မာနစက်ဝန်း (စကားပြေ) – နရီထက်
တစ်ပတ်ချာလို့ ကမ္ဘာကြီး တစ်ပတ်ပြည့်ပြီး ထင်မိတယ်။ တစ်ဝက်တစ်ပြတ်လည်း မာန်ဝင့်ပြန်သေးတယ်။ ကိုယ့်ကမ္ဘာနှင့် ကိုယ်မို့… အင်ပါယာသူရဲကောင်းလို့ သတ်မှတ်ထားတယ်။ ပန်းတွေဝေ ရနံ့ထုံးလို့ ငါ့နယ်မြေက ရန်သူတွေ နက်လက်ချချင်စရာ.. ခစားစေရာကွဲ့။ ဟိုးအပြင်တစ်ဖက်မှာတော့ နွယ်ယှက် တိုက်ပျက် စစ်တလင်းမြေလား။ ကပ်စေရာလားကွယ်။ နန်းစံရာ ဘုန်းမြင့်မှဖြင့် မြို့တံတိုင်းတွေက ခိုင်ခံပါသေး။ ဘယ်သူများ နယ်ချဲ့ရန်စ ကျူးကျော်ဝံ့မတုန်း။ အကဲစမ်းစ။ ဝေးစမ်းစေ။ သွေးဖယ်စေ။ တပ်မဟာ လေခွင်း မိုးကြိုးလို့ စစ်ခင်းလို့ ပြားပြားဝပ်တွားစေရမယ်။ အသက်ရှုခွင့်ရစေဖို့ရာ ငါရဲ့ အမိန့်။ စက္ကန့်တွေ ရပ်တန့် စမ်းချောင်းဖြာသွယ် တေးသီဌက်တွေ ခက်ဖြာလို့ ပြေးဆော့ကစားနေလေရဲ့။ နုပျိုရာ ရှင်သန်ခြင်းအပေါင်းနှင့် ငါ့ပိုက်နက်က အေးချမ်းသလားကွယ်။ ဝေးကို တွေးဆ မှောင်နက်တဲ့ ညနက်တွေက ကြီးထွားနေလား။ ညကိုမင်းမူ တစ္ဆေသတ္တ၀ါတွေ ပျော်မြူးနေလား။ သွေးဆိုးနက်နက် အဆိပ်ပန်းတွေ ကခုန်နေလား။ သွေးဆာနေတဲ့ ၀ံပုလွေမြူးထူး မြေခွေးတွေ လကွယ်ညကို ပူဇော်ယစ်တွား ခယ နေကြလား။ ငါ့ပိုက်နက်နဲ့များ ကွာပါလေစ။ တံခါးခြားလို့ စည်းမှတ်ထွင်လို့ အတ္တနဲ့ ငါ့ကမ္ဘာက ကြီးထွားနေတုန်းရယ်။ မတူမယှဉ် ဘယ်သူကို အထင်ကြီးစရာတုန်း။ ယုံဝံ့စရာတုန်း။ အသွေးအသားထဲမှာ ဖြာစီးနေတာက ငါ့ကမ္ဘာက တန်ခိုးတွေ ကြီးထွား နတ်ကောင်းတွေ နိမိတ်ပုံဆောင်နှင့် ရှေ့ပြေးကို ကြိုဖတ်နိုင်သေးသကွဲ့။ ဝေးတစ်ဖက်ခြားမှာတော့ နတ်မိစ္ဆာတစ္ဆေတွေ အယောင်ဆောင်ကာ နိမိတ်ဟောင်းကို ပုံလောင်းကြမယ့်ထင်။ ငါ့နှလုံးက သံမဏိလို့ မာစိုင်းနေတော့ အရည်ဖျော်မယ့် လေဟာနယ်ကို ခပ်တင်းတင်း သူစိမ်းဆန် ဧည့်သည်အဖြစ် လက်သင့်မခံချင်ဘူး။ ဓါးချင်းယှဉ်ဖို့ ငါ့ပိုင်နက်မှာ မိုးကြိုးသွားတွေကို အပင်စိုက်ထားလေရဲ့။ အရံသင့် အရည်ဖျော်လှောင်ကန်တွေနှင့် ငါ့ဦးနှောက် ပြည့်နှက်နေလေရဲ့။ မိုးချုပ်ဖို့ နေစ အလင်းရောင်တွေ ကြီးထွားအားပျိုနေတုန်း။ အဝေးတစ်နေရာမှာတော့ မှောင်ရိပ်သန်းလို့ အလင်းရောင်ကို မျှော်ကိုးနေရတုန်း မဟုတ်လား။ ရင်ခုန်စရာမရှိတဲ့ လောကအတွက် ငါက လောက၀တ်ကို အထင်ကြီးနေရမှာလား။ ရင်ဘတ်ထဲမှာ သိမ်းထားဖို့ အမှတ်တရဆိုတာ လောင်စာကုန်ခမ်းပြီး။ အဝေးတစ်ဖက်မှာတော့ အမှတ်ရနေ့ကို ဆာလောင်နေကြရဲ့။ အသင်တို့နှင့် ခြားနေတာက ကောင်းသေးရဲ့။ တစ်ခါတစ်လေတော့လည်း သင်တို့အကြောင်းကို သိဖို့ မပတ်သက်လို့လည်း မဖြစ်။ စက်ဝန်းပြင်ကို ခြေယိုင်ထွက်ခဲ့ရတာလည်း ရှိပါလေစ။ အပြစ်လို့ မဆိုစ စေချင်..။ ခြင်္သေ့နှလုံးနှင့် ယုန်အသည်း မယှဉ်ခြင်း ဆိုပြန်လာလည်း အကြောင်းတွေးစမှ အားသာမှာ…။ ခရာသံတွေကြားတိုင် မိုးတွေ တလိပ်လိပ်ဆင်း ပြိုကျမှာလား။ မိုးချုန်းမှာလား။ မိုးကြိုးတွေ ပစ်ချမှာလား။ ငါ မမှုဝံ့ပြီး။ သွေးကြောဖြာဆင်းနေတဲ့ နှလုံးအတွက် အကြည့်ရဲတဲ့ မျက်ဝန်း တစ်စုံရှိတယ်။ ခေါင်းမာတတ်တဲ့ ဦးနှောက်ရှိတယ်။
နရီထက်
(၂၆ – စက်တင်ဘာလ- ၂၀၁၂)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service