Professional Authors

ကိုယ်ပွား

ဘေးပတ်ပတ်လည် အုတ်ချပ်တချပ်ချင်းစီ ပေါင်းစပ်ကာရံထားတဲ့ ဒီအခန်းလေးက ကိုယ့်ရဲ့ တကိုယ်ထဲပိုင်ဆိုင်တဲ့ အခန်း။ အိပ်ခန်းလဲ ဆိုနိုင်တယ်၊ ထမင်းစားခန်းလဲ ဆိုနိုင်သလို၊ စာကြည့်ခန်းလို့လဲ သတ်မှတ်နိုင်တယ်။ ဒီအခန်းထဲမှာ အလုံပိတ်ချောင်ပိတ်မိနေရင် တော်တော့ကို စက်ဆုပ်မုန်းတီးမိမယ်။ ခုတော့ ကျဉ်းကျပ်လာရင် ဖွင့်စရာ ပြတင်းပေါက်ရှိတယ်၊ လွတ်ထွက်သွားချင်ရင် တံခါးပေါက်ရှိတယ်။

ချုပ်ချယ်မှုကင်းတဲ့ ကိုယ့်ဘဝလေးက ကျေနပ်စရာအတိ။

တစ်ခုခုရေးချင်တဲ့ စိတ်ကြောင့် စာကြည့်စားပွဲမှာထိုင်၊ ရေးနေကျ စာအုပ်ကိုယူ၊ ရေးရမှာက စာအုပ်ရဲ့ အစ စာမျက်နှာမှာ မဟုတ်တော့ဘူး။ ရေးလာလိုက်တာ စာအုပ်က ထက်ဝက်ကျိုးပေါ့။

တချို့ စာမျက်နှာမှာ ကိုယ့်ရဲ့ တနေ့ တာ ဘာတွေ လုပ်ခဲ့သလဲဆိုတာတွေကို ရေးထားတယ်။

တချို့ မှာတော့ ကိုယ် ဘယ်သူနဲ့ ဆုံခဲ့သလဲ… ဘာတွေ ဗဟုသုတ သူတို့ ဆီက ရခဲ့သလဲ၊ ဘာတွေ စိတ်ထဲ အခန့် မသင့်တာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေကို ရေးမှတ်ထားတယ်။
ကိုယ်ဆုံခဲ့တဲ့ တချို့ က စိတ်သဘောထား ပြည့်ဝကြသလို၊ စိတ်သဘောထား အမြင် သေးသိမ် ကျဉ်းမြောင်းတဲ့ သူတွေလဲ ပါတယ်။ သူတို့ နဲ့ ထပ်ဆုံစည်းသလို၊ ထပ်လဲ မတွေ့ ဖြစ်တော့တဲ့ သူတွေလဲ ဒုနဲ့ ဒေးပေါ့။

တချို့ စာမျက်နှာမှာတော့ ကိုယ် ပျော်ရွှင်ခဲ့တဲ့ အချိန်တွေရှိတယ်၊ ဝမ်းနည်းတဲ့ အချိန်တွေရှိတယ်၊ လွမ်းမောတသတဲ့ အချိန်တွေရှိတယ်၊ မိဘကျေးဇူးဆပ်ချင်တဲ့ အချိန်တွေရှိတယ်။ ကိုယ့်ရည်မှန်းချက်တွေ ရှိတယ်။ ကိုယ့်စိတ်ကူးယဉ်မှုတွေကို သူ့ ကို ရင်ဖွင့်ထားတယ်။

တကယ်တော့ ဒီစာအုပ်လေးက ကိုယ့်စိတ်၊ ကိုယ့်ဘဝကို အသိဆုံးသော သက်မဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။

ဘယ်လောက် ရင်းနှီးတဲ့ သူငယ်ချင်း၊ လက်တွဲဖော် ဖြစ်ဖြစ် တခါတလေ သူတို့ နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အချိန်ဆိုတာ ရှိတာပဲလေ။ တကယ်တော့ ဒီမြေဇာပင် စာအုပ်ကလေးက ကိုယ် ဒေါ်သထွက်တဲ့အချိန်၊ ငိုတဲ့ အချိန်၊ ပျော်တဲ့ အချိန်တွေမှာ မညည်းမညူပဲ သူ့ ရင်ကိုဖွင့်ပြီး ကိုယ့်စကားတွေကို နားထောင်ပေးခဲ့တယ်။

ပြီးတော့ ဖြစ်ပြီးသမျှ ရေးမှတ်သမျှ ကိုယ့်ဘဝ စိတ်အထွေထွေကို ကိုယ်မြင်နိုင်ပြန်တယ်၊ ကိုယ့်အတွက် ပြင်ဆင်နိုင်ခွင့် ရှိပြန်တယ်။

ဒီနေ့ တော့ ကိုယ့်မှာ သူ့ ကို ပြောစရာတွေ ရှိနေတယ်။

ဘာအကြောင်းတွေလဲ ဆိုတော့ သူ့ အကြောင်းတွေပေါ့။

သူဆိုတဲ့ ကိုယ့်ရဲ့ ဒိုင်ယာရီလေး အကြောင်းကို ပြောပြချင်တယ်။

ကိုယ်က ကိုယ့်အကြောင်းပဲ တောက်လျှောက်ပြောလာတာ။ ဒီနေ့ တော့ ကိုယ့်အပေါ် အနွံအတာခံတဲ့ သူ့ အကြောင်းကိုပဲ သူ့ ရင်မှာ ကိုယ် တလုံးချင်း ရေးမှတ်ချင်တယ်။

“မင်းသာ ကိုယ့်ဘဝရဲ့ အဖော်မွန်၊ မင်းရှိနေလို့ သာ ကိုယ့်ဘဝရဲ့ မမြဲခြင်းတွေ ကိုယ်မျက်မြင် မြင်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ”

ဒီနေ့ တော့ ကိုယ့်ရဲ့ စိတ်ကျေနပ်ရတဲ့ နေ့ အနေနဲ့ ကိုယ့်ရင်ထဲ သိမ်းထားလိုက်တယ်။

နောက်နေ့ တွေလဲ ကိုယ့်ရဲ့ ဘဝကို နားထောင်ပေးပါဦးလို့ ဆိုပါရစေ ကိုယ့်ရဲ့ ကိုယ်ပွားလေးရေ။

In: စကားပြေ Posted By: Date: Apr 18, 2012
Comment #1

ကိုယ်ပွား . . .
ဒီစကားပြေလေးက ကျွန်တော့်ရင်ကို နင့်နင့်ရှရှကို ထိုးဖောက်သွားခဲ့တယ်
အမှတ်မထင် ဖတ်ကြည့်မိတာပါ
ဒါပေမယ့် အမှတ်တရကို ရင်ထဲသိမ်းထားလိုက်ပါရစေ

အားပေးလျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 27, 2012
Comment #2

really nice,

commentinfo By: ei lay at Apr 27, 2012
Comment #3

ကျွန်တော် ကွန်မန့်တွေကိုကြည့်မိတော့ ဧပြီတွေဖြစ်နေဗျ ။ ကျွန်တော်က နောက်ကျနေတယ် ထင်ပါရဲ့ဗျာ။ သည်အပ်ဆေးဖတ်ကြည့်တော့ မာဆယ်ပရု ရဲ့ မော်ဒန်ဟန်တွေ တွေ့ရတယ်ဗျ။ နာကျင်မှုအမှတ်အသားဖြစ်တဲ့ ထိရှလွယ် အကြောင်းအရာတွေကိုလည်း ပဲတွေ့မိပါရဲ့။ဒါပေမယ့်ဗျာ အပ်ဆေးဆိုကရိုးရှင်းထိရောက်တဲ့သဘောပဲမို့လားဗျ ။ခေတ်တွေက ပြောင်းလာပြီလေဗျာ စကားလုံးကစားတတ်ဖို့လည်း လိုလာပြီပေါ့လေ ပန်းသီတစ်လုံးဆိုတာ မော်ဒန်ဆို အပိုင်းပိုင်းခွဲပြီး ဝေေ၀၀ါးဝါး လုပ်လိုက်တာကတော့ ပို့ ပဲ နေပါလိမ့်မယ်။ခေတ်တွေကသာပြောင်းလာတာ မြန်မာစာရေးဆရာတွေ ကမ္ဘာမကျော်တာ သတိချပ် ရမှာပေါ့ဗျာ။ခု ခေတ် မှာ သူသူကိုယ်ကိုယ် ဘောင်းဘီ ၀တ်နေကျတာဘာကြောင့်ပါလိမ့်ဗျာ ။နားလည်အောင်ပြောရရင်တော့ လူတိုင် အားလုံးအဆင်ပြေပြေ နဲ့ ၀တ်ဆင်ကျရလိုပါပဲဗျ အစစအရာရာမှာကိုပေါ့လေ။မြန်မာစာရေးဆရာတွေကမ္ဘာမကျော်ဘူးဆိုတာက …………………။
ကျွန်တော် ဖူးဖရိုက်ဒေးပါဗျ

commentinfo By: fullfriday at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment