ဒိုင်ယာရီ-၃
+++”သူငယ်ချင်းဆိုတာ ရင်ဘတ်အပိုတစ်ခုပါပဲ”…တဲ့။ဘယ်သူပစ်လွှတ်လိုက်တဲ့ ဒဿနလဲတော့မသိဘူး။ဒါပေမယ့် ဘယ်သူမှမျှဝေမယူချင်တဲ့ သံသယမှာ အဖန်ဖန်လဲကျနေရသူ ငါ့အဖို့တော့ အပြန်ပြန်ဆွဲထရတဲ့ မှန်အကွဲအစလေးဖြစ်ခဲ့တယ်။
+++ဘ၀ဆိုတာ….အချစ်ဆိုတာ….လူဆိုတာ….အဲ့သလိုအရောင်အသွေး စုံလင်တဲ့ အယူအဆအကျိုးအပျက်တွေကိုမခုံမင်တာနဲ့ပဲ ငါက ယုံချင်စရာလူမဖြစ်တော့ဘူးတဲ့လား။(ထွီ!ရင်နာလိုက်တာ…)။အဖြူဆိုတာတောင် သူ့လောက်မဖြူတဲ့အမေ့ရဲ့ မေတ္တာရောင်ကျွန်းမှာမှ လူငယ်ဆိုတဲ့ တံဆိပ်လေးနဲ့သောင်ထွန်း–မှားနေတယ်ဆိုရင်တောင်–ငါ့ဘက်အခြမ်းက မှောင်လွန်းတယ်။
+++အဲ့သလို အမာရွတ်ကြမ်းကြမ်းတွေကို ကျောမှာထမ်းပိုး လရောင်မှာပွင့်တဲ့ ကြယ်တစ်မျိုးကိုမှ တိတ်တခိုးမြတ်နိုးမိတဲ့ ရေပေါက် အဆိပ်နက်နက်တွေနဲ့ ချိတ်ဆက်ထားတဲ့ သံယောဇဉ်ကွန်ယက်မှာ ခြေခေါက်ပေါ့။တကယ်တော့ ငါဟာ ပြင်ရာဖျက်ရာ ဗရပွနဲ့ ကောင်းကင်တစ်ခုပါချစ်သူ။နင်သွားမယ့်လမ်းထက် နေရောင်လက်လက်တွေဖြန့်ခင်းထားမှတော့ ငါက ဓူဝံကြယ်လိုဝင်းပပြလည်း နင့်လမ်းမက ကျဉ်းမြဲကျဉ်းနေမှာပဲမဟုတ်လား။
+++အရိပ်မရှိတဲ့ မိသားစု။မနုညံ့တဲ့ လက်ဖ၀ါး၊ မခမ်းနားတဲ့ သီချင်းအိုအို၊ မချိုမြိန်တဲ့ အနာဂတ်….ကဲ ဟော့ဒီလို ငါ့စာမျက်နှာကို ဘယ်ပညာရှိကလာဖတ်မှာတဲ့လဲ။အများကြီး မမျှော်လင့်ပါဘူး ချစ်သူရယ်။တော်သင့်ရုံကောက်ရိုးတစ်မျှင်ရရင်ပဲ မုန်တိုင်းအသွင်သွင်ကို တိုးဝင်ဖြတ်သန်း ၊နင့်ရဲ့ နေ့စဉ်မှတ်တမ်းမှာ နင်ရေးတဲ့ကဗျာအကြမ်းထဲက စာတစ်တန်းဖြစ်ရရင် ငါကျေနပ်ပြီ။
Comment #2
A yann kyike
Comment #1
Phat p dot a yann ta narr twar de.
:'(