ကျွန်တော်သည်ခေါင်းစဉ်မဲ့သော ကျွန်တော်၏ကိုယ်ပိုင်ခေါင်းစဉ်
ဘယ်ဖက်လက်တွင်ရှိသော အရာသည် ညာဖက်လက်တွင် မရှိနိုင်ဟုပြော၍ ရသလို ပြော၍လည်း မရနိုင်ပါ။ သို့ သော် ညာဖက်လက်နှင့် ဘယ်ဖက် လက်ထပ်တူကျသော အချိန်တွင် ဤအရာသည် မည်သည့်ဘက်က ပိုင်ဆိုင်သည်ဟု ပြောရခက်ပြန်သည်။ သချာင်္နည်းအရ ဒီဂရီဖြင့် တိုင်းတာရမည်လော။ သို့တည်းမဟုတ် အလေးချိန်ဖြင့် ဆုံးဖြတ်ရမည်လော။ သို့ မဟုတ် မဲခွဲဆုံးဖြတ်ရမည်လော။ အမှန်ဆိုသော် ဤကိစ္စသည် ဤမျှလောက် စဉ်းစားစရာမလိုပေ။ လူတို့သည် မလိုအပ်သော အရာများ၌ ပို၍ အချိန်ကုန်ခံတတ်ကြသည်။ လူ့စိတ်သည် နားလည်ရခက်၏ဟု လူတို့ကပင်ဆိုကြသည်။
လူတစ်ချို့က ရေးသောစာကို လူတစ်ချို့က ဖတ်သည်။ လူတစ်ချို့ က ခေါင်းညိတ်သော်လည်း လူတစ်ချို့ က ခေါင်းခါကြသည်။ လူတစ်ချို့ က တိတ်ဆိတ်သော်လည်း လူတစ်ချို့က ကျယ်လောင်စွာ ငြင်းခုန်ကြသည်။ လူနည်းစုက လက်ပိုက်ရပ်ကြည့်နေသည်။ လူအတော်အများများက ခပ်မဲ့မဲ့ပဲ ပြုံးကြသည်။ လူတိုင်းသည် ကိုယ့်သမိုင်းကိုယ်ရေးသည် ဟုကြွေးကြော်ရင်းမှ သူများသမိုင်းများကို မသိမသာ လိုက်လိုက်ဖတ်နေကျခြင်းဖြစ်သည်။ ကိုယ့်သမိုင်းကိုယ် ရေးသလိုလိုနှင့် သူများ သမိုင်းကိုလိုက်ကူးယူးနေခြင်းဖြစ်သည်။ ကျွန်တော် စဉ်းစားနေမိသည်။ ပထဝီ ပြောင်းရေးရင်ကောင်းမည်ဟု။ ကျွန်တော်မုန်းသည့်လူတွေနှင့် တူရမှာ ကျွန်တော်သိပ်ကြောက်ပါသည်။ လူတွေမှားနေကြအမှားကို ကျွန်တော် မှန်ချင်သည်။ လူတိုင်းမှန်နေကြအမှန် ကျွန်တော်မှားချင်သည်။ တစ်ဖြည်းဖြည်းနှင့် ကျွန်တော့်၏ ရပ်တည်မှုသည် အစောင်းများနှင့် တည့်လာသလိုခံစားရသည်။ ကျွန်တော်သည် ခေါင်းစဉ်မဲ့ လူတန်းစားတစ်ရပ် ဟု ကိုယ့်ကိုကိုယ် ခံယူကာ ကောင်းကင်တွင် နာမည်တပ်ထိုးမည်။ ကျွန်တော်သည် ကျွန်တော့ကိုယ်ပိုင်အတွေးများနှင့်သာဖွဲ့စည်းထားသော ကျွန်တော် သီးသန့်ဖြစ်သည်။
လူပေလူတေဟုဆိုလျှင် လူကြီးများက မုန်းကြပါသည်။ သမီးတို့၏ မိဘများက သဘောမတူတတ်သော လူမျိုးထဲတွင် လူပေလူတေသည် ထိပ်ဆုံးက ပါပါသည်။ လူကောင်းယောင်ဆောင်သော လူယုတ်မာများ ထက်စာလျှင် ကျွန်တော် လူပေလူတေပဲ ဖြစ်လိုက်ချင်သည်။ ကျွန်တော် မျက်နှာဖုံးတွေကို မုန်းပါသည်။ ဟန်ဆောင်ခြင်းကို ရွံရှာသည်။ ထို့ကြောင့် ဓာတ်ပုံရိုက်ခြင်းကိုတောင် တတ်နိုင်လျှင် ရှောင်ပါသည်။ ဟန်ဆောင်ပြုံးကို ကျွန်တော် မုန်းပါသည်။ ဂျာနယ်တွေ စာစောင်တွေထဲမှာ မော်ဒယ် ခပ်လှလှကြီးများ၏ ဟန်ဆောင်အပြုံးထက် လမ်းပေါ်က ညစ်တေတေ အရူးတစ်ယောက် အပြုံးကို ကျွန်တော် ပိုခိုက်သည်။ ရပ်ကွက်ထဲမှ ပေရေနေသော ကလေးငယ်တို့၏ အပြုံးကို ကျွန်တော် ပိုမိုက်သည် ဟုထင်သည်။ ကျွန်တော်သည် အလှစစ်ကို ရှာဖွေသည်ဟု ကိုယ့်ကိုကိုယ် ခံယူကာ ရပ်ကွက်ကြို ရပ်ကွက်ကြား ဟိုဒီသွားလာရင်း ယောင်ခြောက်ဆယ်ဟူသော ဘွဲ့ကို ပိုင်ဆိုင်လာခဲ့သည်။ အပေအတေသည် ကျွန်တော်၏ အဓိက ဂုဏ်သတ္တိဖြစ်သည်။ ဘာပဲပြောပြော ကျွန်တော်သည် လောကကြီးကို ချဉ်ချဉ်လာမိသည်။ ဒီတော့ အချဉ်ကြိုက်သည့် လူမိုက်ကျွန်တော်ပေါ့။ ခပ်သော့သော့လေး ရီမိပြန်သည်။ ကျွန်တော်သည် မထူးဆန်းသော အရာတွေနှင့် လူထူးဆန်းဖြစ်သည်။
ရပ်တည်မှုတစ်ခုအတွက်နှင့် စတေးနေရသော လူအတော်များများ ကို ကျွန်တော်သနားပါသည်။ တစ်ချို့က ဘဝ တစ်ချို့က အလှ တစ်ချို့က မိသားစု။ ကိုယ့်ကိုကိုယ် မိသားစုအတွက် အနစ်နာခံသူ ဟုခေါင်းစဉ်တပ်ကာ အများစု၏ လူလိမ္မာဟု သတ်မှတ်ခြင်းကို ခံယူရင်း ကိုယ့်ဘဝကို ထိုးကြွေးနေခြင်းကို ကျွန်တော် မုန်းသည်။ ကျွန်တော်ထိုလုပ်ရပ်ကို အမည်ပေးချင်သည်။ မိုက်မဲခြင်းဟု။။ သို့ဆိုလျှင် ထိုလူများက ဆဲကြပါလိမ့်မည်။ ကျွန်တော် ဂရုမစိုက်ပါ။ မစစ်မှန်သော စကားကို နားဆင်ဖို့ ကျွန်တော့် နားတွေ စွင့်မထားပါ။ ကျွန်တော်သည် နားလေးနေပါသည်။(ထိုလူတန်းစား တစ်ရပ်အတွက်သာ)
ကျွန်တော်သည် သူများတွေ၏ တလွဲများကို သုံးသပ်ရင်း ကိုယ်ကိုတိုင်လွဲမှားနေခဲ့သည်ကို မသိခဲ့။ ကိုယ့်ရှေ့မှ လူများအားဝေဖန်ရင်း ကိုယ့်နောက်က လူများ၏ ဝေဖန်မှုကို မသိခဲ့။ ဖြစ်နိုင်သည်။ မျက်စိကသာ မြင်နိုင်၍ နောက်စိက မြင်နိုင်သည်မဟုတ်ပဲလေ။ သို့သော် နားနှစ်ဖက်ရှိသောကြောင့် ကြားတတ်မိလာသည်။ ဤသို့ဆိုလျှင် ဘေးနှစ်ဖက်တွင်သာ ရှိသော နားသည် အရပ်လေးမျက်နှာအတွက် ရည်ရွယ်ပါသလား။ ကျွန်တော် မျက်စိနှစ်လုံး ထက် နားနှစ်ဖက်၏ အစွမ်းကို ပိုလေးစားမိလာသည်။ လူတွေ ဝေဖန်နေသည်ကို မျက်လုံးဖွင့်မှ မြင်ရမည်ဆိုလျှင် အကန်းတစ်ယောက်သာ ကျွန်တော် အဖြစ်ခံလိုက်ပါမည်။ ကျွန်တော်က လူတွေကို မုန်းနေသည်ပဲ။ ဟုတ်ပါသည်။ ကျွန်တော် မျက်လုံးကန်းနေပါသည်။( မစစ်မှန်သော လူတွေအတွက်သာ)
ကျွန်တော်ပေပါသည် ကျွန်တော်လေပါသည်။ ကျွန်တော်မူးပါသည် ကျွန်တော်ရူးပါသည်။ ကျွန်တော်သည် လူကောင်းပါ ကျွန်တော်သည် လူဆိုးပါ။ ကျွန်တော်သည် ဝေဖန်ပါသည် သို့သော် အဝေဖန်မခံပါ။ ကျွန်တော်သည် အတ္တကြီးပါသည် ကျွန်တော်သည် ဂရုဏာတစ်ရားကို လက်ကကိုင်ထားပြန်သည်။ ကျွန်တော် ချစ်တတ်ပါသည် ကျွန်တော်သည် အလွန်အငြိုးလည်းကြီးပါသည်။ ကျွန်တော်သည် ကျွန်တော့်အတွက် ကျွန်တော်ကောင်းပါသည် ကျွန်တော်သည် တစ်ခြားသူအတွက်မကောင်းပါ။ ကျွန်တော်သည် ကျွန်တော်သာဖြစ်သည် တစ်ချိန်တည်းမှာပင် ကျွန်တော်သည် ကျွန်တော်မဟုတ်တော့ပြန်ပါ။ ကျွန်တော်သည် ခေါင်းစဉ်မဲ့သော ကျွန်တော်၏ ကိုယ်ပိုင်ခေါင်းစဉ်သာဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော့်နာမည်သည် ကြက်ခြေခတ်ဖြစ်သည် ဟု ကျွန်တော့်ဘာသာ ခံယူပစ်လိုက်သည်။ ဟုတ်ပါသည်။ ကျွန်တော်သည် ကြက်ခြေခတ် ဖြစ်ပါသည်။ အပြစ်ကင်းသော ကြက်ခြေခတ်များကိုသာ ညစ်ပတ်သော အမှန်များထက် ခုံမင်သူသာဖြစ်သည်။
ဒီမှာတင် ပြီး၏။။။။။။
အမည်မတပ်တော့ပါ
မနက်ကျမှဝယ်မယ်လို့
စဉ်းစားထားတဲ့ အနာဂတ်တွေနဲ့
ညတစ်ဝက်တစ်ပျက် တစ်ချို့ကို
ဂစ်တာတစ်လက်နဲ့ ဖြတ်ကျော်ရင်း
အတိတ်တွေကို ကြိတ်ကြိတ်လွမ်းခဲ့ဖူးတယ်
အမေ့ရင်ခွင်ထဲမှာ ပျော်ပါး
ကျွန်တော်လေ
ဒုက္ခဆိုတာနဲ့ နှစ်ပါးသွားရမယ်မှန်းသိရင်
အစကတည်းက ဒီဇာတ်ကိုလက်ခံမှာမဟုတ်ဘူး
ဘယ်သူက မနိုင်တဲ့ပွဲကို ကစားမှာတဲ့လဲ
ကဗျာတွေရေးတတ်ကာစ အရွယ်ကပေါ့
မြင်မြင်သမျှတွေကို စာတွေရေးဖွဲ့
စကားလုံးတွေနဲ့ပဲ ကစားနေလိုက်တော့တယ်
မသိလိုက်မသိခင်မှာပဲ
ကဗျာဆရာဖြစ်လာပေါ့ ကျွန်တော်
ဖော်မြူလာတွေနဲ့ ကဗျာစပ်နေရသလိုပဲ
တစ်ခါလာလဲ ဘဝ
တစ်ခါလာလဲ အချစ်
အဲဒါတွေနဲ့ပဲ ထပ်တလဲလဲ ပတ်သတ်ရင်း
မနက်ဖြန်တွေကို အသက်ဆက်နေရတယ်
ခေါက်ရိုးကြေနေတဲ့ လူတွေကိုမှ
နင်းခြေချင်ကြလို့
ရက်စက်တဲ့လူတွေကို တန်ပြန်ဖို့
ငါ မျက်နှာတစ်ချက်လွှဲလိုက်တယ်
ငါ့ကြောင့်တော့ ဝန်မပိုစေချင်ဘူးလေ
ငါရဲ့စေတနာတွေက ဝေဒနာတွေ ဖြစ်တတ်လွန်းလို့
လူတွေရေးတဲ့ဟာသကို
ရီရမှန်းတောင်မသိတဲ့ လူတွေရယ်
လူတွေရေးတဲ့ဘဝဆိုတာကို
ရီနေတတ်တဲ့ လူတွေရယ်
အဲ့ဒီ့ လူတန်းစားနှစ်ရပ်ကြား
ဗျာများနေတဲ့ လူတွေရယ်
ကျွန်တော် အားလုံးကိုလေးစားတယ်
ယောင်ခြောက်ဆယ်ဆိုတဲ့ ဘွဲ့နဲ့
အပေအတေဆိုတဲ့ နောက်ကွယ်ကနာမည်တစ်ခု
အဲဒါတွေကိုမှ ပြုံးပြုံးကြီးပိုက်
လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ
သူများတိုက်သမျှလည်း သွားသွားသောက်ဖူးတယ်
ဟဲလို ချစ်သူ….
ငါမြည်တမ်းမိတိုင်း
ယောင်လို့တောင် ထူးမဲ့သူမရှိ
အဲဒါ ငါ့ရဲ့ အရှိတရားတဲ့လား
ခပ်မဲ့မဲ့တစ်ချက်ပဲ ပြုံးမိပါတယ်
ဂုဏ်မရှိရင် အမိတို့မလာမှန်းသိလို့
ဖြစ်တည်မှုတစ်ခုအတွက်
တစ်ခုခုကိုစတေးရမယ် ဆိုရင်တောင်
ငါပြုံးပြုံးကြီး သေရဲတယ်
ငါပိုင်တာ ငါ့ကိုယ်ငါပဲရှိလို့
တစ်ချို့ကပြောပါတယ်
ဒီကောင် အရှက်မှမရှိတာတဲ့
ကျွန်တော်ပြန်မပြောခဲ့ပါဘူး
ဟန်ဆောင်ကောင်းမှ အရှက်ရှိသတဲ့လားလို့
ဒီလိုပါပဲ
လောကကြီးမှာ ကျွန်တော်က
ပေလိုက် တေလိုက်
ရွဲ့လိုက် စောင်းလိုက်နဲ့
ဒါပေမဲ့ ရီစရာရှိရီ
ငိုစရာရှိရင် ငိုတတ်သေးတဲ့
မျက်နှာဖုံးမဲ့လူ
ဘာအရောင်မှ မဆိုးမိသေးဘူး
4.36pm 24 jan 2011 mon
Comment #2
ကောင်းတယ်.. အားပေးနေတယ်
Comment #1
ဒီလိုပါပဲ
လောကကြီးမှာ ကျွန်တော်က
ပေလိုက် တေလိုက်
ရွဲ့လိုက် စောင်းလိုက်နဲ့
ဒါပေမဲ့ ရီစရာရှိရီ
ငိုစရာရှိရင် ငိုတတ်သေးတဲ့
မျက်နှာဖုံးမဲ့လူ
ဘာအရောင်မှ မဆိုးမိသေးဘူး
great.. poem…… like it