Professional Authors

အငွေ့ထွက်ချင်နေသေးသော ထမင်းကြမ်း(ကြယ်စုတ်ကြယ်ပဲ့)

           အိပ်မရသော ညများတွင် ကျွန်တော် စဉ်းစားမိသည်က မူးယစ်ရီဝေဖူးသော တချိန်က ညများအကြောင်းဖြစ်သည်။ ပေါင်မုန့်တယှက် ၀ိုင်တခွက်မပါ၊ ချောကလက်နှင့် နှင်းဆီပန်းများ မပါ၊ရိုမီယို ဂျူးလိယက် မပါ။ဧဒင်ဥယာဉ်ကြီးနှင့် ပိုးထိုးနေသော ပန်းသီးများလည်းမပါဝင်ခဲ့ပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျပါဝင်သည်၊ သူမပါသည်၊ ခိုးခိုးပြီးနမ်းဖူးသော အနမ်းများပါသည်၊ ရောက်တတ်ရာရာပြောတတ်သော အိပ်ရာဝင်ပုံပြင်များပါသည်၊ဘယ်သူမှမသိအောင် ပေးခဲ့ဖူးသော Birthday wish များပါသည်၊သူမအိပ်ရာထက်က ကျွန်တော့်ထက် အကြိမ်များစွာ ပွေ့ဖက်ဖူးသော သူမ၏အရုပ်များပါ သည်။          

 

ကဗျာရေးကောင်းသည် စာရေးကောင်းသည် ဆိုသော ကောင်တစ်ယောက် တကယ့်တကယ်တန်း အပ်ကျမတ်ကျ ခွဲရသောအခါ မည်သည့်စကားလုံးမှ အလွမ်းကို ကျော်လွန်၍ထွက်ပေါ်မလာပါ။ စာမျက်နှာအချို့ စိုစွတ်သွားသည်သာ အဖတ်တင်သည်။ သူမအလွန်ကြိုက်ပါသည်ဆိုသော ကျွန်တော်၏ ခပ်ဆွေးဆွေးကဗျာများအတွက် စကားလုံးအချို့သည် မင်ရည်ကျဲလွန်းခဲ့သည်။ သည်လိုနှင့် ညတိုင်းညနက်ရသည်။ 

 

 သူမစကားသံနှင့်ရယ်သံကို နားထဲတွင် ပြန်ကြားယောင်သည်။ ပြီးတော့ မျက်ရည်ဝှက်တမ်း ကစားသောညများ…..   

 

ဂစ်တာတီးကာ သီချင်းတပုဒ်ဆိုပြီးတိုင်း အားပေးနေကြအသံလေး မကြားရသောအခါ အမျိုးအမည် မသိသော ဝေဒနာတမျိုး စူးစူးရှရှခံစားရသည်။ သည်လိုနှင့် ဘယ်သီချင်းမှ အဆုံးထိမဆိုဖြစ်တော့… ကိုင်ဇာတေးပေါင်းချုပ်မှ ဆုတ်ဖြဲခံထားရသော သီချင်းတမျက်နှာသည်တအီအီမြည်ကာ လည်လျှက်ရှိသော ပန်ကာလေနှင့်အတူ ဝေ့ကာဝိုက်ကာ ခြေဖမိုးသို့ လာကပ်ပြန်သည်။ ထပ်မကြည့်လည်း မှတ်မိပါသည်…တသက်လုံးပဲ သတိရနေမယ် ရင်ထဲမှာ   

 

မည်သည့်အတတ်အောက်တွင်မှ ဒူးမထောက်ခဲ့ဖူးသောကျွန်တော်တယောက် သူမဆွဲသော ကြိုးများအောက်တွင် မှော်ဆန်ဆန်အသုံးတော်ခံခဲ့သည်။ သူမ၏ချစ်တတ်သလို ချစ်တတ်ခြင်းဆိုသည့်နောက် ကျွန်တော် ရေလိုရော ငါးလိုပါ ကြိုးစားပမ်းစားလိုက်ခဲ့သည်။ ကိုယ့်ကိုယ်ကို နားမလည်နိုင်လောက်အောင် သူမအပေါ် နားလည်ပေးခဲ့သည်။ ရည်ရွယ်ပြီးလုပ်တာမှ မဟုတ်တာဟူသော ဒဏ်ရာတို့ကို ကျွန်တော်ကိုယ်တိုင်ပင် ရောင်စုံပတ်တီးတို့ဖြင့် လှလှပပစီးခဲ့သည်။ လက်ခုပ်သံသဲ့သဲ့ သူမကျင်လည်သော ၀န်းကျင်မှကြားရသည်…။သူမက ပြုံးသည်၊ သူငယ်ချင်းကဗျာဆရာ (အမည်မဲ့) ကပြုံးသည်၊ ကျွန်တော်ကိုယ်တိုင်လည်းပြုံးခဲ့မိသည်။ ထို အပြုံးများကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုပါ။   

 

စာရွက်ပေါ်တွင်ထောက်ထားသော ဘောလ်ပင်ကို ဖိကာဆွဲမိလိုက်မိသည်။ မိမွေးတိုင်း ဖမွေးတိုင်း စားပွဲပေါ်တွင် အစင်းရာတချက်…မမြင်ရသော ဒဏ်ရာများသည် ပို၍နက်ရှိုင်းတတ်ပါသည်။   

 

စိတ်၏အလျှင်နှုန်းနောက်သို့ အလွမ်းတနင့်တပိုးနှင့် လိုက်ရသည်မှာ ပင်ပန်းလွန်းသည်။ အတူရှိခဲ့ဖူးသောနေရာအချို့ စိတ်ပြေလွမ်းပျောက် ရောက်သည်။ ကျွန်တော်ရင်းနှီးနေသော သူစိမ်းတချို့နှင့် သူမ ရယ်ရယ်မောမော စကားလက်ဆုံကျ နေသည်။  အမြင့်တချို့ကို မုန်းတတ်သောကျွန်တော်သည် မဏ္ဍပ်တိုင်မတက်ခဲ့မိခြင်းအတွက် ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်ပါ။ သို့သော် ထိုနေ့ညက ဘရိတ်ဓားဖြင့်တီးသော ဂစ်တာသံသည် ဆိုနေကြ Rap သီချင်းတပိုဒ်နှင့် ခပ်ကြမ်းကြမ်းပင် လိုက်ဖက်ခဲ့ပါသည်။   

 

လက်ထဲတွင်ဆုပ်ကိုင်ထားသော အိပ်ဆေးပုလင်း၊စားပွဲပေါ်က ရေတခွက်၊ဖွင့်လျှက်ရှိသော တောင်ခြစ်မြောက်ခြစ်ဗလာစာအုပ် နှင့်ကြောင်တောင်တောင်မျက်လုံးတစုံသည် ကျွန်တော့်အတွက် ညနှင့် တိုက်ရိုက်အချိုးကျပါသည်။သူမ ဆက်သော ဖုန်းတချက်သည် ညတာအချို့ကို တိုစေသည်ကို သူမဘယ်သောအခါမှသိလိမ့်မည်မဟုတ်ပါ။

In: စကားပြေ Posted By: Date: Jan 4, 2011
Comment #1

အရမ်းကောင်းပါတယ်။

commentinfo By: dan at Jan 4, 2011
Comment #2

ထမင်းကြမ်းကို ပြန်နွှေးရင် အငွေ့ထွက်လာနှိုင်သလို
်မသိတာကိုသိအောင်လုပ် ဖို့တွေးကြည့်ပါလား……….
စိတ်ချမ်းသာနှိုင်ပါစေ ……..

commentinfo By: နွေးနွေး at Jan 5, 2011
Comment #3

ကောင်းတယ် အားပေးသွားတယ်ဗျာ…… အောင်မြင်စွာ ဖြတ်သန်းနိုင်တဲ့ ညလေးများကို ပိုင်ဆိုင်နိုင်ပါစေဗျာ

Comment #4

တော်တော်လေးကို ခံစားချက်တွေပါတယ်နော်……………
တော်တော်လေးဖတ်လို့ကောင်းတယ်။
ရေးတဲ့ အပုဒ်တိုင်းကောင်းတယ်နော်။
အမြဲအားပေးလျှက်ပါ………………

commentinfo By: layykyoe at Jan 5, 2011
Comment #5

အားပေးသွားပါတယ်
ကောင်းတယ်ဗျာ………

commentinfo By: genius.jinx28 at Jan 5, 2011
Comment #6

စမှဆုံးဖတ်သွားသည်….။

commentinfo By: မာယာမင်းသား at Jan 13, 2011
Comment #7

so nice

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment