Professional Authors

လူငယ်နှင့်Management

Management ဆိုတဲ့စကားကိုတွေ့လို့ စီးပွားစီမံဘာသာရပ်အကြောင်းပြောမယ်လို့တော့ မထင်လိုက်ပါနဲ့..။ကျွန်မဟာ စီးပွားရေးဆိုတာကိုနကန်းတလုံးမှနားမလည်ပါဘူး…။၁၀တန်းကိုလည်း ဇီဝဗေဒဘာသာတွဲကို မျက်စိမှိတ်ကျက်လာတဲ့သူဖြစ်တဲ့အတွက်စီးပွားရေးဆိုတာကို လုံးဝမသိသူတယောက်ပါ…။ကျွန်မပြောချင်တာက လူငယ်တွေအနေနဲ့သူတို့ရဲ့အချိန်တွေကိုစီမံခန့်ခွဲမှုကိုဆိုလိုချင်တာပါ….။ဒီနေ့ခေတ်ကြီးက အချိန်နဲ့အမျှတိုးတက်နေတယ်လို့ဆိုနေကြပါတယ်…။ဒီတော့အချိန်ဆိုတာကို အကျိုး၇ှိ၇ှိနဲ့ ခွဲဝေသုံးစွဲတတ်ဖို့ဆိုတာက လိုအပ်လာပါတယ်..။ကျွန်မတို့လူငယ်တွေလို့ဆိုရာမှာ ကျွန်မလို ကျောင်းတက်နေဆဲ လူငယ်တွေအကြောင်းကိုအဓိကထားပြောချင်တာပါ။ကျောင်းပြီးလို့လုပ်ငန်းခွင်မှာဝင်နေတဲ့ လူငယ်တွေအတွက်ကျတော့ကျွန်မကလည်းအတွေ့အကြုံကမရှိသေးတော့သိပ်မပြောတတ်ပါဘူး..။ထားပါ….ပြောချင်တာကတော့ကျောင်းသားတွေဖြစ်တဲ့ကျွန်မတို့လူငယ်တွေဟာ စာလုပ်ရမယ့်တာဝန်ရှိတာကိုတော့ လူငယ်တိုင်းသိမှာပါ..။စာလုပ်တယ်ဆိုတဲ့နေရာမှာ ပေးထားတဲ့စာပိုဒ်ကိုစာမေးပွဲမှာအထစ်အငေါ့မရှိရေးနိုင်ဖို့ဆိုတာလေးကိုရှေးရှုပြီးလုပ်ဖို့ပြောတာတော့မဟုတ်ပါဘူး..။ကိုယ်လုပ်နေတဲ့စာရဲ့အနှစ်သာရ၊အတွင်းသဘောကိုသေသေချာချာသိအောင်လုပ်ပြီးကိုယ်လေ့လာနေတဲ့ဘာသာရပ်ကိုပိုင်ပိုင်နိုင်နိုင်နားလည်ဖို့အားထည့်စေချင်တာပါ…။လူငယ်တွေဖြစ်တဲ့အတွက် စာလုပ်နေတဲ့အချိန်တွေအပြင် အားလပ်ချိန်မှာအခြားလုပ်ချင်တာတွေကလည်း တပုံကြီးပါပဲ…။အင်တာနက်သုံးချင်တာ…ကိုရီးယားကားကြည့်ချင်တာ(ဒီနေရာမှာနည်းနည်းဖြတ်ပြောချင်တာက ကျွန်မကတော့ကိုရီးယားကားကြည့်ပရိတ်သတ်တယောက်တော့လုံးဝမဟုတ်ပါဘူး။)ချစ်သူနဲ့လျှောက်လည်ချင်တာ….စာအုပ်တွေဖတ်ချင်တာ..စသည်ဖြင့်ပေါ့….။ကျွန်မအမြင်တော့ အဲလိုအပြင်ကိစ္စတွေကိုပါ လုပ်ချင်စိတ်ရှိနေတာကတော့သဘာဝပဲလို့လေ…။စာချည်းလုပ်နေရင် လူကလူနဲ့ဘယ်တူနိုင်တော့မှာလဲ…ဒါကြောင့် ကျွန်မတို့လူငယ်တွေအနေနဲ့ ဖြစ်သင့်တာ၊လုပ်သင့်တာတွေနဲ့ ဖြစ်ချင်တာ၊လုပ်ချင်တာတွေကြားမှာစနစ်တကျစီမံခန့်ခွဲတတ်ဖို့လိုလာပါပြီ…။တချိန်လုံးစာကြည့်စားပွဲမှာ ထိုင်နေဖို့မလိုသလို  တချိန်လုံးအင်တာနက်သုံးနေတာမျိုး၊တချိန်လုံးချစ်သူနဲ့ရှိချင်နေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ကိုယ့်အတွက်ကျန်မယ့် ကျောင်းစာတွေကိုလုပ်နေရင်းကနေ ကမ္ဘာကြီးရဲ့ပြူတင်းပေါက်တွေဖြစ်တဲ့ အပြင်ဗဟုသုတစာအုပ်တွေကိုဖတ်ဖို့၊သတင်းအချက်အလက်တွေရဖို့အင်တာနက်သုံးဖို့အချိန်ဆိုတာလေးတွေကို ထားပေးသင့်တာတော့အမှန်ပါပဲ။ဟိုနေ့က Life styleမဂ္ဂဇင်းထဲမှာ  အင်တာနက်အသုံးပြုတာနဲ့ပါတ်သတ်ပြီး ပညာရှင်အချို့က ဝေဖန်သုံးသပ်ပြသွားတာလေးတွေကတော်တော်လေးကိုကောင်းပါတယ်။လူငယ်တွေဟာအင်တာနက်ကိုသတင်းအချက်အလက်အတွက်အသုံးပြုတာမျိုးသိပ်မရှိဘဲ socialအတွက်၊entertainmentအတွက်သက်သက်သုံးနေကြတယ်တဲ့..။သူတို့ပြောသွားတာလည်းမှန်ပါတယ်။သတင်းအချက်အလက်တွေရယူဖို့အင်တာနက်သုံးတယ်ဆိုတာက လူငယ်တွေကြားမှာတော်တော်လေးကိုရှားပါတယ်…။ဒီတော့သူတို့ပြောသွားသလိုမျိုး စိတ်ပျော်၇ွှင်ရေးအတွက်သုံးတဲ့အချိန်သုံးသလို   ကမ္ဘာကြီးကလူငယ်တွေနဲ့ တူညီတဲ့အတွေးတွေရဖို့..ဒါမှမဟုတ်  တခုခုသောအသိပညာရဖို့ကိုလည်းမေ့မထားသင့်ပါဘူး…။ကျွန်မတို့ငယ်ငယ်တုန်းကဆိုတဲ့ကဗျာလေးတခုရှိပါတယ် ကစားချိန်မှာငါတို့ကစားလို့ နားချိန်နားလို့စာကျက်မယ်  ဆိုတာလေးပါ..။အဲဒီ့ကဗျာလေးက ကျွန်မတို့ကိုအချိန်ကိုအကျိုးရှိရှိခန့်ခွဲနိုင်ဖို့လမ်းညွှန်ထားတယ်လို့ကျွန်မကတော့ယူဆပါတယ်…။ကျွန်မတို့ရဲ့လူငယ်ဆိုတဲ့သက်တမ်းအတောအတွင်းမှာလူငယ်နဲ့သက်ဆိုင်တဲ့ ပျော်စရာလေးတွေကိုရှာဖွေရင်း လူငယ်နဲ့သက်ဆိုင်တဲ့ပညာတွေ လူငယ်တွေသိနားလည်ထားသင့်တဲ့အကြောင်းတွေကိုပါတပါတည်းယူဆောင်ပြီးသွားမယ်ဆိုရင် ကျွန်မတို့ဆိုတဲ့လူကြီးတွေဦးဆောင်မယ့်အနာဂါတ်ကကောင်းမှာအသေအချာပါပဲ…။ကျောင်းသားတယောက်အတွက်ကလည်း Managementဆိုတာကသိပ်ကိုအရေးကြီးပါတယ်…။ကိုယ့်အချိန်ကို ကိုယ်စီမံခန့်ခွဲနိုင်မှသာလျှင်ကျောင်းသားရဲ့လုပ်ငန်းဆောင်တာတွေကလည်းချောမွေ့စွာပြီးဆုံးမှာပါ…။စာမေးပွဲဆိုတာကြီးကိုမေ့ထားပြီး တချိန်လုံးပျော်စရာတွေနောက်လိုက်နေမယ်ဆိုရင်တော့ အချိန်ဆိုတာကစောင့်နေမယ့်အစားမျိုးမှမဟုတ်တာနော်…။ဒီလိုပါပဲ စာမေးပွဲဆိုတာကြီးကိုနှစ်စကတည်းကကြောက်ပြီး စာမှစာလုပ်ရင်းလောကကြီးနဲ့အဆက်ပြတ်စွာစာဂျပိုးလုပ်နေမယ်ဆိုရင်လည်း အဲဒီ့ကျောင်းသားဟာကျောင်းစာကလွဲပြီးဘာမှမသိတဲ့၊ပျော်ရွှင်စရာဆိုတာကိုဘာမှန်းမသိတဲ့ စက်ရုပ်ဆန်ဆန်လူသားတဦးပဲဖြစ်လာမှာပါ..။စက်ရုပ်ဆိုတာမျိုးက သူ့ဆီမှာပါတဲ့ပရိုဂရမ်လောက်ကိုပဲတုန့်ပြန်နိုင်တဲ့အသိမဲ့ စက်တခုပါ..။ဒီတော့အဲဒီလိုလူတွေဟာလည်းပဲ သူတို့ရဲ့အတိုင်းအတာပမာဏဟာသေးသေးလေးပဲဖြစ်နေမှာပါပဲ…။လူမှုရေးဆိုတာဘာမှန်းမသိ၊အနုပညာဆိုတာဘာမှန်းမသိ၊ပေါင်းသင်းဆက်ဆံရေးဆိုတာဘာမှန်းမသိဘဲ စာကိုသာသက်သက်သိတဲ့သူတွေအနေနဲ့လူ့ပါတ်ဝန်းကျင်ဆိုတာကြီးမှာတကယ်တမ်းတော့ဝင်ဆန့်နိုင်မယ်မထင်ပါဘူး။ကျွန်မတို့ဘုရားရှင်ဟောတော်မူခဲ့သလိုပါပဲ….အစွန်းနှစ်ဖက်နဲ့လွတ်အောင်နေတတ်တာကအကောင်းဆုံးပါပဲ…။ကိုယ်ပိုင်တဲ့အချိန်တွေလိုထင်ခဲ့မိတာတွေက တကယ်တမ်းတော့မပိုင်ဘူးဆိုတာကို အချိန်နှောင်းမှသိရတာမျိုးနဲ့  ကိုယ်ပိုင်တဲ့အချိန်တွေထဲမှာပဲကိုယ့်ကိုကိုယ်ချောင်ပိတ်ထားမိသလိုဖြစ်နေရတာမျိုးတွေမဖြစ်ရအောင် ကိုယ်တိုင်စီမံခန့်ခွဲတတ်ဖို့လေ့ကျင့်ကြမယ်ဆို၇င်ပိုကောင်းမယ်ထင်ပါတယ်…။တကယ်တော့ကျွန်မဟာလည်း ကိုယ့်အချိန်ကို ကိုယ် ကောင်းကောင်းစီမံခန့်ခွဲတတ်တဲ့သူမျိုးတော့မဟုတ်သေးပါဘူး…။လွယ်ပါတယ်ဆိုပြီး လွှတ်ထားခဲ့ပြီး ပျော်ပျော်ကြီးလေနေခဲ့ပြီးမှ  စာမေးပွဲဆိုတာကိုကြုံရမှဖုတ်ပူမီးတိုက် စာတွေကိုလှိမ့်ကျက်ရတာမျိုးလည်းကြုံခဲ့ဖူးပါတယ်..။ကျွန်မတို့ကျောင်းဟာMedical fieldထဲကကျောင်းတခုဖြစ်တဲ့အတွက် စာမေးပွဲဆိုတာက အလွန်ရင်းနှီးတဲ့ မိတ်ဆွေပါပဲ…။ဆက်တိုက်လာတတ်တဲ့စာမေးပွဲတွေကြားမှာ ရင်မောစွာအသက်ရှင်ရတာမျိုးပါ…။ဒီတော့ ကျွန်မအနေနဲ့ စာကျက်ချိန်နဲ့ကျွန်မလုပ်ချင်တာလေးတွေကိုလုပ်မယ့်အချိန်…ဥပမာ-အင်တာနက်သုံးချိန်၊ကဗျာလေးတွေအက်ဆေးလိုလိုဘာလိုလိုလေးတွေရေးဖို့အချိန်၊ကျွန်မဖတ်ချင်တဲ့စာအုပ်ကလေးတွေကိုစာအုပ်အဟောင်းဆိုင်တွေအထိလိုက်ရှာပြီးဖတ်ဖို့အချိန်……စသည်ဖြင့်ပေါ့     တွေကိုသေသေချာချာလေး စီမံခန့်ခွဲနိုင်ကာမှတော်ရုံကျမှာပါ..။တဖက်ကိုမှလည်းအလေးသာသွားတာမျိုးမဖြစ်စေချင်ပါဘူး။ကျွန်မဟာစာမှစာဆိုတဲ့ လူတန်းစားထဲမှာလုံးဝကိုမပါတဲ့သူပါ…။ဒါပေမယ့် စာကိုလျစ်လျူရှုပြီးအလေလိုက်ချင်တဲ့စိတ်မျိုးလည်းမရှိပါဘူး၊ဒီတော့ တခါတလေမှာစိတ်အပန်းဖြေဖို့စိတ်ပျော်ရာလေးတွေလုပ်ဖို့နဲ့ ကိုယ်သင်ကြားနေတဲ့ပညာရပ်ပေါ်မှာလည်း  တလေးတနက်ရှိရလေအောင် ကျွန်မအချိန်တွေကို အသေအချာလေးစီမံခန့်ခွဲဖို့ကြိုးစားနေပါတယ်…။ သူငယ်ချင်းတို့လည်း  ကျွန်မနဲ့အတူကိုယ့်အချိန်ကို ပိုင်တဲ့၊စီမံခန့်ခွဲနိုင်ဖို့ကြိုးစားကြည့်ကြမယ်လေ….။

P.S-စီမံခန့်ခွဲတတ်မှုဆိုတာဟာလူငယ်တွေမှာအရေးပါတယ်ဆိုတာကိုသေသေချာချာလေးရှင်းပြပေးခဲ့တဲ့  Department of Pharmaceutics(ဆေးဝါးဖော်စပ်ရေးဗေဒ)ဌာနမှ  ဆရာမ ဒေါ်မီမီစောအား အမှတ်တရ…။

In: စကားပြေ Posted By: Date: Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment