မိတ်ဆွေဟောင်း
ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုံး မြို့ စွန် တစ်နေရာမှာပေါ့။ အလုပ်ထဲမှာ နစ်မြုပ်နေရင်း မနား ဖြစ်တာကြာပြီဖြစ်တဲ့ ရှားရှားပါးပါး ရက်တစ်ရက်မှာ ကျွန်တော် ညနေခင်း လမ်းလျှောက်ထွက်ခဲ့တယ်။ ညနေစောင်းလေးမှာ ဟိုဒီတွေးရင်း၊သီချင်းတစ်ပိုင်းတစ်စ ရွတ်ရင်း အေးအေးလူလူ လမ်းလျှောက် ရတာကို ကျွန်တော် အရမ်းပဲ နှစ်သက် ပါတယ်။ လျှောက်လာရင်း သူ့ကို မြက်ရိုင်းပင်တွေကြား ခပ်လှမ်းလှမ်းက လှမ်းမြင်နေရတယ်။ မတွေ့တာကြာပြီဖြစ်လို့ သူ့ကို ကြည့်ရတာ အရင်ထက် ပိုရင့်ရော် လာသလိုပါပဲ။ အင်း..ဇရာပေါ့ဗျာ။ သူ့ ကို ကျွန်တော်သိခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ သူလည်း နုပျိုနေစဉ်တုန်းပေါ့။ ဟိုတုန်း ကတော့ ကျွန်တော်လည်း လုပ်ငန်းခွင်ထဲ မရောက် သေးတော့ သူနဲ့ ခဏခဏ ဆုံဖြစ်ပါတယ်။ ဒီလိုပဲ အထီးကျန် ဆန်ဆန် နေတတ် တဲ့ ကျွန်တော်နဲ့ အတူ သူလည်း သာယာလှပတဲ့ ညနေခင်း တွေမှာ ကောင်းကင်ကြီးကို ငေးမောကြည့်ရင်ကြည့်မယ်။ ဖြတ်သွားတဲ့ စုံတွေတွေကို အားကျနေချင်အားကျတတ်မယ်။ ဒါမှမဟုတ် ဟိုးအဝေး ခပ်လှမ်းလှမ်းမှာ ဟိုဒီသွားလာ နေတဲ့ လူတွေကို လှမ်းကြည့်ချင် လှမ်းကြည့်နေ တတ် မယ်။ တစ်ခါတစ်ရံ ကောင်းကင်ထဲ အိပ်တန်း တက်ချိန် ပျံသန်း သွားတဲ့ ငှက်တွေကို လိုက်ကြည့် မိတဲ့ အခါလည်းရှိမှာပေါ့။ ဟိုတုန်း ကတော့ ကျွန်တော်တို့တွေ အေးအေးလူလူ အတူတူထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ပိုရှိလာခဲ့တယ် လေ။ သူက အတော်လေး စကားနည်းပါတယ်။ အေးအေးလေးနေချင်တဲ့ ကျွန်တော်တို့ နှစ်ယောက်အဖို့ မြို့ ပြရဲ့ လူဦးရေ ပေါက်ကွဲမှုတွေ၊ စီးပွားရေး ရေမြေသစ် ရှာဖွေမှုတွေနဲ့ အတူ ခုတော့ တန်ဖိုးထားရတဲ့ အရာတွေပျောက်ဆုံးလာပြီလေ။ ဒီလိုနဲ့ ဘ၀ခရီးထဲမှာ ကိုယ့်လမ်းကြောင်း ကိုယ်ဖြတ်သန်းရပြန်တော့ ကျွန်တော်နဲ့ သူ အတော်လေးကို ဝေးနေသလို ဖြစ်လာခဲ့တယ်။ သူဘာတွေဖြစ်နေလဲ၊ ဘယ်လိုနေမလဲ ကျွန်တော် တွေးဖို့တောင် အချိန် မရသလိုပါပဲ။ ခုအတော်လေး ကြာမှပြန်တွေ့တော့ သူနဲ့ ကျွန်တော် အတန်ကြာ စကားမစနိုင်ခဲ့ဘူးလေ။ အတူထိုင်နေရင်း ပတ်ဝန်းကျင် ကို သတိထားကြည့်မိတော့ အတော်လေးပြောင်းလဲနေတာ တွေ့ရတယ် ။ သူကတော့ ဒီနေရာမှာ အမြဲ ရှိနေတတ်သူ ဆိုတော့ မထူးဆန်းသလိုပဲ ခပ်အေးအေး ပါ။ အရာရာကို ဘာမှ စိတ်မ၀င်စားတော့သလို သူ့ ပုံစံ က တည် တည်ငြိမ်ငြိမ်ပေါ့။ ဒါပေမယ့် သူကျွန်တော့်ကိုတွေ့တော့ ပျော်သွားပုံရတာ သိသာပါတယ်။ ကျွန်တော် လည်း သူနဲ့ အတူထိုင်ရင်း ဟိုးအရင် ခံစားမှုမျိုး ပြန်ရလာသလို ခံစားလာရတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက ပြောင်းလဲမှု တွေကို နားလည်ပေးနိုင် ဖို့ စိတ်ကူးတွေ တူနေကြပုံပါပဲ။ သူနဲ့ အတူရှိနေခဲ့တဲ့ ညနေခင်းတွေဟာ ကျွန်တော် တို့ နှစ်ယောက်စလုံးအတွက်အမှတ်တရ အရာတွေဆိုတာ နှစ်ယောက်လုံးသိနေခဲ့ ကြပါတယ်။ ကျွန်တော်တို့တွေ လည်း အမြဲပဲ ပြောင်းလဲခြင်း တွေအောက်မှာ ရှင်သန် နေရတာ ဆိုတော့ ဒီအမှတ်တရ တွေကို ဆက်လက်သယ်ဆောင်ရင်း ပြောင်းလဲခြင်းဆိုတဲ့ သဘောတရားတွေ ကြိတ်မှိတ် မျိုချနေရတာပေါ့ဗျာ။ အချိန်အတော်ကြာ ထိုင်နေရင်း တဖြည်းဖြည်း မှောင်လာတော့ ကျွန်တော်ပြန်ဖို့ မတ်တပ်ထရပ် လိုက်တယ်။ သူ့ကို နှုတ်ဆက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တော့ သူစိတ်ကောင်းပုံမရဘူး။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲ ကျွန်တော်တို့ နှစ်ယောက်တွေ့ ဆုံခြင်းဆိုတာဟာလဲ ဘာမှ မဟုတ်တာပဲလေ။ ဒါပေမယ့် အရင်လို မဟုတ်တော့တဲ့ အခြေအနေ တွေကြား သူ့ဆီကို ခဏခဏ မရောက်ဖြစ်တာကို သူက နားလည်တဲ့ပုံပါပဲ။ နောက်လဲ ဘယ်အချိန်မှ ပြန်ဆုံတွေ့မယ်ဆိုတာ မသေချာသလိုပေါ့။ ကျွန်တော်တို့ နှစ်ယောက်လုံး ဆက်လျှောက်ရမယ့် ခရီးက မတူညီပေမယ့် ဆုံမှတ်တစ်ခုလို တွေ့ဆုံလာခိုက် အမှတ်တရတွေက ထင်ကျန်နေလျက်ပါပဲဗျာ။ ဒါနဲ့ တိတ်တိတ်ဆိတ်ဆိတ် သူ့ကို နှုတ်ဆက်ရင်း လှည့်ထွက်မယ်လုပ်တော့ မျက်စိ ကတစ်နေရာဆီ အကြည့်ရောက်သွားတယ်လေ။ သူ့ရဲ့ မွေးနေ့ သို့မဟုတ် သူ့ ရဲ့ သက်တမ်း ရက်စွဲလေး တစ်ခုပေါ့။ ၁၄၊ ၇၊ ၂၀၀၁ ခုနှစ်တဲ့။ အရောင်မွဲမွဲနဲ့ အုတ်ခုံလေး တစ်ခု (သို့မဟုတ်) ကျွန်တော့်ရဲ့ မိတ်ဆွေ အသက်ပေါ့ဗျာ။ ဖတ်ကြည့်ရင်း သူတော်တော် သက်ဆိုးရှည်တာပဲလို့ တွေးမိရင်း ပြုံးလိုက်တော့ သူက နားမလည်သလိုနဲ့ ကျန်ခဲ့ပါတော့တယ်။