ကျွန်တော်တွေ့ခဲ့သော မနီလာ (၂)
ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကား ကောင်းလှသည်မဟုတ်။ နိုင်ငံသားအများစုမှာ ပြည်ပတွင် အလုပ်လုပ်လျက်။ အစိုးရကလည်း အတင်းပင်မသွားသွားချင်အောင် စီစဉ်ပေးသည်။ သို့ရာတွင် စိုက်ပျိုးရေးရော စက်မှုဘက်တွင် ပါ မြန်မာထက်တော့ သာပါမည်။ ရိုမန်ကက်သလစ်နိုင်ငံပီပီ လူဦးရေကလဲ အတော်လေးပိုများပါသည်။ စပိန်နှင့် အမေရိကန်တို့၏ ကိုလိုနီဖြစ်ဖူးသော နိုင်ငံအနေဖြင့် မျက်မှောက်ခေတ် အဆိုပါနိုင်ငံများနှင့် ဆက်ဆံရေးကောင်း ထိန်းထားနိုင်သေးသည်ကို တွေ့ရသည်။ အန်ကယ်ဆမ်ကြီး အမေရိကန် နှင့်တည့်သူများ ကောင်းစားနေသည်ကို အာဆီယံနိုင်ငံများထဲတွင်လည်း အထင်အရှား။ ကျွန်တော်တို့နိုင်ငံတော့မဟုတ် ။ ရုံးသုံးဘာသာကို အင်္ဂလိပ်လို သတ်မှတ်ထားသည်မှာမှားသည်မှန်သည်ဟု ဆွေးနွေးခြင်း ယင်းတို့သမိုင်းကြောင်းတွင်ရှိခဲ့မည်မထင်ချေ။သို့သော် လူတိုင်းလိုလိုပြောသည်ကား မူရင်းတိုင်းရင်းသား ဘာသာစကားပင်။ “ဖ”များ “အီး” ရေချိန်မြင့်မမြင့်ကို ပြည်ပ အလုပ်အကိုင်လောကတွင် “ဖ”များ စန်းပွင့်နေမှုအရသိနိုင်ပါသည်။ အီးကောင်းသူဟုဆိုရာတွင်ကျွန်တော်တွေ့ခဲ့ ရသည့်သာမန်ဖိလစ်ပိုင်အရပ်သူအရပ်သားများတော့ မပါတန်ရာ။ ဘာသာစကားဆိုသည်မှာသင်ယူမှုနည်းစနစ်နှင့် ကြိုးစားအားထုတ်မှုသာ အရင်ခံကျမည်ဟု ထင်မိသည်။
အစိုးရမှ ပြည်သူအပေါ်ဂရုစိုက်လွန်းသလားဟူသောအမေးအတွက် ယင်းတို့ကျင့်သုံးနေသောဒီမိုကရေစီစနစ်က အဖြေပေးလေသည်။ ဖိလစ်ပိုင်နိုင်ငံရေးလောကကား တကယ့် လက်ဝှေ့ကြိုးဝိုင်းတစ်ခုသဖွယ်။ အရှုံနှင့်အနိုင် အကြား ကာရံထားသည်က ပိုက်ဆံတွေ၊ လူ့အသက်တွေ၊ အနိုင်ကျင့်အကြမ်းဖက်မှုတွေ နှင့် တစ်ခါတစ်ရံတော့ လူသိများကျော်ကြားမှုတွေ ဖြစ်နိုင်သည်။ ( ရုပ်ရှင်မင်းသားကလဲ သမ္မတဖြစ်နိုင်သည်ကိုး)။ အာဏာအတွက် အဆုံအဖြတ်ပေးနိုင်သောအခြားအကြောင်းတစ်ရပ်မှာသဘာဝဘေးအန္တရာယ်။ဖိလစ်ပိုင်နိုင်ငံကားမွေးရာပါရောဂါ တစ်ရပ်သဖွယ် သဘာဝဘေးအန္တရာယ်များ နှိပ်စက်ခံနေရသော နိုင်ငံပင်။ ရေကြီးမှု၊ မြေပြိုမှု၊ မုန်တိုင်းတိုတ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများမှာ နှစ်စဉ်မပျက်မကွက်။ သို့သော် နိုင်ငံသားများမှာ ထိုသဘာဝဘေးအန္တရာယ်များအတွက် ထုသားပေသားကျနေသည်။ သက်ဆိုင်ရာအာဏာရှိသူအနေဖြင့်သဘာဝဘေးအန္တရာယ်ကျလာတိုင်းမိမိ၏လူထုကို ဘယ်လောက် ကူညီပေးနိုင်သည် ဆိုသည့်အချက်က ၄င်း၏အာဏာတည်တံ့မှုကို ပြဌာန်းလျက်ရှိသည်။ အကယ်၍ ငါတို့က ဒီမိုကရေစီအစဉ်အလာမှာ မင်းတို့ထက် ခေါင်းတစ်လံုးမြင့်သည်ဟု ဖိလစ်ပိုင်တစ်ယောက်က ပြောလာလျှင် ကျွန်တော့်တွင် ပြန်ခုခံရန်စကားမရှိ။တစ်ခုတော့ ပြန်ပြောနိုင်သည်။ငါတို့ကမင်းတို့လောက်ဘ၀ကိုကြောက်ကြောက် လန့်လန့်ဖြင့် နေထိုင်ရန်မလိုဟူ၍ပင်။ အကြောင်းမှာ မနီလာမြို့တွင် စားသောက်ဆိုင်ရှေ့လဲ သေနတ်ကိုင်အစောင့်၊ ကုန်တိုက်ရှေ့လဲသေနတ်ကိုင်အစောင့်၊ဟိုတယ်ရှေ့လဲသေနတ်ကိုင်အစောင့်၊ယုတ်စွအဆုံးအများသုံးအိမ်သာနားတွင် ပင် သေနတ်များနှင့်မလွတ်။ သရက်သီးသနပ် မဟုတ်ပဲ မာလကီးယားသွားနိုင်သည့် သေနတ်ဖြစ်နေသည်ကား ဆိုးလွန်းသည် မဟုတ်ပါလား။
ခဏသာအတူနေထိုင်ခဲ့ဖူးသည့် မနီလာကား ကျွန်တော့်ကို သတိရခြင်းတွေ ပေးခဲ့ပါ၏။ ကျွန်တော်လည်း သတိရပါ၏။ သို့သော် တမ်းတမ်းတတတော့ မဖြစ်။ အချိန်အားဖြင့် တစ်နာရီခွဲပိုစောသည့် နိုင်ငံမှအဖြစ်မှလွဲ၍ ထူးထူးခြားခြား သူစိမ်းဆန်းမှုကိုကား မခံစားခဲ့ရ။ သိကျွမ်းသော ဖိလစ်ပိုင်အမျိုးသမီးကြီးများနှင့် စကားပြောနေရင်း တစ်ခါတစ်ရံ မြန်မာမဟုတ်ဘူးဆိုသောအသိပျောက်သွားသည်မှာခဏခဏ။ ကျွန်တော့်ကိုရောမနီလာလွမ်းနေမလား? အခွင့်ကြုံလျှင်တော့ ပြန်တွေ့ချင်ပါသည်။ ဘယ်ကိုပဲ ရောက်ရောက်ပါ..။ တိုတောင်းလှသည့် လူ့ဘ၀ကြီးထဲ တစ်ချို့သောအချိန်တွေကမမေ့နိုင်ခဲ့ဘူးဆိုလျှင်.. မနီလာရေ….သေချာပါပြီဗျာ ။ ကျွန်တော် ခင်ဗျားကို မေ့တော့မှာ မဟုတ်ဘူး .. .. .. ။ ။
ဇူလိုင်လ ၂၆ ရက် ၊ ညနေ – ၅ နာရီ ၁၀ မိနစ်