အကြွေစေ့ – နရီထက်
ဘ၀အတွက် ပုံသွင်းထုဆစ် ကြွေကျ ပုံမသွင်းအောင် သွင်းချလိုက်တာက အသက်သွင်းလိုက်ခံသလိုပဲ။ ပုံမယွင်းအောင် သတိစေတစ်ရာ လမ်းကြောင်းခင်းကြပေမဲ့ တစ်ခါတစ်ရံဆိုတဲ့ ဝေါဟာရအောက်မှာ ပယ်ချခံ အသင်ဆိုတဲ့ ဘေးထွက်ပစ်ပယ်ခံရတဲ့ ဝေဒနာကို လျစ်လျူပြုခဲ့ကြတာ မသိမသာလေးပါပဲ။ စင်းလုံးချော ခြောက်ပြစ်ကင်း သဲလဲစင် အသပြာအထာနှင့် လူသားတွေကို ပေးအပ်ခဲ့ပြန်တယ်။ အလှဆိုတာ အရောင်နှင့် ရောစပ်တတ်သလား။ ဟာ… ဒါနှင့် ရောင့်ရဲတင်းတိမ်ခြင်းကို ဘယ်လက်ဖ၀ါးက စေသုံးစေနိုင်မလားကွဲ့…။
ကျင်လည်ရာ သုခတွေကြား အစက်အပေါက်တွေက ပေါ်လာပြန်တော့ ဘ၀အနာဆိုလား။ ဒုက္ခသစ္စာတရား ပါးပါးမွှန်းကြပြန်တော့ မေဟဆိုတာ ပေါ်လာပြန်ရော။ အဟောင်းဆိုတဲ့ စေလွင့်စေပါးခြင်းကို လက်ခံနိုင်သလား။ စွမ်းအားကို မွေးမြူရင်းနှင့် အိမ်မက်ကို ရှင်သန် စေထ ချင်တာ မရိုးမအီ လျှောက်လှမ်း သွားနေလိုက်တာ အောင်မြင်ကို လမ်းဆုံးစေလို့လား။
ကံတရားကို မျက်လှည့်ပြချင်တော့ တစ်ဖက်က ငါးပြား တစ်ဖက် ပြားငါးဆယ်နှင့် ခေါင်းရှုပ်ခံ အတွေးကို ၀ယ်လိုက်တာပဲ။ ဆန်းကြယ်ခြင်းကို လိုက်ရှာတော့ ကံကြမ္မာဆိုတာ အလှည့်အပြောင်းတစ်ခုဆိုပြီး တံခါးမခေါက် အသာဝင်ထိုင်နေကြပါပဲ။မယုံကြည်နိုင်တဲ့ သက်တမ်းတစ်လွှာကြားမှာ ရင့်ကျက်လာပြီးဆိုတဲ့ အတွေးမျှင်စ ကို ဖျောက်တစ်လှည့် ဆွဲစ တစ်လှည့် ပျောက်ချည့်တစ်လှည့် လက်သုံး စေခဲ့တာလေ။ အလေ့အထတစ်ခုကို ၀ါသနာဆိုပြီး ဖုံးကွယ်လိုက်ကြပြန်သေးတယ်။
ပုံသွင်းစေသုံးခြင်းမှာ ပေါ်လွင်လာမဲ့ အသစ်ဆိုတာ တာရှည်လား။ ပုံယွင်းသွားမဲ့ ပစ်ပယ်ခံတွေလား။ သက်တမ်းဆိုတာ တိုင်းတာဖို့ အစက်အပေါက်တွေ ပေါ်ထ လာအုံးမလား။ အကြွေစေ့လေးတွေရယ်…။ ။
စကားပြေ
နရီထက်
( ၂၁ ၊ မေလ ၊ ၂၀၁၂ )