ကတိမ်းကပါး
နွေဦးရောက်ပြန်ပြီ မောင်
အရင်လိုပဲ လေတွေတဖြူးဖြူးနဲ့ ပျင်းခြောက်ခြောက် နေ့လည်ခင်းတွေပဲ ဖြတ်သန်းရပြန်ပေါ့
မောင် မရှိတဲ့နောက်
နေ့နဲ့ညဟာ ကျွန်မကို မသိမပေးပဲ လည်ပတ်နေကြတယ်လေ
မောင့်ရဲ့ ကြာသပတေးနေ့လေးကော သာယာရဲ့လား
ဒီနှစ် valentine day ကတော့ သောကြာနေ့ကျတယ် မောင်
လွန်ခဲ့တဲ့ သုံးနှစ်တုန်းကရော………
ကျွန်မတို့ ဘယ်နေ့မှာ ကံဆိုးခဲ့ပါလိမ့်
ကျွန်မ မှတ်ဥာဏ်တွေ သိပ်မကောင်းချင်တော့ဘူး မောင်
အဲဒီတုန်းက မှတ်မိတာဆိုလို့ …
ဆေးရုံပေါ်လဲနေတဲ့ ဖျော့တော့တော့မျက်ဝန်းတွေ…
မပီမသကြားလိုက်တဲ့ ချစ်ခြင်းဖွဲ့စကားလုံးတွေ…
ယောက်ယက်ခတ်နေတဲ့ ယိုင်လုလုခြေလှမ်းတွေ …
……………………
………….
……
အဲ့တုန်းက ကျွန်မ ဖိနပ် တဖက် ကျပျောက်ခဲ့တယ် မောင်
တချို့သတင်းဆိုးတွေက နောက်ကျမှ သိလို့ သက်သာခွင့်ရမယ်ဆို သိပ်ကောင်းမှာပဲ
အခုတော့လည်း မောင်
ကမ္ဘာမြေပေါ်မှာ ကျွန်မတယောက်တည်း…
ကျွန်မ ဘယ်လို ရှင်သန်နေတယ်ဆိုတာ မောင် တခါလောက်တော့ စဉ်းစားကြည့်ပါဦး
မှတ်မှတ်ရရ
အဲဒီနေ့က ကျွန်မအခန်းမှာ လိပ်ပြာတကောင်လာနားတယ်
မောင်များ ပျံသန်းခဲ့သလားလို့ တွေးကြည့်တော့
မောင့်အစား ကျွန်မ ပင်ပန်းလိုက်တာ …..
မှတ်မှတ်ရရ
အဲဒီနေ့က ကျွန်မအဆောင်နားက သစ်တောကြီး မီးလောင်တယ်
လေတွေကလည်း တိုက်လိုက်တာ မောင်ရယ်
ရွက်ခြောက်တွေကလည်း တဖြစ်ဖြစ်မြည်လို့
မောင်များ ငိုကြွေးနေသလားလို့ တွေးကြည့်တော့
ကျွန်မ နားခိုစရာ အရိပ်မတွေ့ဘူး မောင်
မှတ်မှတ်ရရ
အဲဒီနေ့က ကျွန်မသိပ်ကြိုက်တဲ့ ကောင်းညှင်းထုပ်စားဖြစ်သေးတယ်
မှတ်မှတ်ရရ
အဲဒီနေ့က မောင်နဲ့ ခရီးသွားဖို့ တိုင်ပင်မယ်ပေါ့
မှတ်မှတ်ရရ
အဲဒီနေ့က နေ့လည်ခင်း တရေးအိပ်ဖြစ်သေးတယ်
မှတ်မှတ်ရရ
အဲဒီနေ့က ကျွန်မ ဖန်ခွက်လည်း ကျမကွဲခဲ့ပါဘူး မောင်ရယ်
ဒါနဲ့များတောင်………………………………..
ကျွန်မတို့ သိပ်များ ကံဆိုးခဲ့ကြသလားဟင်
မောင် ကျွန်မဆီ စာရေးတိုင်း အဆုံးသတ်နေကြ စကားလုံးလေးလိုပေါ့
“ချစ်ခြင်းအားဖြင့် … မောင်”
ခုလည်း ချစ်ခြင်းအားဖြင့်ပါ မောင်
ကျွန်မ နှုတ်ဆက်ပါတယ်
နောက်တခါ နွေဦးရောက်ရင် ကျွန်မတို့ ပြန်လည် ဆုံတွေ့ကြဦးစို့ နော်