အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်
နင့်ပါးနဲ့ ငါ့နှုတ်ခမ်း .. အထိအတွေ့တစ်ခုမှာ
အနမ်းဆိုတဲ့မီး .. လဲ့လဲ့လေးလင်းတယ် ။
ငါ့ရဲ့နိမိတ်ပဲလား .. နင်ကောက်ခဲ့တဲ့အတိတ်ပဲလား .. ။
နောက်ဆုံးလက်ဆောင်နော် ဆိုတဲ့ စကားတစ်ခွန်း ..
ဘာ့အတွက် ဘယ်လို အသေချာရှင်းပြပြန်တော့
နင့်အပြုံးက ငါ့စကားအတွက် နားလည်ပေးလိုက်ပေမယ့်
နင့်မျက်လုံးမှာ ငါ့ကို မယုံကြည်မှု အထင်းသား ..။
စကားတစ်ခွန်းကို အကြိမ်ကြိမ် မရှင်းပြတတ်တဲ့ငါ .. နင့်ရဲ့ အထပ်ထပ်အခါခါ သံသယတွေကိုပါ ပိုင်ဆိုင်ခဲ့ပေါ့ .. ။
မရည်ရွယ်မှုတွေပါခဲ့ပေမယ့် .. နင်ပြောတဲ့စကား သေးသေးလေးကအစ ခံစားတတ်တဲ့ငါ ..
ကြာလာတော့လဲ နှလုံးသားက ခံ့နိုင်ရည်အား ယဲ့ယဲ့ပဲကျန်တယ် .. ။
နင့်ရဲ့ မရွည်ရွယ်ထားခဲ့တဲ့ အကြောင်းပြချက်တွေနဲ့
ငါလဲ မရည်ရွယ်ပဲ လမ်းပျောက်ခဲ့ရတယ် .. ။
နင်ကပဲ အမှတ်သည်းခြေနည်းလွန်းတာလား .. ငါခံစားတတ်တာက နင့်ခံစားချက်ထက် ပိုပြင်းထန်လို့လား ..
ဒါမှမဟုတ် .. နင်ပြောပြောနေတဲ့ “ခံစားချက်ဆိုတာ ငါတို့ကြားမှာ ရှေ့တန်းတင်ဖို့လိုသေးလို့လား” ….
သေချာပါတယ် …
ငါတို့နှစ်ယောက် တန်ဖိုးအထားခဲ့ဆုံး “နားလည်မှု” နဲ့ပဲ .. ငါတို့နှစ်ယောက် အံလွဲနေခဲ့တာ … ။
တစ်ခါတစ်ခါ အိပ်မက်တွေထဲ ပြန်ရောက်သွားရင် ငါ့စိတ်ကူးတွေ လှလို့ … ။
နိုးလာတော့လဲ ဘာမှန်းမသိတဲ့ မဲ့ပြုံးတစ်ချက်နဲ့ပဲ ထုံးစံအတိုင်း မျက်နှာသစ်မိတယ် .. ။
ငါကလဲ “ခံစားချက်ဆိုတာ စကားလုံးမရှိဘဲ အလိုလိုနားလည်တတ်တဲ့ ဘာသာတစ်မျိုး” လို့ ခံယူထားသလို
နင်ဆိုတာလည်း ငါမှဖွင့်မပြောရင် ဘာကိုမှနားလည်တတ်တဲ့ လူမဟုတ်တော့ ငါတို့ကြားမှာ ဒီလောက်ကွာဝေးနေတာ အဆန်းတော့လဲ မဟုတ်ပြန်ပါဘူး ။
မီးရထားသံလမ်းဆိုတာ တစ်ခုနဲ့တစ်ခု ဆက်ကြောင်းလေးတွေ လွဲလို့မရဘူး ..။
နည်းနည်းလေး လွဲလိုက်တာနဲ့ ခရီးပြင်းမောင်းလာခဲ့ရတဲ့ ရထားကြီးတစ်စင်းလုံး ကံဆိုးမိုးမှောင်ကျတတ်တယ် … ။
အ ထိ ထိ . . . အ ခိုက် ခိုက် . . . အ ပြို ပြို . . . အ လဲ လဲ . . . ပေါ့ . . . ။
မိုးအိပ်မက်
19/10/2012
Comment #1
ငါ့ရဲ့နိမိတ်ပဲလား .. နင်ကောက်ခဲ့တဲ့အတိတ်ပဲလား .. ။