Professional Authors

ပုံပြင်ထဲက လူတစ်ယောက်အကြောင်း

——ဟေမန္တရဲ့ မှုန်ပြာပြာနှင်းရိပ်မှာ ကျနော် အိပ်လို့မပျော်သေးဘူးမေမေ။ (၂၁)ရာစုရဲ့ လူငယ်ပီပီ၊ ဘ၀ကိုခုနှစ်သံချီဟစ်ကြွေး နည်းပညာ သွေးထွက်လွန်ရောဂါမှာ ကျနော့်စိတ်ကူးတွေဟာ ရစ်ထွေးပတ်ရှုပ်၊ ဟိုးငယ်ငယ်က ပုံပြင်တစ်ပုဒ်ကို သတိရနေမိတယ်မေမေ။
——အဲ့ဒီပုံပြင်ထဲမှာ မေမေရယ်၊ ကျနော်ရယ်၊ လူ့လောကဓံရယ်…နောက်ပြီး….`ခေတ်´ဆိုတာကို စာလုံးမပေါင်းတတ်သေးတဲ့ ရွာလေးတစ်ရွာရယ်ပေါ့။လွတ်လပ်မှုကို ဘုရားလို ကိုးကွယ်ချင်တဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်မှာ၊ အမေ့ရဲ့ အမှားပြင် ညွှန်ကြညားချက်တွေဟာ မိုးကြိုးသွားလို ကြမ်းရှ ပြတ်တောက်၊ကျနော့်ခေါင်းကို အမေတစ်ချက်ခေါက်တိုင်း (ရင်ထဲမှာ) အရှက်အကြောက်လှိုင်းတွေရုန်းကန်၊ ခဏ ခဏ မေမေ့ကို မုန်းဖို့ကြံနေမိတော့တယ်။ကျောင်းတက်ခေါင်းလောင်းသံမရှိတဲ့ရွာကလေးဟာ…ကျနော့်ကိုလည်း မပဲ့ပြင် မဆုံးမတတ်ဘူး။ ကျနော့်ပတ်ဝန်းကျင်ကိုလည်း မပဲ့ပြင် မဆုံးမတတ်ဘူး။ကျနော့်ကျောင်းသွားဖော်တွေကိုလည်း မပဲ့ပြင် မဆုံးမတတ်ဘူးမေမေ။ကျနော်တို့ရဲ့ မျက်နှာ၊ ကျနော်တို့ရဲ့ လွယ်အိတ်နဲ့ ကျနော်တို့ရဲ့ စာကျက်ချင်စိတ်၊ပြီးတော့ ကျောင်းရိပ်ဆီခြေလှမ်းနဲ့ အနာဂတ်ဆီပန်းတိုင် ဘယ်အရာကမှ ကျနော်တို့ကို မချုပ်ကိုင်နိုင်ခဲ့ဘူးလေ။
———`ပညာတတ်´လို့ သညာတတ်ခံရတဲ့ပုဂ္ဂိုလ်ရှားပါးလွန်းတဲ့ ကျနော်တို့ရွာကလေးမှာ မေမေလည်းပဲ တောင်ယာလယ်လုပ်၊မြေအိုးတွေကို အနုပညာနဲ့ သွန်းလုပ်နေသူတစ်ယောက်မျှသာ…။အကြင်နာတွေ ယှဉ်စပ်နေတဲ့…`သားကိုပညာတတ်ကြီး ဖြစ်စေချင်လို့´….မေမေ့စကားတွေဟာ ကျနော့်အတွက်နားခါး၊ စိတ်ထဲမှာကတော့ …`မေမေကလည်း နောက်တတ်သားပဲ´…တဲ့။ ဘယ်သူ့ကို ဘယ်လိုပုံစံနဲ့ အားကျရမှန်းမသိတဲ့ တိုးတက်မှုတွေရဲ့ ဟိုးဘက်အစွန်ကရွာလေးမှာ ကျနော်ကိုယ်တိုင် ငယ်ဘ၀မှာတင်ကျပျောက် ၊ ခေတ်ရဲ့ နောက်က ကလေးတစ်ယောက်ဖြစ်ခဲ့ရပေါ့။
———ဒါနဲ့ပဲ…အပေါင်းအသင်း သူငယ်ချင်းတွေနဲ့၊ လိုချင်တာမရတဲ့ ပူဆာခြင်းတွေနဲ့၊ ကျောင်းတော်ရှေ့က ကမ္ဘာမကြေ သီချင်းနဲ့၊ ပြီးတော့ ပြောမရ ဆိုမရလို့ဆိုပြီး မီးဖိုချောင်မှာတိတ်တိတ်ကြိတ်ငိုရှာတဲ့ မေမေ့ရဲ့ မျက်ရည် မြစ်ကျဉ်းနဲ့…..ကျနော့်ဘ၀ဟာမိုးလင်း၊အခိုးပြင်းတဲ့ မြို့ပြတွေဆီ တရွေ့ရွေ့ စီးနင်းလိုက်ပါခဲ့ရတယ်မေမေ။
——-မေမေရယ်…အဖိုးအခ များလွန်းလှတဲ့၊မြို့ပြရဲ့ အချိုးမကျတကျနံနက်ခင်းတွေမှာ ကျနော်ပျော်နေမယ်ထင်ပါသလား။ဘယ်သူ့ကို ဘယ်လိုတိုင်တည်ရမှန်းမသိတဲ့ မိဝေး ဘဝေး သူငယ်ချင်းဝေးနဲ့ တစ်ကိုယ်ရေ ရှင်သန်ရမှုဟာ(တကယ်တော့) က်းနေတဲ့ ယာမြေကို ခုတ်ထွင် စိုက်ပျိုးနေရသလိုပါပဲ။“လက်ဖြန့်တောင်းဖို့ မလွယ်တော့ဘူး´´…ဆိုတဲ့ အဲ့ဒီ ၁၆ နှစ်သားတစ်ယောက်ရဲ့ အတွေးဟာမေမေပေးလိုက်တဲ့ သင်္ခန်းစာဆိုတာ အမှတ်တမဲ့ သတိထားလိုက်မိပါရဲ့ မေမေ။
——-ရှင်းမရတဲ့ ပြဿနာတွေ၊ အလင်းမရတဲ့ ဒုက္ခတွေ၊ငြင်းမရတဲ့ လောကဓံတွေနဲ့ အမြဲလိုလို အရှုံးဘက်ကစစ်ထိုးရင်း မေမေ့ကိုရှိခိုးဖို့ သတိထားမိပြန်ပါရော။“ခလုပ်ထိမှ အမိတ´´ဆိုတဲ့ ပေါရာဏစကားပုံလို ကျနော့်သံသရာရဲ့ အရှုပ်ထုပ်တွေဖြေတိုင်း၊ ကျနော့်ကံကြမ္မာရဲ့ အလုပ်မလုပ်ပုံကို တွေ့တိုင်း၊ မျက်ရည်အပိုင်းအစတွေနဲ့ ကျနော်၊ မေမေ့ကို ခဏခဏဟစ်အော်တမ်းတနေရတာ….ကြာတော့…အားနာလာမိတယ်မေမေရယ်။
——ကျနော့် သူငယ်ချင်းတွေက`ဒီကောင်ကခင်စရာကောင်းတယ်´လို့ မှတ်ချက်ပေးကြတဲ့အခါတိုင်း…ဒါမှမဟုတ်…`ဒီကောင်ကပျော်တတ်တယ်´လို့ အားကျသလိုပြောကြတဲ့အခါတိုင်း၊အတင်းအဓမ္မဆွဲချိတ်ထားရတဲ့ ဟော့ဒီအပြုံးရိုင်းတွေနဲ့ မျက်နှာကို ဓားနဲ့ ပိုင်းချင်တယ်မေမေ။ ဘယ်သူမှမသိအောင် ကိုယ့်ဘာသာ အမှောင်ချထားရတဲ့ ထောင်ကျနေတဲ့ နှလုံးသားကို ဘယ်အလင်းရောင်ကမှ မကယ်တင်နိုင်သေးပါဘူးလေ။
——မေမေရေ….အခု ကျနော်ရပ်နေတာ မိုင်တိုင် ၂၈ မှာပါ။လွန်ခဲ့တဲ့ အတိတ်တွေဆီကိုခလုပ်ပြန်နှိပ်ကြည့်ရင်၊အမှန်မသိခဲ့တဲ့ ကျနော့်ရဲ့ နေ့တစ်ဓူဝတွေဟာ…ရှက်နေကြမယ်ထင်ပါရဲ့ မေမေ။ဖြတ်သန်းခဲ့တဲ့ ဆောင်းဥတုများစွာမှာ ကျနော့်ရဲ့လမ်းဟာ တဖြည်းဖြည်းထင်ရှား…ဒါတွေဟာ အမေ့ရဲ့ကျေးဇူးတွေပါလားလို့ သတိတရတမ်းတမိပြန်ပေါ့။
—–ဒီလိုနဲ့….အမှတ်တမဲ့တွေကိုတစ်ခုပြီးတစ်ခု သိမ်းထုပ်၊ကျနော့်ခြေလှမ်းတွေရဲ့ အသိမ်းအနှုတ်တိုင်းမှာ၊မေမေက ထိန်းချုပ်ထားတယ်ဆိုတာကို သတိဆိုတဲ့ ၀ါးစိမ်းတုတ်ကလေးနဲ့ တို့တို့ပြီး ကျနော့်ကိုယ် ကျနော် အမှတ်ရနေစေတတ်ပြီမေမေ။ခက်တာက`ကျေးဇူး´ဆိုတဲ့ ဝေါဟာရကို အဓိပ္ဖာယ်ဖွင့်ကြည့်မိတိုင်း၊ခန်းနားကြီးကျယ်တဲ့ ခွင့်လွှတ်မှုတံတိုင်းကိုပဲ ပြေးပြေးမြင်မိတယ်မေမေရယ်…။တခါတလေ…ကဗျာတွေရေးရင်း ဟိုးအဝေးကြီးမှာရှိတဲ့ မေမေ့ရဲ့ တေးသံသာကိုပြန်ကြား၊အလင်းထဲမှာနေပြီး အလင်းကန်းနေတဲ့ လူတစ်ယောက်လို ခံစားနေမိတယ်မေမေ။တခါတလေ….အစာမကြေလို့ ရင်လေးတဲ့အခါ၊ အသားမျှင်ကလေးကနေ လူသာူတစ်ယောက်ြ့ဖစ်လာတဲ့အထိ ၉ လတိတိလွယ်ထားရတဲ့ မေမေ့ဒုက္ခကို ကျနော်စာနာမိပြန်ပေါ့။
——-“ယောက်ျားဖောင်စီး မိန်းမ မီးနေ´´…တဲ့။ခရီးတွေအရှည်ကြီး သွားလိုက်ရသလိုမောဟိုက်ပင်ပန်း၊သုဿာန်ဆီ ခြေတစ်ဖက်လှမ်းခဲ့ဖူးတဲ့ မေမေ့ရဲ့ကျေးဇူးတွေဟာ…တကယ်တော့ကျနော်ပြောပြတတ်တာထက်ပိုပါတယ်မေမေ။
မေမေရေ…သတိရခြင်းတွေတနင့်တပိုးနဲ့၊ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ကမ္ဖည်းထိုးမိတဲ့ အခါ၊သားသမီးတစ်ယောက်ရဲ့ တာဝန်မကျေသေးတာကို ပြန်တွေး၊ “မင်းလို သားသမီးတွေ ဘယ်လောက်များနေပြီလဲ´´…လို့ အဖန်ဖန်မေးမိတယ်။ ဖြစ်နိုင်ရင်လေ…လက်ဆယ်ချောင်း ခြေဆယ်ချေင်းလောက်နဲ့ ရေတွက်လို့ မရစကောင်းတဲ့ ကြွေးဟောင်းမဆပ်သူ လူငယ်တွေရဲ့ရင်ထဲကို၊ အစဉ်စွဲနေအောင် အသိတတ်တရားတွေလောင်းထည့်၊ ဘာအကြောင်းနဲ့မှ မိဘကိုမမုန်းတတ်အောင်သင်ပေးချင်တယ်။
——-သူတို့လေးတွေကို ချစ်သူက အပြစ်ယူမှာကြောက်လို့၊ အမေ့ရဲ့ မေတ္တာကိုမှမထောက်၊အသည်းနှလုံးကိုမှ ဖောက်ယူရက်တဲ့ ဒဏ္ဍာရီထဲက သားမိုက်မျိုးတွေမဖြစ်စေချင်ဘူးမေမေ။ဇနီးမယားရဲ့ ကြီးမားတဲ့မိုက်မဲမှုကိုထောက်ခံ၊ ဇာတ်တော်ထဲက ရှင်မောဂ္ဂလာန်လောင်းလျာလို ၊မိဘကိုသွေးဆောင် ခိုးသားတစ်ကောင်လို ရိုက်နှက်ရဲတဲ့ သတ္တိမျိုးတွေလည်း မ၀င်စေချင်ဘူးမေမေ။နောက်ပြီး….“အမေကိုပါးချ လို့ မြေမျိုသွားရတဲ့ သမီးမိုက်တစ်ယောက်အကြောင်း….´´ဆိုပြီး အပြောကောင်းကောင်းနဲ့ ရထားပေါ်ကစာအုပ်အရေားသမားရဲ့ ဇာတ်ကောင်လို သမီးမျိုးတွေလည်း မဖြစ်စေချင်ပါဘူး မေမေရယ်….။
——-ကျနော်ဖြစ်စေချင်တာက သံသရာအရှည်ကြီးထဲက ဘ၀တာတိုတိုလေးမှာ အမေ့ရဲ့မေတ္တာတွေကို နားလည်ဖို့၊အမေ့ရဲ့ ကျေးဇူးတရားတွေကို သိတတ်ဖို့၊ နှလုံးသားထဲရောက်အောင် ထိကပ်တွယ်ငင်၊ဘယ်တော့မှမိဘကို မငြိုငြင်မိကြဖို့ပါ။သံယောဇဉ်အစိမ်းသက်သက်နဲ့ မျက်တောင်လက်လက်ကလေးတွေရဲ့အပေါ်မှာတောင် နားလည်မှုတွေဖောင်ဖွဲ့ အချစ်ဆိုတဲ့ အတောင်နဲ့ ပျံသန်းနားခိုတတ်သေးရင် ၊အသွေးအသားတွေကိုပေးဆပ်၊ကမ္ဘာမြေပေါ်မတ်တတ်ရပ်နိုင်အောင် ခွန်အားတွေပေးခဲ့တဲ့ အမေတွေကို နားလည်သိတတ်ဖို့ ဆိုတာ အသည်းကွဲတာလောက်တောင် မခက်တဲ့အလုပ်မဟုတ်လားမေမေ။
—–ဟော….ကြည့်…ကျနော်ဟာ ကိုယ့်ကိုယ်ကို မလှော်ခတ်နိုင်သေးတဲ့ ကမ်းဝေးလှေတစ်စင်းဆိုတာကိုမေ့ပြီး ၀မ်းဗိုက်ပေါက်နေတဲ့လှေတွေအကြောင်းသီးကျူးနေမိပါပေါ့။ကြိုးစားရဦးမယ်မေမေရယ်…အမှိုက်တွေကို ဆေးကြောသန့်စင်၊ကျနော့်ကောင်းကင်တစ်ခုလုံးကြည်လင်ဖို့၊ ကဗျာဆိုတဲ့ အတွေးရူးတွေနဲ့ မေမေ့ရဲ့ ကျေးဇူးတွေကို မေ့နေဖူးတဲ့ အချိန်တွေကို ပြန်လည်ထုံးဆက်ဖို့ ကြိုးစားရပါဦးမယ်မေမေရေ…။

In: စကားပြေ Posted By: Date: Dec 30, 2012
Comment #1

အားပေးတယ်ဗျာ..အထွက်ကြဲတယ်နော်…

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #2

သံယောဇဉ်အစိမ်းသက်သက်နဲ့..မျက်တောင်လက်လက်ကလေးတွေရဲ့ အပေါ်မှာတောင်.နားလည်မှုတွေဖောင်ဖွဲ့ အချစ်ဆိုတဲ့ အတောင်နဲ့..ပျံသန်းနားခိုတတ်သေးရင်.အသွေးအသားတွေကိုပေးဆပ်.ကမ္ဘာပေါ် မတ်တတ်ရပ်နိုင်အောင် ခွန်အားတွေပေးခဲ့တဲ့ အမေတွေကို နားလည်သိတတ်ဖို့ဆိုတာ အသည်းကွဲတာလောက်တောင် မခက်တဲ့အလုပ်မဟုတ်လား အမေ….

commentinfo By: Yoon Thae Phyu at Jan 2, 2013
Comment #3

ဟုတ်…..ကဗျာတွေပဲ အရေးများလို့ပါဗျာ။ကဗျာတွေကတော့ အပုဒ် ငါးဆယ်ကျော်တောင်တင်ထားပါတယ်။ဖတ်ရှုဝေဖန်အကြံပြုနိုင်ပါတယ်ဗျာ။

commentinfo By: Mg Khai Myat at Jan 2, 2013
Comment #4

arr pay twar par de

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment