ကျွန်တော်ချစ်မိတဲ့ ကျွန်တော့်ရဲ့ဒီဇင်ဘာ (မိုးထက်အောင်)
ကျွန်တော်ချစ်မိတဲ့ ကျွန်တော့်ရဲ့ဒီဇင်ဘာ
ခင်ဗျားသယ်ဆောင်လာမယ့်နှင်းရည်စက်တွေနဲ့ မြောက်ပြန်လေအေးကိုမျှော်နေမိတာ ကျွန်တော်ပါဒီဇင်ဘာ……..။
ရွက်ခြောက်တွေကိုကောက်ရင်း သီကျူးတဲ့ တေးသွားမှာ ဘာသံမှပါမလာခဲ့ဘူး။သီချင်းမရေးရ၊ကဗျာမရေးရနဲ့  အိမ်မက်တွေလည်း လုံးပါးပါးခဲ့ပြီ။နှင်းမှုန်တွေရဲ့ခြုံလွှာကို လွမ်းဆွတ်မိပါတယ်ဒီဇင်ဘာ။(ခင်ဗျား ပြန်လာခဲ့ပါ……….)။
မမြင်ယောင်ဆောင်ကန်းခဲ့တဲ့မျက်လုံးတွေအတွက် ဘယ်ဖက်ထောင့်မှာ နည်းနည်းနာတယ်။ခင်ဗျားသိချင်မှ သိမှာပါ ဒီဇင်ဘာ။ကျွန်တော့်မှာ ရင်ဘတ်ပါလာခဲ့တယ်ဆိုတာ။ခင်ဗျားထင်ထားတဲ့စက်ရုပ်က ပန်းနဲ့ လုပ်ထားတာပါ။ထိလွယ် ရှလွယ် တိတ်တိတ်လေးပွန်းပဲ့လွယ်ခဲ့တာ သံသယမပါပဲ လှမ်းကြည့်လိုက်ပါဒီဇင်ဘာ………….။
စကတည်းက မယဉ်ခဲ့တဲ့ဇာတ်။ဝင်သက်ထွက်သက်တိုင်းမှာ သေမင်းရနံ့ ထုံနေခဲ့တယ်။အလှပဆုံး ရှုံးပြရမယ့်ဇာတ်သိမ်းအတွက်အစောကြီးကတည်းက သိနှင့်နေခဲ့တာ ဆိုးဝါးလွန်းပါတယ် ဒီဇင်ဘာ။(ကျွန်တော့်ကို မသေမချင်းသတ်ပါ………..)။
အရင့်သီးဆုံးဝါကျတွေနဲ့  ခင်ဗျားကဗျာကိုအလှဆင်ပါ။ဘယ်နှစ်ပါဒမှာ ဘယ်နှစ်ခါအသည်းကွဲပေးရမလဲ။မှော်ဝင်လက်နဲ့ ခြယ်သတဲ့ အလင်္ကာတိုင်းမှာ သေမင်းရဲ့ဓါးသွားတွေပါလာခဲ့မယ်ဆိုတာ ကျွန်တော်သိပါတယ်ဒီဇင်ဘာ။(ခင်ဗျားထင်သလိုသာ ဆက်လုပ်ပါ)။
ကျိန်စာမတိုက်ပဲ စူးခဲ့ပါတယ်ဒီဇင်ဘာ။ဟိုဘက်ဒီဘက် ထုတ်ချင်းခတ်ခဲ့ပါတယ်။လမင်းရဲ့ ဧချင်းတွေနဲ့  ရွှေနားတော်သွင်းဖို့ မကြိုးစားခဲ့ပါဘူး။အသေခံရင်ဘတ်က ခပ်ယဲ့ယဲ့လေးကြေမွနေတာပဲကောင်းပါတယ်။ဆောင်းညရဲ့ခေါ်သံတိုင်းမှာ ယိမ်းယိုင်ခဲ့သူပါဒီဇင်ဘာ။(ကျွန်တော့်ကမ္ဘာမှာ နှင်းမဝေခဲ့တာကြာပါပြီ………….)။
အလွမ်းမြစ်ရိုးက စောင်းခတ်သံ။နှင်းပျောက်ရှာတဲ့ ရင်မှာ ဆူညံနေခဲ့တယ်။စနစ်တကျရေခဲရိုက်အမုန်းတွေနဲ့  အကြိမ်ကြိမ်သာပစ်ခတ်လိုက်ပါဒီဇင်ဘာ။ဒဏ်ရာဆိုတာ ကျွန်တော့်ရင်ဘတ်ရဲ့အထင်ရှားဆုံးပြယုဂ်တစ်ခုပါ။ဆောင်းရဲ့စွတ်စိုမှုကိုရခွင့်မရှိတဲ့ လူ ယနေ့ မှစ နွေလိုပူပါရစေတော့။
ဒီဇင်ဘာ………။ကျွန်တော်ချစ်မိတဲ့ ကျွန်တော့်ရဲ့ဒီဇင်ဘာ…….။နွေလိုကောင်ရဲ့မှတ်တမ်းမှာ ကိုယ်ယောင်ဖျောက်နေခဲ့တာကြာပါပြီဗျာ………။စံပယ်တွေလူးနေတဲ့ ချစ်ခြင်းတွေအတွက် လွမ်းနေမိတယ်ဒီဇင်ဘာ……..။ပြီးတော့….သတိရတယ်။ပြီးတော့…….မျှော်လင့်နေမိပါတယ် ကျွန်တော့်ရဲ့ဒီဇင်ဘာ…………။ ။
မိုးထက်အောင်
Comment #5
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ…….
Comment #6
ဒီဇင်ဘာ………။ကျွန်တော်ချစ်မိတဲ့ ကျွန်တော့်ရဲ့ဒီဇင်ဘာ…….။နွေလိုကောင်ရဲ့မှတ်တမ်းမှာ ကိုယ်ယောင်ဖျောက်နေခဲ့တာကြာပါပြီဗျာ………။စံပယ်တွေလူးနေတဲ့ ချစ်ခြင်းတွေအတွက် လွမ်းနေမိတယ်ဒီဇင်ဘာ……..။ပြီးတော့….သတိရတယ်။ပြီးတော့…….မျှော်လင့်နေမိပါတယ် ကျွန်တော့်ရဲ့ဒီဇင်ဘာ…………။ ။
Comment #1
မမြင်ယောင်ဆောင်ကန်းခဲ့တဲ့မျက်လုံးတွေအတွက် ဘယ်ဖက်ထောင့်မှာ နည်းနည်းနာတယ်။ခင်ဗျားသိချင်မှ သိမှာပါ ဒီဇင်ဘာ။ကျွန်တော့်မှာ ရင်ဘတ်ပါလာခဲ့တယ်ဆိုတာ။ခင်ဗျားထင်ထားတဲ့စက်ရုပ်က ပန်းနဲ့ လုပ်ထားတာပါ။ထိလွယ် ရှလွယ် တိတ်တိတ်လေးပွန်းပဲ့လွယ်ခဲ့တာ သံသယမပါပဲ လှမ်းကြည့်လိုက်ပါဒီဇင်ဘာ………….။
Soooooo Good…..