ဆောင်း
ဆောင်းလို့အမည်ပေးခံရတဲ့ ဆယ်လသားမြှီးကောင်ပေါက် ကလေးဟာ ထုံးစံအတိုင်းဒီအစိုင်အခဲရဲ့အရှေ့ခြမ်းဆီကိုလာတယ်၊ အဲသည်မှာအရင်လိုပဲလား အဲသည်မှာနားခိုစရာရင်ခွင်တွေသုန်းပြီလား၊ အဲသည်မှာထူထူထပ်ထပ်သိပ်သိပ် သည်းသည်းရောရှိသေးလား၊ အဲသည်မှာအဆင်မပြေလည်းအဆင်ပြေနေကြ ပေါ့၊ အဲသည်ကအရာတွေဟာ အဲသည့်အရပ်နဲ့တန်လို့ပေါ့ မတန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ အဲသည်ကလူတွေရဲ့သက်တမ်းတွေဟာဖန်သားလွှာ ကိုပွန်းပဲ့ရာမထင်အောင်ကြိုးစားထုတ်လုပ်သူတွေကို ခွဲဝေပေးလို့ အဲသည်မှာ အဆင်ပြေပါရဲ့လား၊ အဲသည်မှာ ရှိတဲ့ယဉ်ကျေးမှုဟာ အရိုင်းအစိုင်းတွေကိုတစ် ဘက်တစ်လမ်းကမွေးမြူသလိုလား၊ အဲသည်မှာ ဓါတုဗေဒပျော်ရွှင်မှုတွေကိုမသိ ကျိုးကျွန်အားပေးတဲ့လူတစ်စုနဲ့ အဲသည်မှာ သဘာဝစစ်စစ်အဖူးတွေအပွင့်တွေ လွတ်လပ်ခွင့်မရှိဘူးတဲ့လား၊ အဲသည်ကို အအေးဓါတ်နည်းနည်းပေးရင် အဲသည်က အာဟာရမပြည့်ဝတဲ့၊ အဲသည်က နေထိုင်စရာမပြည့်ဝတဲ့၊ ငွေကြေးနဲ့ကင်းကွာတဲ့ မျိုးနွယ်တူအခွင့်အရေးမဲ့တွေ ခံနိုင်ရည်ရှိပါ့မလား၊ တဖြုတ်ဖြုတ်ပဲကြွေမလား၊ မနှစ်ကလိုပဲ အလင်းလိုလိုအမှောင်လိုလို၊ သွေးသား၊ လုပ်အား၊ အခွင့်အရေးတွေ တရားမျှတမှုလိုလို နိုင်သူစားတမ်းလိုလိုပဲလား၊ ဘယ်လိုလည်း ဖြေမလား မဖြေ ဘူးလား၊ အနာဟာရင်းပြီလား ပေါက်ထွက်မလား လှိုက်စားမလား ဒါမှမဟုတ် ဒီအရာဟာ ငြိမ်းခါနီးမီစာရဲ့ ဖယောင်းရည်နဲနဲပဲကျန်တဲ့အပိုင်းလေးလား၊ ကိုယ်ဟာ ငိုပြပြီး ၀င်လာရမလား ရွှင်ရွှင်ပြပြပဲ ၀င်လာရမလား၊ စာတွေမဖတ်တတ် ဘူး ကိုယ့်အပြစ်လား ကိုယ်အဖြစ်မှားတဲ့ဘ၀အပြစ်လားလို့မေးရင် ဘယ်လိုဖြေ ရမလည်း မငိုတတ်တော့ဘူးလား၊ ကျင့်သားရနေပြီလား၊ သေချာလား၊ ဒီလောက်နဲ့ပဲ ကျေနပ်သလား၊ ညီမျှခြင်းကိုလိုချင်တာလား အပြုံးတစ်ခုကိုပဲလိုချင်တာ လား ကျောပေါ်ကျမယ့် ကြိမ်ချက်ကိုပဲ ယင်းထတတ်နေပြီလား၊ မသိဘူးလား၊ ဘာသိလည်း၊ နည်းနည်းပဲသိပြီး အများကြီးမသိတာလား၊ ဘာမှမသိတာလား၊ မရယ်ပါနဲ့ ပျော်လို့ရယ်တာမဟုတ်ဘူးဆိုတာ သိသားပဲ၊ ကိုယ့်ကိုလှောင်တာ လား၊ ဒီအစိုင်အခဲကြီးကိုလှောင်တာလား၊ ကပ်ပါးကောင်နဲ့တူတဲ့မျိုးစိတ်ကြီးကို လှောင်တာလား၊ ဒါမှမဟုတ်အရာရာကိုလား၊ ကိုယ်ဒီမှာခဏပဲ ပြီးရင်သွားတော့ မယ်၊ ကိုယ်ရှိနေတာ ကြိုက်လား မကြိုက်လား၊ သတိတောင်မထားမိဘူးလား၊ အနွေးထည်ပါးပါးတော့ဝတ်ထား၊ ပြီးရင်ကိုယ်သွားတော့မယ်၊
ယွန်းဆက်