“စံပါယ်အနှောင်းပိုင်း ၁၅၄”
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်း မနေနဲ့
စိတ်ကိုမနည်းထိန်းထား
ဘာရောဂါမှမဖြစ်ရင် သောက်တဲ့ဆေး
အခု သောက်ရမယ်
– (စိုင်းဝင်းမြင့်)
“ဗဟိုခွာအား” ကျွန်တော့မှာဝင်စားနေတာကြာပြီ။ သီချင်းစာသားတစ်ခု ကဗျာစာသားအပိုင်းအစတစ်ခုနဲ့ ပုဂ္ဂလိက ကမ္ဘာဟာ တုန်ခါနေတာ မရပ်တော့ဘူး။ ဒီဇင်ဘာအမှောင်ထုထဲ ထိုးထွက်သွားတဲ့ ကျွန်တော့ အပိုင်းအစ တစ်ခုက “သွေးသားဆန္ဒ ကို တံဆိပ်အမျိုးမျိုးကပ်ပြီး ဖောက်ကားကြရတဲ့အခါ လူဆိုတာ ဟောဒီ ကမ္ဘာမြေမှာ အကျည်းတန်ဆုံး ဆူးခက် ပန်းနွယ် တွေပဲ” တဲ့။ တစ်ကိုယ်ရေ စိတ်သက်သာရုံ ဒဿနတွေဖန်တီး နေရတာမောပြီ။ သူ့မမြင်ရတဲ့လက်အစုံနဲ့ ကျွန်တော့်ကိုပွေ့ဖက် နစ်မွမ်းစေတဲ့ ညနေများမှာ “ညူညူဆူဆူ စံပါယ်ပွင့်လေးရေ သိက္ခာတရားမဲ့ ယစ်မူးပျော်ရွင်မှု တွေနဲ့ မင်း ရနံ့သင်းမြ တို့ ခရမ်းပုတ်ရောင်သမ်း တော့မှာလား” အဆုံးမသတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပဲ ကျွန်တော် အထပ်ထပ်ရွတ်ဆိုမိတယ်။ အထိန်းအချုပ်မဲ့ ဘ၀ထဲ ၀ဲ ဆင်းသွားနေရတာမှာ မကျေချမ်းနိုင်မှု တိုင်းရဲ့ အကြောင်းတရားဟာ ကိုယ်ကိုယ်တိုင်ပဲမဟုတ်လား။ “မိုက်မိုက်ကန်းကန်း လွမ်းပစ်လိုက်ရမှာလား?” “အေးငြိမ်းသော စိတ်အစဉ်အတွက် အာရုံငါးပါးဟာ မလိုလားအပ်တဲ့ အရာတွေများလား?” တဆိတ်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ဘာမှထပ် မေးခွန်းထုတ်မခိုင်း ပါနဲ့တော့။
အချည်းအနှီးတောင်တန်းတွေဆီ
အထီးတည်းထွက်သွားရတဲ့အခါ
ငါ ဖြေသိမ့်နိုင်စရာ …… တစ်စုံတစ်ရာ
မင်းဆီက ပါခဲ့ပြီမို့
အားနာစရာ
မလိုပါဘူးကွယ်။
– (ပိုင်စိုးဝေ)
ဟိုး………အဝေးကြီး……အဝေးကြီး….စီ ချောက်ချားစိတ် လွတ်မြောက်လိုစိတ်ေ၀၀ါးရောထွေးစိတ်တို့ နဲ့ကျွန်တော် ထွက်ပြေးခဲ့တယ်။ နောက်…ပြန်သတိထားမိတဲ့အချိန်မှာ အဝေးကြီး က ကျွန်တော့နောက်ပြေးလိုက်လာနေတယ်။ ခြေချော်လွင့်စင် သွားတိုင်း ဆွဲမိဆွဲရာဟာ ချိုချိုရီရီ ပြတ်ရှနာကြင် စေတဲ့ “တရံရောအခါက” တွေကြီးပဲဆိုတာကျွန်တော် ကောင်းကောင်းသိနေပြီ။ ဘယ်နှစ်ကြိမ် မြောက်မှန်းမသိ ကျွန်တော်ဖမ်းဆုပ်လိုက်တယ် သူ့ ထုံးစံအတိုင်း ဖွာခနဲ အခိုးအငွေ့လိုလို ဖုန်မှုန့်တွေလိုလို လှိုင်းထပျောက်ကွယ်သွားခဲ့ပြန်တယ်။ တော်ပါတော့ကွာ “လူကသာ အိပ်ဆောင် ပြက္ခဒိန်ဟောင်းတစ်ခုလို မှတ်မှတ်ရရ ရေးခြစ်ရာတွေနဲ့ နောက်ဆုံးတော့လဲ ချောင်ထိုးထားလိုက်တာပဲမဟုတ်လား?”။ ဒီအကြောင်းထပ်ပြောရင် ငြီးငွေ့စိတ်ပျက်ဖွယ်မျက်လုံးတွေ လာတော့မယ်။ သူငယ်ချင်းတစ်ယောက် ဒီနေ့ပဲပြောလိုက်တယ်
“တစ်ခုခုချရေးဖို့/တစ်ခုခု အော်ဟစ်ပေါက်ကွဲလိုက်ဖို့ ကြိုးစားကြည့်ပါလား??” သူ့စကားကိုမတုံ့ပြန်ပစ်ခဲ့ဘူး။ သူကလဲ တိတ်တဆိတ်ကျန်နေခဲ့တယ် ကျွန်တော်လဲ ဗျာပါဒအနွမ်းအမြေ့ကြီး မြေကြီးတရွတ်ဆွဲပြီးပြန်ခဲ့တယ်။သေချာတယ်….ဘယ်လိုပဲဖြစ်ဖြစ် အလှပဆုံးသော ကံဆိုးမိုးမှောင်ကျမှုဆိုတာ ကျွန်တော့်အတွက်တော့ တယုတယ သိမ်းဆည်းထားစရာပဲ။
ခွေနေတဲ့ခြေထောက်ကိုငုံကြည့်
ကြေနေတဲ့လက်ဖ၀ါးကိုဖြန့်ကြည့်
ဖုန်မှုန့်တွေလွင့်လာရင်ဖမ်းမယ်
ကျွန်တော့ကိုယ်ကျွန်တော် လွင့်သွားရင်
လွှတ်ပေးလိုက်မယ်
– (မိုးဝေး)
ရင်ဘက်အပြည့် ပင့်သက်တစ်ရှိုက် ထိုးသွင်း မျက်လုံးမှိတ် စိတ်ကို ရစ်လုံးဆွဲ….
ကျွန်တော်ပြန်ထိတွေ့ လို့ရတယ် ခံစားမှုအာရုံပေါင်း အသိန်းအသောင်းနဲ့ အလင်းပန်းတို့ တဖွားဖွားဖြာလွင့်… စိတ်န္ဓာ တစ်လျှောက်လုံး နေရာလပ်မကျန် ထိုးခွဲသွားတဲ့ နှုတ်ခမ်းပါးလှလှများ…။
တုန်ရင်ဖြော့လျှ ကျွန်တော့နှုတ်ခမ်းက တစ်စုံတစ်ရာများ ရေရွတ်နေမိသလား? မဟာပထ၀ီ မြေကြီး အိုးထိန်းဆက်လို ချာချာလည်တော့ကော ဘာအရေးလဲ သံသရာနဲ့ရောလည်ပစ်လိုက်။ ဟော…..သူမ…..ကျွန်တော်…..မြေဆွဲအားသက်ရောက်မှု မရှိသော ရယ်သံလွင်လွင်များ…..ဆံနွယ်တွေကြားထဲ လက်ချောင်းတွေ ထိုးကစား ….အကြည့်…အဲ့ဒီလိုအကြည့်မျိုး…အဲ့ဒီလိုမျက်လုံးမျိုး။ တလိပ်လိပ် တဟုန်ထိုး ထိုးတက်သွားတာ ကျွန်တော်ပဲ။လွယ်လင့်တကူ ရင်ဝထောက်ထားတဲ့ အမှတ်သညာတွေ ကိုလက်ဖနောင့်နဲ့ ထပ်ရိုက်သွင်းလိုက်….။
ဒီဗိုင်း
ဇန်န၀ါရီ ၅ ရက် ၂၀၁၃
ည ၈း ၅၉
Comment #1
mike de.