာ ဟိုမရောက် ဒီမရောက်ကောင်တွေ များတယ်တဲ့။ ပြီးတော့ ဟိုမရောက် ဒီမရောက်နဲ့ ဘ၀ကို အဆုံးသတ်သွားကြတယ်တဲ့။ မင်း နောင်တ တရားသာ မရစေနဲ့တဲ့ နောင်တ တရားရတဲ့နေ့ မင်းရှုံးတဲ့နေ့တဲ့။ ( မမေ့ဘူးဗျို့ ကျွန်တော့် အဖေ ဆုံးမတာကို )
တကယ်တည်း အဖေ အဲလို ပြောလိုက်တော့ ကျွန်တော် တွေသွားတာတော့ အမှန်ပဲ။ အဲဒီနောက် ကျွန်တော် မဆိုးတော့ဘူး။
အဖေကလည်း အရင်ကလို မဆက်ဆံတော့ဘူးဗျ။ နေရာပေးလာတယ်။ ခု ပြန်စဉ်းစားလိုက်ရင် အဖေက ကျွန်တော့်ကို စကားနဲ့ အုပ်လိုက်တာဘဲဗျ။ ကျွန်တော် ယုံကြည်ချက်တွေတော့ ခိုင်မာလာတာ အမှန်ပဲ။
ဘာပဲပြောပြော အဖေကတော့ ကျွန်တော့်ကို နားလည်မှုအရှိဆုံးလို့ ကျွန်တော်ထင်တယ်။ အမေကတော့ အဲလို မဟုတ်ဘူးဗျ။ အမေနဲ့ အဖေရဲ့ ချစ်ခြင်းက မတူဘူးဗျ။
အမေက ဒီတစ်ခု လုပ်မယ်ဆိုလည်း မလုပ်နဲ့ နင်မကိုင်နဲ့ ပျက်သွားမယ်လိမ့်မယ် ပြင်ဆရာ သွားခေါ်လိုက်ဆိုတာချည်းပဲ။ တစ်ခုခုမှားသွားရင် ငါမပြောဘူးလားတို့ ဘာလားတို့ ပထမတော့ ကျွန်တော် ဒါ ငါ့ကို သက်သက် အထင်သေးတာပဲဆိုပြီး တော်ယုံတန်ယုံဆို မသိချင်ယောင်ဆောင်နေတယ် မလုပ်တော့ဘူး။ နောက်တော့ သဘောပေါက်လာတာက အမေဆိုတာက ပစ္စည်းကို အမှန်တော့ တမြောလို့ မဟုတ်ဘူး။ ဒဏ်ရာရတာတို့ ပင်ပန်းမှာစိုးလို့နဲ့ ကိုယ့်သားကို ကိုယ် ကလေး တစ်ယောက်လို မြင်နေတာ။ ဒါကြောင့် အများအားဖြင့် အမေတွေက အဲလို ထင်ကြတယ် ဒါကြောင့် တချို့ လူတွေဆို ယုံကြည်မှုတွေ လုပ်ရဲ ကိုင်ရဲမှုတွေ ပျောက်ဆုံးနေတတ်တယ်။ အဲဒါ အမေတွေကြောင့်လို့ ကျွန်တော်ထင်တယ်။ ဘယ်ယောက်ျားလေး မဆို လျှပ်စစ်တို့ စက်ပစ္စည်းတွေ ကလိရတာ အနည်းနဲ့ အများတော့ ၀ါသနာပါတဲ့ အမျိုးချည်းပါဘဲ။
ကျွန်တော်ကတော့ နဂိုကတည်းက အကုန်သိချင်တဲ့ကောင်ဆိုတော့ ကလိတာပဲဗျ။ အပြင်မှာ သင်တန်းတွေ လျှောက်တတ်တယ်။ ကလိတယ်။ အဲနောက်တော့ အမေက ခိုင်းတော့တာပဲဗျ။ အားကိုးရတယ်ဆိုပြီး။ ညာခိုင်းတော့တာပဲ။ သွားလေး ဖြဲဖြဲပြီး ငါ့သားကြီး သိပ်တော်တယ် ဆိုပြီး။ ဒီလို ပါဘဲ မိဘတွေ ဆိုတာ။
အဲ တစ်ခု အဆင်မပြေတာလေး ရှိတယ်ဗျ။ မိဘတွေက တစ်ခါတစ်လေ သူတို့အမှား ၀န်မခံတတ်ကြဘူးဗျ။ ရှက်ရမ်းရမ်းတယ်။
အဓိက ပြသနာက အမေနဲ့ ကျွန်တော့်ကြားမှာ ဗျ။ ကျွန်တော်က အမေ့ကို သတိပေးတာလေးတွေ ရှိတယ်ဗျ။ အဲဒါဆို ကျွန်တော့်ကို အမေထက် သားက တစ်လကြီးနေတယ်တဲ့ဗျ။ နားမထောင်ဘူးဗျ။ အမေက ပြောသေးတယ် မှားမှား မှန်မှန် ငြိမ်နားထောင်တဲ့ ဗျ။ အမှား မထောက်ပြနဲ့တဲ့။ ငါ့ကို ဆရာလုပ်တယ်လို့ ထင်တယ်တဲ့။ ကိုယ့်အမှား ကိုယ်သိတယ်တဲ့ ဗျ။ အံ့ရော အမှန်တော့ သိရင်လည်း သိမှာပေါ့ ဒါပေမယ့် လွဲနေတယ် ခင်ဗျ။ လုံးဝ ညှိလို့မရဘူး။ အဖေ့ကို ပြောပြရင်တော့ အဖေက လက်ခံတယ်။
ကျွန်တော်က စာ သိပ်ဖတ်တော့ အများအားဖြင့် မေမေ့အပြစ်ကို ဖေဖေ့ရှေ့မှာ ပြောရင် ပုံပြင်တွေ ဥပမာတွေ ကဗျာတွေနဲ့ ပြောတတ်တယ် ဖေဖေကတော့ သဘောကျတယ်။ မေမေက တော့ မချိသွားဖြဲ ရယ်တယ်။ အဲ သူ စိတ်မကျေနပ်ရင် သွားပြီဗျို့ ကျွန်တော့် ငယ်ကျိုးငယ်နာတွေ ဖော်ပြီး ဆူတော့တာပဲ။ ဘယ်လိုဘဲ ပြောပြော ကျွန်တော် အမေ့ကိုတော့ အချစ်ဆုံးဆိုတာ ကိုယ့်ကို ကိုယ်သိတယ်။ အမေ့ကို သနားတယ် ခင်ဗျ။
တစ်ခါတစ်လေ ကျွန်တော် သူ့အမှားတွေ ထောက်ပြရင် ငိုတာရှိတယ်။ ကျွန်တော့်ကိုလည်း နင်ဝဋ်လည်မယ်တဲ့ မိဘကို ခံပြောလို့ အဲဒီအချိန်မှာ ကျွန်တော်က အမေ့ကို ပြန်ပြောတတ်တယ် အမှန်တရားပြောတာကို ၀ဋ်လည်မယ်ဆိုလည်း ကျွန်တော် လည်စင်း ခံမယ်ဆိုပြီး ပြန်ပြောတတ်တယ်ဗျ။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်မှ အမုန်းမခံရင် အိမ်မှာ အမေ့ကို နိုင်မယ့်သူဆိုတာ မရှိတော့ဘူး။ အဖေက ဘာမှ မပြောချင်ဘူးဆိုဘူး လက်ပိုက်ကြည့်နေတာများတယ်။ ပြီးတော့ အဖေက သင်္ဘောသား ဆိုတော့ အိမ်မှာလည်း အမြဲ မရှိတာ များတယ်ဗျ။
အမေဆိုးလို့လား? ကျွန်တော့် အမေ မဆိုးပါဘူး အရမ်း ကောင်းပါတယ်။ သူက တစ်ဖတ်သားကို သနားတတ်တယ်။ ယုံလွယ်တယ်ဗျ။ သူ့ အ၀တ်အစား ဖိနပ်တွေသိပ်လည်း မ၀ယ်ဘူးဗျ။ ကျွန်တော့် ဖိနပ် အဟောင်းတွေကို ကောက်ဝတ်တာဘဲ။ ဒါတောင် သူက ကျောင်းဆရာမဗျ။ ကျောင်းသွားရင်တောင် ကျွန်တော့် ဖိနပ်အဟောင်းတွေ ယူဝတ်တာ။ သူ့မှာ ကုန်တာ သူများအတွက်ချည်းပဲ။ တစ်ခါတစ်လေ ကျွန်တော်က အမေ့အတွက် လက်ဆောင် ၀ယ်ပေးတာတွေ ရှိတယ်။ တစ်ချို့စားစရာတွေကို ကိုယ်တောင် မစားရက်လို့ မစားဘူး အမေ့ကို စားစေချင်လို့ အိမ်ယူလာတယ် သူက သူမစားဘူး သူများကို ကျွေးပစ်တယ်။ အဲဒီ အချိန်မှာ ကျွန်တော် ခံစားရတယ်ဗျ မကျေနပ်ဘူး။
သူက ပြောပါတယ် ငါမကြိုက်တာတို့ ဒါမှမဟုတ် ငါက ဘယ်အချိန် ၀ယ်စားစားရတာတို့ဗျ။ အင်းပေါ့လေ ဒါကတော့ သူ့သဘောနဲ့ သူကို။ အမေက သိပ်သဘောကောင်းလွန်းတော့ ကျွန်တော်တို့ နစ်နာဆုံးရှုံးမှုတွေ များတယ်ဗျ။ ပိုက်ဆံကိုလည်း သိပ်မထိန်းသိမ်း နိုင်ဘူး။ ဒါကြောင့် ကျွန်တော်နဲ့ အမေက မတည့်အတူနေရတာက များတယ်။ သူကလဲ ကျွန်တော်ရှိနေရင် ဘာမှကို တာဝန်မယူဘူးဗျ ကျွန်တော့် လက်ထဲ ရှိသမျှ ထိုးအပ်တာပဲ။ ကျွန်တော်က သူ့ကို အမြဲတမ်း ပိုက်ဆံ အိပ်စစ်ပြီး ပိုက်ဆံ ထည့်ပေးရတယ်ဗျ။
ခုတော့ ကျွန်တော် အမေ့နားမှာ မနေနိုင်တော့ဘူးဗျာ။ ဒါပေမယ့် အဖေနဲ့ ကျွန်တော့် ညီလေးတော့ ရှိနေပါတယ်။
ဟိုကောင် ကျွန်တော့် ညီက မိန်းကလေး အတိုင်းပဲ ဘာမှ မပြောဖူး ပြောချင်ရင် ပြောတယ် နောက်ကွယ်မှာ အတင်း အမေက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး။ အမှန်တော့ အမုန်းမခံတာ။ အဲကောင်ကို ကျွန်တော် စိတ်တိုင်းမကျတာ ဒီနေ့အထိပါဘဲ။ အေးတိအေးစက်နဲ့ ဘာကောင်လဲ မသိဘူး။ ဒါပေမယ့် ကျွန်တော့် ညီကို ကျွန်တော် သိပ်ချစ်ပါတယ်။ သူက အမေနဲ့ မျက်နှာက အစ အကုန်တူတူပဲ ခင်ဗျ။ စိတ်ဓါတ်လည်း ခပ်ဆင်ဆင်ဘဲ အဖေ့ရဲ့ ဒေါသတွေကိုတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လုံး ကတော့ copy ကူးယူထားတာဗျ။ ကျွန်တော့် ညီက အေးတယ်။ ဒေါသထွက်ရင် ဘာမှ မမြင်တော့ဘူး တွေ့ရာ လက်သီးနဲ့ ကောက်ထိုးတာဗျ။ အဲ ကျွန်တော်ကတော့ အဲလို မဟုတ်ဘူး . . . ဒေါသကြီးတာတော့ မှန်တယ် ဒါပေမယ့် အဲလိုတော့ မထိုးဘူး ဗျ။ ကျွန်တော့် ဒေါသက လျှို့ဝှက်တယ်။ လွယ်လွယ်နဲ့ မထွက်တတ်ဘူး။ ထွက်လေ ငြိမ်လေဘဲ ငြိမ်ကျသွားတယ်ဗျ။
တစ်ခု ရှိတာက ကျွန်တော်က တော်ယုံတန်ရုံ ဒေါသမထွက်တတ်ဘူးဗျ။ ဘယ်သူ့စကားကိုမှ နားထဲ မထည့်ဘူး။ ကိုယ်မှန်တယ် ထင်ရင် ဘယ်လောက်ပဲ သူများတွေ တားတား လုပ်တတ်တယ်။ တွေဝေတဲ့အခါတွေ ရှိရင်တော့ အမေတို့ အဖေတို့ကို အရိပ်အမြွတ်ပြောပြပြီး အကြံဥာဏ်တောင်းတယ်။
ကိုယ်ထင်ရာ ကိုယ်လုပ်တာ များပါတယ်။ ဒါပေမယ့် အဖေ ပြောသလို ကျွန်တော် ခုထက်ထိတော့ နောင်တ မရဖူးသေးဘူးဗျ။ ကိစ္စ တစ်ခုလုပ်တိုင်းမှာ အဆိုးဆုံးကို စဉ်းစားထားပြီး လုပ်လေ့ရှိတယ်ဗျ။ ဒါကတော့ အမေ့ ဗျူဟာပေါ့ဗျာ။
ဘာပဲပြောပြောဗျာ ကျွန်တော့်ရဲ့ အသိဥာဏ်တွေကို ရင့်ကျက်အောင်လုပ်ပေးတဲ့ အဖေကိုရော အမေ့ကိုရော ဒီကနေ ရှစ်ခိုးပါတယ်ဗျာ။ အဖေက ကျွန်တော့်ကို စာအုပ်တွေ ဖတ်ခိုင်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စာဖတ်ရတာကို ကြိုက်တယ်။ စာအုပ်တွေထဲကနေ တော်တော်များများ သိရတယ်။ ဘာသာရေးဆိုင်ရာတွေရော တစ်ချို့ယုံကြည်ချက်တွေကို စာအုပ်တွေက ခိုင်မာအောင် အတည်ပြုပေးတာတွေ ရှိတယ်။
စာအုပ်တိုင်းတော့ မဆိုလိုပါဘူး။ စာအုပ်တော်တော်များများက ကောင်းပါတယ်။ စာဖတ်တာတော့ ကောင်းပါတယ် စာပေရဲ့ ကျေးကျွန် မဖြစ်ပါစေနဲ့ဆိုသလိုပေါ့။ စာအုပ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ခံယူချက်ထဲက ထွက်လာတဲ့ အနုပညာပဲ။ အားလုံးကို မှန်တယ်လို့ ပြောလို့မရပါဘူး။ ကောင်းတာလေးတွေ နှိုက်ယူတတ်ဖို့တော့ လိုမယ် ထင်တယ်။
ဗုဒ္ဒဘာသာဝင် တစ်ယောက်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်တွေ ရှိတယ်ဗျ။ တစ်ခုတော့ ညွှန်းလိုက်မယ် ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးတဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်ဆိုရင် အရမ်းကို ဖတ်သင့်တဲ့ စာအုပ်ပေါ့ဗျာ။ လူငယ်တွေရော လူကြီးတွေရော အရမ်းကို ဖတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။
တော်ပြီဗျာ ပြန်အောင်းမေ့ တမ်းတလို့ မရတော့ဘူး။ ကျွန်တော်တို့တစ်တွေ အချိန်တွေ လွန်ကုန်မှ ပြန်လည် တမ်းတ တတ်ကြတယ်။ ခု အချိန်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်မှုနဲ့ ငယ်ဘ၀ပါဘဲ ခင်ဗျ။ ဘယ်လောက် ဒုက္ခရောက်ရောက် ပျော်နေနိုင်တယ်။ ခုတော့ မပျော်နိုင်တော့ဘူး။ အရင်က လိမ်ခဲ့ရင်တောင် ဖြူစင်မှုတွေနဲ့ လိမ်ခဲ့တာ။ ခုတော့ ဥာဏ်နီဥာဏ်နက်တွေ တစ်ချက်ခုတ်နှစ်ချက်ပြတ်တွေဆိုပြီး သူများအကျိုးကို ထိခိုက်အောင် လိမ်တတ်နေပြီ။ ((မလိမ်တတ်ဘူးလို့ မပြောပါနဲ့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါ)) မကောင်းတော့ဘူးဗျာ လူတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီ။ ကျွန်တော် ကိုယ်တိုင်ရောပေါ့။
(3-12-2010)
လိပ်ပြာ
(ဆောရီးဗျာ ကျွန်တော်က လက်ရေးမူတွေ ဘာတွေနဲ့ ချရေးပြီး ပြန်ကူးတာ မဟုတ်ဘူး။ လက်တန်း ခေါင်းထဲပေါ်တာရေးတာဆိုတော့ ဒီမှာ ဖြတ်ဖြတ်ပြီး သိမ်းသိမ်းထားခဲ့ရတာ၊ ပြီးတော့ အလုပ်ထဲမှာ ရေးတာဆိုတော့ အလုပ်ပေါ်လာရင် အလုပ်လုပ်ရသေးတယ် ဒါကြောင့်မို့ သည်းခံပေးကြပါလို့))