အိမ်အပြန်ညတစ်ညနဲ့ အချိန်အကြောင်းတစေ့တစောင်း
ညတစ်ညမှာ ကြယ်စင်တွေနဲ့ ကျွန်တော်ပြန်ခဲ့တယ်။ ညကတော့ လှပလို့ပေါ့။ အေးလုလုဆောင်းကတော့ အားနာလို့
ထင်ပါရဲ့ တစ်ချက်တစ်ချက် လေအေးလေးပဲတိုက်ပေးရှာပါတယ်။ လျှောက်လာရင်း ညောင်းညာလာတဲ့ ဖြေဖ၀ါးတွေက မျက်စောင်းထိုးတာလဲ ခံလိုက်ရတာဗျာ။ ဘ၀ဆိုတာ ကိုယ့်ခြေထောက် ကိုယ့်ရပ်ရမှာပေါ့လို့ သူ့ကိုဆရာလုပ်လိုက်တော့ ငြိမ်သွားပါတယ်။ လူတွေက မိုးလင်းရင် အိပ်ရာထ မျက်လုံးဖွင့်၊ ညကျ မျက်လုံးမှိတ် ပြန်အိပ်နဲ့ ဒီထဲမှာပဲ အသက်တွေကြီးသွားကြတယ်။ မွေးဖွားခြင်း သေဆုံးခြင်း တံခါးနှစ်ချပ်ကြားမှာပဲ ကျွန်တော်တို့ ချောင်ပိတ်မိနေတယ် ထင်တယ်ဗျ…နော်။ နှစ်တစ်နှစ်ကူးတာကို တကူးတက လုပ်ပျော်ရင်း သေခြင်းနဲ့နီးလာတာကိုလည်း သတိရမိပါတယ်။
ကြည့်ဖူးတဲ့ ဗီဒီယိုကားလေးထဲက အမြဲမှတ်မိနေတာလေး ပြောပြမယ်ဗျာ။ အဲ့ဒီမှာ စိတ်ဝေဒနာရှင် ကိုမေတ္တာက
“ လူတွေဟာ အချိန်တွေကို နာရီတွေထဲ ပိတ်လှောင်ထားကြတယ်လို့” ပေါက်ကွဲကာ နာရီများကို ဖျက်ဆီးနေတယ်လေ။ ဟုတ်ပါရဲ့ သူပြောမှ ကျွန်တော်လည်း အလန့်တကြားလက်က နာရီကို ငုံ့ကြည့်မိတယ်ဗျ။ ဟုတ်တယ်..နာရီထဲက လက်တံတွေက အချိန်မှတ်သားမှုတွေဖြစ်ပေမယ့် ဒီလက်တံတွေရဲ့ တွန်းထိုးမှု၊ မောင်းနှင်မှု၊ သတိပေးမှုတွေနဲ့ပဲ ကျွန်တော်တို့တွေဟာ ကိုယ့်ဘာသာကိုယ် အချိန်ဆိုတဲ့ လှောင်အိမ်ထဲ ထည့်လှောင်မိ နေသလိုဖြစ်နေတယ်ဗျာ။ ဟော..ပြောရင်းဆိုရင်း ကျွန်တော့်အိမ်နား ရောက်လာပြီ။ နောက်ကျနေတတ်မို့ အမေနဲ့အဖေက ထူးထူးခြားခြားမေးမှာ မဟုတ်ပေမယ့် နာရီကိုကြည့်ပြီး အကဲခတ်မှာတော့ သေချာတယ်ဗျာ။ ကဲ…ဒါတွေကတော့ ကျွန်တော့်ရဲ့ အိမ်အပြန်ည
တစ်ည မှာ တွေးမိတာလေးတွေဖြစ်ပါကြောင်း ။ ။