အတိတ်ကိုမေ့ချင်သူ
ဇာတ်ညွှန်းအမှားကြီးနဲ့ ကခဲ့တဲ့ နေ့ရက်ညိုညိုတွေထဲ …
ကိုယ်တိုင်သိနေရက်နဲ့ ပြင်လို့မရတာ အစွဲလမ်းတစ်ခုလား..?
နက္ခတ် အလွဲနဲ့ ကောင်းကင်ညတွေထဲ
စီးချင်းနွဲတဲ့ ကာရန်တွေကြား မြတ်နိုးချင်း အကျိုးအပဲ့တွေကို
နာရီအမှားတွေနဲ့ပဲ သွေးသစ်လောင်း ပြောင်းလဲမရခဲ့တာ အချစ်ပဲ ဖြစ်နေပြန်တာလား..?
အယူအဆ အမှားတွေကြား တိမ်မြုပ်ခဲ့တဲ့ အနာဂတ်တွေနဲ့ပဲ
ချစ်သော \’ရက္ခိဏ\’ ရေ…
မျက်ရည်ကြည်ကြည်တွေနဲ့ အဲဒီဒုက္ခတွေကို ရေလောင်းပေါင်းသင်ခဲ့မိတာ ငါကိုယ်တိုင်ဆိုတော့လဲ
စွန့်လွှတ်ဖို့ကြိုးစားခဲ့ခြင်းမှာ အရှုံးအနိမ့်တွေ များခဲ့ရပြီ….
ကံတရားကို ယုံကြည်စရာ တစ်ခုလို သတ်မှတ်ခဲ့တော့လဲ ဆူးစူးခဲ့ရ နေ့ရက်တွေက
အနည်းနဲ့ အများတော့ ရှိခဲ့ပြီပေါ့..
ဒါပေမယ့် ငါကျေကျေနပ်နပ်ကြီး ဆက်ပိုက်နေမိတယ်လေ… ဘယ်သူ့ဘယ်သူရဲ့ သနားမှုကိုမှ မလိုချင်ခဲ့ပါဘူး…ယုံကြည်ခြင်း အဖူးအငုံတွေနဲ့ \’နွေ\’ များစွာကို ကျော်ဖြတ်…ရာသီစက်ဝန်းထဲက တံလျပ်အခိုးအငွေ့တွေကို \’ရေ\’ လို့ ထင်မှတ်မိခဲ့တော့…
နောက်ကျခြင်း အမှားတွေနဲ့ နှလုံးသားလဲ သူ့ရင်ဘတ်သူ ပြန်ရှက်နေခဲ့ရပြီ…အပြည့်အ၀ခုံလှုံခွင့်တွေအပြင် နွေးထွေးခြင်းတွေနဲ့တောင် ဆင့်ကဲပေးခဲ့တာပဲလေ….ဘယ်လို…လိုအပ်ချက်တွေကြောင့် ငါ့အခက်အလက်တွေကို မင်းချိုးဖျက်ရက်တာလဲ…\’ သားရေပေါ်အိပ် သားရေနားတော့ မစားပါနဲ့ \’ ….
ချစ်ခဲ့တဲ့ ရက်တွေထဲမှာ ငါဖတ်ခဲ့သမျှ မင်းမျက်ဝန်း ၊ မင်းနှလုံးသား …
အားလုံးဟာ စာမျက်နှာ အမှားကြီးပဲလား….?
မေ့ပစ်နိုင်ဖို့ဆိုတာ ငါအကြိမ်ကြိမ် တွေးကြည့်ခဲ့ဖူးတယ်…\’ အစွဲအလမ်းဆိုတာ ကိုယ့်ရင်ဘတ်ကို အဆိပ်ပြန်ခပ်နေရသလို \’ ဆိုပေမယ့်
ငါ့ကိုယ်ငါတောင် ပြင်ဆင်လို့မရခဲ့တာ…. ပြတ်သားနိုင်ဖို့ဆိုတာမျိုးကျတော့
နှလုံးသားက လက်မခံခဲ့ဘူးလေ..။
အတိတ်ဆိုတာမျိုးက ပြောင်းလဲဖျက်ဆီးဖို့ မပြောပါနဲ့…
မေ့ပစ်နိုင်ဖို့ကြိုးစားခြင်းမှာတောင် ခက်ခဲခြင်း အထပ်ထပ်နဲ့ပါ…
သံယောဇဉ်ကြိုးတစ်ချောင်းကို အစွန်းတစ်ဖက်ဆီကိုင်စွဲရင်း ပြိုင်ပွဲဝင်နေရသလို
အရှုံးအနိုင် အနိမ့်အမြင့်နဲ့ အဲဒီအချစ်ပေါ် စုံလုံးကန်းနေခဲ့မိတာ
ခုတော့လဲ \’ ခြားနားခြင်း \’ ဆိုတာမျိုးမှာ အရာအားလုံးဟာ တစပြင် တစ်ခုလိုပါ့လား…?
အရင်တုန်းကတော့ ငါ့ဆုပန်ခြင်းအထပ်ထပ်မှာ မင်းနဲ့နေခွင့်ရဖို့ ဆန္ဒတွေနဲ့ပဲ
မွှေးမြအေးခဲ နေခဲ့တာပါ…
ခုချိန်မှာတော့ \’ အတိတ်ကို မေ့ပစ်နိုင်ပါရစေ \’ ဆိုတာ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆု …
ချစ်သော \’ ရက္ခိဏ \’ ရယ်….
သမိုင်းကြောင်းမကောင်းခဲ့တဲ့ နှလုံးသားက ရာဇ၀င် အပွန်းအပဲ့တွေနဲ့
အလွမ်းအဆွေးများရဲ့ တိုက်ပွဲမှာမှ သံယောဇဉ်ကို ချပ်ဝတ်တန်ဆာတစ်ခုလို
ဝတ်ဆင်ခဲ့မိတာ ယုံကြည်မှုအလွဲတွေ ဖြစ်နေခဲ့ပါ့လား … တကယ်ဆို …
ရွာရိုးကိုးပေါက်လျှောက်ခဲ့တဲ့ နေ့ရက်စိမ်းစိမ်းတွေထဲ \’ ပြဒါးတစ်လမ်း ၊ သံတစ်လမ်း \’ဆိုတာမျိုးနဲ့
ဝေးပြီးရင်း ဝေးနေခဲ့တာ…..
ငါ့ကမ္ဘာကိုမှ နေထွက်မှားစေခဲ့ပြန်တော့
ပုခုံးချင်းယှဉ်နေရင်း ကျောခိုင်းမိနေတယ် ဆိုတာ….
ကိုယ်တိုင်သိခွင့်မရခဲ့တဲ့ အမှားတွေပဲလေ….
ထားခွင့်ပြုပါ ချစ်သော \’ ရက္ခိဏ \’ ….
စနစ်တကျ စီစဉ်ထားခဲ့တဲ့ ကံတရားအောက် \’ အဟောသိကံ \’ ဖြစ်ခဲ့ရတဲ့
ငါ့ချစ်ခြင်းတွေ … \’ ဝေနေတဲ့ တိမ်နှင်းဆီတွေကြားမှာ ကြွေနေတဲ့မျက်ရည်ဆိုတာ
ထင်သာမြင်သာမရှိအောင် သိမ်ငယ်နေခဲ့တာပဲ \’…
ချစ်သူကမိုးဆို ၊
ကျွန်တော်က ပန်းပျိုးသူ…
ရိုးသားခြင်း ဆိုတာနဲ့တော့ ငါ့ကိုယ်ငါ ဂုဏ်ယူရင်း …
သမရိုးကျ နေ့ရက်ဖြူဖြူတွေထဲ …
အိုး …. ငါပျော်လိုက်တာ…..
ပျော် …… ကြည့် …… ချင် …… လိုက် …… တာ ……….. ။
သက္ကရာဇ်
(ကျနော် စကားပြေလေးကို ဖတ်ကြည့်မိသူတိုင်းကော မဖတ့်ဖြစ်ကြသေးသူများပါ ကျန်းမာ ရွှင်လန်းကြပါစေ…)
Comment #2
နှစ်သက်သဘောကျလို့..အားပေးသွားပါတယ်
Comment #1
ဇာတ်ညွှန်းအမှားကြီးနဲ့ ကခဲ့တဲ့ နေ့ရက်ညိုညိုတွေထဲ …
ကိုယ်တိုင်သိနေရက်နဲ့ ပြင်လို့မရတာ အစွဲလမ်းတစ်ခုလား..?
စာသားလေးမိုက်တယ်ဗျ။အစွဲလန်းတစ်ခုပဲဖြစ်မယ်ထင်ပါတယ်။
အားပေးသွားပါတယ်။