ထိုက်တန်ပါသည်။
ပထမကမ္ဘာစစ်အတွင်းတွင်ဖြစ်သည်။ကတုတ်ကျှုင်းလေးအတွင်းရှိတပ်သားလေးသည် တိုက်ပွဲဖြစ်နေသောစစ်မြေပြင်ကိုကြည့်လိုက်၊သူ့၏အထက်အရာရှိကိုကြည့်လိုက်နှင့်ဝေခွဲမရသလိုပုံစံဖြစ်နေလေသည်။သူတွေ့မြင်
နေရသောစစ်မြေပြင်တွင် သူတို့၏တပ်သားတို့မှာအခြေအနေမလှပေ။
နောက်ဆုံးတွင် တစုံတခုကိုဆုံးဖြတ်လိုက်သကဲ့သို့ပင် ခိုင်မာသောမျက်နှာဖြင့် အထက်အရာရှိကို”လက်ဖတင်နင် ကျွန်တော် စစ်မြေပြင်မှာရှိတဲ့ကျွန်တော့်သူငယ်ချင်းကို သွားပြီးကယ်တင်ချင်ပါတယ်” ဟုပြောလိုက်လေသည်။အထက်အရာရှိကလည်းစာနာသောမျက်လုံးတို့ဖြင့်ကြည့်ကာ “တပ်သား မင်းသွားမယ်ဆိုရင်သွားနိုင်ပါတယ် …ဒါပေမယ့်မင်းအတွက်အကျိုးထူးမယ်၊ထိုက်တန်မယ်လို့တော့ငါမထင်ဘူး”လို့ပြန်ပြောတယ်။တပ်သားလေးကလည်း အရာရှိစကားဆုံးတာနဲ့ ကျည်ဆံတွေပလူပျံနေတဲ့ စစ်မြေပြင်ဆီကို ကတုတ်ကျင်းတလေးဆီမှတက်ကာ အားကျိုးမာန်တက်ဖြင့် ထွက်ခွာသွားတော့သည်။အချိန်ခဏကြာသောအခါ အရာရှိသည် လူတဦးကိုကျောပိုးကာ မောပန်းတကြီးပြန်ရောက်လာသောတပ်သားလေးကိုတွေ့လိုက်ရလေသည်။တပ်သား၏ပေါင်တွင်ကား နက်ရှိုင်းသောကျည်ဆံ၇ာကြီးရှိနေပေသည်။ထိုအခါ အရာရှိက ဂရုဏာဒေါသနှင့် “ငါမပြောဖူးလားကွာ မင်းသူငယ်ချင်းကအခုတော့သေနေပြီလေ မင်းသူ့ကိုမကယ်တင်နိုင်တဲ့အပြင်မင်းပါဒဏ်ရာရလာတာဆိုတော့ မင်းအတွက်အကျိုးမထူး ၊မထိုက်တန်ပါဘူးကွာ“ဟုပြောသောအခါ တပ်သားလေးကဆွေးမြေ့သောမျက်လုံးတွေနှင့်သူ့သူငယ်ချင်းတပ်သား၏အလောင်းကိုငေးကြည့်ရင်းတလုံးချင်းပြန်ပြောလေသည်။
“ကျွန်တော်ရောက်သွားတဲ့အချိန်မှာ သူမသေသေးပါဘူးဆရာ ၊ပြီးတော့ သူမသေခင်မှာကျည်ဆံတွေကြားကနေကျွန်တော်ကိုပြောတဲ့ “သူငယ်ချင်း မင်းငါ့ကိုလာကယ်မယ်ဆိုတာကို ငါအစောကြီးကတည်းကသိနေခဲ့ပါတယ်”ဆိုတဲ့စကားဟာ ကျွန်တော်ဒီအလုပ်ကိုလုပ်ရတာကိုထိုက်တန်စေပါတယ်ခင်ဗျာ”ဟုပြန်ပြောလိုက်လေသည်။
Chicken Soup For the Soul ထဲမှ စာတပုဒ်ကိုဆီလျော်အောင်ပြန်ဆိုပါသည်။