ဒိန်ခဲလည်းကြိုက်တယ်။ ငါးကြော်လည်းကြိုက်တယ်။ (အခန်းဆက်အသစ်များဖြင့်)
အခန်း (၁) ဇစ်မြစ်
မင်းက ငကြောင်ပဲ…။ ကြောင်လားြွကက်လားတော့ ငါမသိဘူး။ ငါ ကတော့ ဒိန်ခဲလည်းကြိုက်တယ်။ ငါးကြော်လည်းကြိုက်တယ်။ တော်…တော်… တခုတော့ ငါပြောမယ်။ မင်း ကြောင်သလိုလြွိုကက်သလိုလိုကြောင့် တဘက်သား ဒုက္ခဖြစ်ရရင်တော့ မကောင်းဘူး။ ဟ…မင်းကလည်း ငါ့လိုကောင် ဘယ်လိုကောင်မလေးက ပြန်စိတ်ဝင်စားမှာလဲကွ။ ငါကလည်း ကောင်မလေးတစ်ယောက်ကိုလူလည်ခေါင်မှာ ဘယ်တော့မှ မနှောက်ယှက်သလို၊ စိတ်မချမ်းမသာ ဖြစ်စရာကောင်းစေမယ့် လုပ်ရပ်မျိုးဘယ်တော့မှမလုပ်ဘူး။ ဒီလိုတော့လည်း မဟုတ်ဘူးပေါ့ကွာ…မင်းအတွက် ငါစဉ်းစားမိလို့ပါ။ နောင် မင်းရပ်တည်မယ့် အနေအထားနဲ့ ဒီလုပ်ရပ်တွေက မသင့်တော်သလိုဘဲကွာ။ ထိုသို့သူငယ်ချင်းက ပြောသောအခါ…ခေါင်းထဲတွင် တဒေါင်ဒေါင်တဒင်ဒင်ဖြစ်ကာ လိပ်ပြာတစ်ကောင် လန့်နိုးသွားသည်။ သို့သော် နှုတ်မှနေ၍… မင်းကလည်းကွာ တခါတခါ ငါ့အမေကျနေတာပဲ။ ……………………….. ………………. ……………. ………. …
အခန်း (၂) သက်ရောက်မှု
ကိုယ်ဟာ ကော်ဖီတစ်ခွက်မသောက်ရတဲ့ မနက်တစ်ခုမှာ ခေါင်းကိုက်တတ်သူပါ။ အခုကြ…မင်းကိုမတွေ့ရတဲ့နေ့ဆို နှလုံးသားက ကိုက်ကိုက်လာတယ်။ ကော်ဖီသောက်တာများသွားတဲ့ညဆို ကိုယ် အိပ်မရဘူး။ အခုလည်း မင်းအကြောင်းအတွေးတွေလျှံလို့ အအိပ်ပျက်နေရပြီ။ ကျွန်တော် သူမနှင့်ပတ်သက်သည့် ခံစားချက်စကားလုံးများ စီအပြီး ကိုယ့်ကိုကိုယ် စမ်းစစ်ကြည့်သည်။ ကျွန်တော် လိမ်ညာခြင်းမဟုတ်ပါ။ အမှန်ပင် သူမကိုမတွေ့ရလျှင် ရင်ဘက်တွင်အောင့်နေသကဲ့သို့ ခံစားရပါသည်။ စကားလုံးများကိုကြည့်ရင်း စဉ်းစားမိလာသည်။ ဟုတ်ပြီ။ ဒီလိုခေါင်းစဉ်နဲ့ဆို ပိုကောင်းမယ်။ စွဲလန်းမှု ကျွန်တော်သူမအား ချစ်သည်လား၊ မချစ်သည်လား ကျွန်တော်မသိပါ။ သူမကို ချစ်သောခံစားစိတ်ထားမည်ဟု ဆုံးဖြတ်ခံစားသည့်အချိန်အစပိုင်းမှာ မသိသာသော်လည်း နေ့ရက်များလာသော အခါ အမှန်ပင် စွဲလန်းသွားသည်။ ကျွန်တော့်ကို ပြန်လည် စွဲလန်းစေလိုလာသည်။ အချစ်ဟု ကျွန်တော် မသက်မှတ်ပါ။ ထိုသို့ရင်ခုန်စွဲလန်းမှုမျိုး၊ မမြင်မနေရဖြစ်မှုမျိုးသည်အချစ် ဖြစ်ပါသလား…။ မည်သို့ပင်ဆိုစေ ရေးလက်စ စကားလုံးများအောက်တွင် ဆက်၍ အောက်ပါအတိုင်းစာချိုးလေးကိုပါရေးလိုက်သည် ချစ်သူ ငယ်ချင်း ရင်မှာမင်းပဲ တ ရင်းစွဲစိတ် ပြင်းပြနှိပ်စက် အအိပ်လည်းပျက် အနေခက် မွန်းကြပ်လှပါပြီ။
အခန်း(၃) ဆင့်ကဲဖြစ်စဉ်
လူ၏စိတ်သည်အံ့ဩဖို့ကောင်းသည်။ ကျွန်တော် ကိုယ့်စိတ်ကိုသုံးသပ်၍ ဒီကောက်ချက်ကို ချမိခြင်းဖြစ်သည်။ အမှန်တွင် ပြောသင့်သည်မှာ ကျွန်တော်၏စိတ်သည် အံ့ဩဖို့ကောင်းသည် ဟူ၍ဖြစ်သည်။ ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို တိတ်တခိုးချစ်မိသည့် ဝတ္ထုဇာတ်လမ်းလေးရေး ကြည့်ချင်ရာမှာ သူမကို အဓိက ဇာတ်ကောင်အဖြစ်ထားဖို့ ရည်ရွယ်ခဲ့သည်။ အစပိုင်းတွင် ခင်မင်မှု တခုမှလွဲ၍ အခြားဘာမျှမရှိ။ ထို့နောက်တွင်မှ သူမလုပ်သမျှပြုသမျှအရာများကို အမြတ်တနိုး လိုက်ကြည့်ရင်း အလွန်တရာ စွဲလန်းသွားသည်။ အရက်သမားတချို့၊ ဘိန်းစားတချို့သည်လည်း သူတို့အရက်စသောက် ဘိန်းစရှူ သောအချိန်တွင် စွဲလန်းခဲ့ခြင်းမျိုးမရှိရုံသာမက ခန္ဓာကိုယ်က လက်မခံသဖြင့် ပြန်လည်ပျို့အန်ကြကြောင်း ပြောပါသည်။ သို့သော် သူတို့က ထိုစွဲလန်းခြင်းကို ပြုစုပျိုးထောင်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်သည် စွဲလန်းမှုတမျိုးကို ပြုစုပျိုးထောင်ခဲ့ပြီ။ အသီးအပွင့်တို့ပင် သီးပွင့်လျက်ရှိကြပြီ။ ဤအရာသည်ပင် ကျွန်တော့်အား ငကြောင် ဆိုသည့် ဘွဲ့နာမတခုကို ရရှိစေခဲ့ခြင်းဖြစ်သည်။ သူမသည် ကျွန်တော့်၏စွဲလန်းမှုအား အနည်းငယ်ရိပ်မိလျက်ရှိ သည်ဟု ထင်ပါသည်။ သူမသည် အနေအထိုင်အနည်းငယ်ပို၍ စိမ်းလာပါသည်။ ကျွန်တော်ကို ပြန်လည်၍ စွဲလန်းလာစေချင် သော်လည်း မည်သို့သောအခါမှ သူမအား နှုတ်အားဖြင့်၊ စာအားဖြင့် အသိပေးမည်မဟုတ်ပါ။ ကျွန်တော်ရေးမည့်ဇာတ်လမ်းသည် တိတ်တခိုးအချစ်အကြောင်းဖြစ်သည် မဟုတ်လား။ ကျွန်တော်၏မျက်လုံးများသည် ဖုံးကွယ်နိုင်စွမ်းရှိမရှိကိုဖြင့် သိပ်မကျိန်းသေလှပါ။
အခန်း (၄) မထင်မှတ်သောအချိုးကွေ့
ကျွန်တော့်ကျမှ ထူးပြီးတော့ ဆန်းမနေပါဘူး။ ရှေးက သဘာဝတ္တပညာရှင်များသည် အီသာကိုရှာရင်း အလင်း၌ ရှိသော ရောင်စဉ်များကို တွေ့ခဲ့ကြသည်။ လောကကြီးသည် အီသာနှင့်ပြည့်နှက်လျက်ရှိသည်ဟု တချို့ ကြံကြံဖန်ဖန် တွေးတတ်သူများက ယူဆခဲ့ကြသည်။ ငါးသည် ရေထဲတွင်နေသောကြောင့် ရေဆိုသည်မှာ ဘာမှန်း သိချင်မှသိနိုင်မည် ဆိုသည့် သီအိုရီမျိုးဖြစ်သည်။ ထိုအခါ ပညာရှင်တချို့က လေထုထဲသို့ အလင်းကျည်များဖောက်ကာ စမ်းသပ်ခဲ့ကြသည်။ ထိုအခါ အလင်းရှိရောင်စဉ်များကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ကြလေသည်။
ကျွန်တော်သည် တိတ်တခိုးအချစ်အကြောင်း ဇာတ်လမ်းတပုဒ် ရေးဖို့ အကြောင်းရှာရင်း တစ်ဘက်သက်အချစ် ၏ရောင်စဉ်များကို တွေ့မြင်ခဲ့ရသည်။
အစပထမတွင် ကျွန်တော်သည် သူမကို တိတ်တခိုးသာချစ်မည်ဟု ကြံစည်ခဲ့သော်လည်း ကျွန်တော်၏ ရင်ထဲတွင် စွဲလန်းမှုထုထည် ကြီးမားလာသည်နှင့်အမျှ လျှို့ဝှက်နိုင်မှုစွမ်းရည် နိမ့်ပါးလာသည်။ မမျှော်လင့်ထားဘဲ ချစ်ခြင်းမေတ္တာ တစ်ခု ဖြစ်တည်လာသည်။
ချစ်ခြင်းမေတ္တာဟု အမည်တပ်ရခြင်းမှာ ကျွန်တော်စိတ်ကူးသမျှ သူကောင်းစားရေးအတွက်သာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ကျွန်တော် ဆုတောင်းမိသည်။
အဖဘုရား…
ကျွန်တော်သည် သူမဘ၀ကောင်းစားဖို့ရန် အကောင်းဆုံးပြုနိုင်သူ ဖြစ်လျှင် သူမအား ကျွန်တော်ကို ပေးသနားမူပါ။ ထိုသို့မဟုတ်ဘဲ ကျွန်တော်ထက်သာ၍ သူမဘ၀အား သာယာပျော်ရွှင်အောင်ပြုနိုင်သူရှိလျှင် သူမဘ၀ကို ပိုမိုသာယာပျော်ရွှင်စေပါ။
အခန်း (၅) အလှတရား နှင့် သားရဲကောင်
နှစ်နှစ်ခြိုက်ခြိုက် ထပ်ခါထပ်ကြည့်ဖူးသော ပုံဝတ္ထုတစ်ပုဒ် ဖြစ်သည်။ သယ်ဗြူးတီးအန်သယ်ဘိ(စ်တ်) ဟု မြန်မာ စာဖြင့် အနီးစပ်ဆုံ အသံဖလှယ်ရမည် ထင်သည်။ ထိုပုံဝတ္ထုထဲမှ မင်းသမီးအား အလှတရား သို့မဟုတ် သယ်ဗြူးတီး ဟု တင်စားထားခြင်းဖြစ်သည်။ (သယ်ဗြူးတီး ဆိုသော မြန်မာစကားစုသည် ဖတ်ရဆိုးသောကြောင့် မေ့ပစ်လိုက် စေချင်သည်။)
အလှတရား။ သူမ (ကျွန်တော့်၏သူမ)သည် ကျွန်တော်တို့ လူမကျဲမပါးနေသော ပတ်ဝန်းကျင်တွင် အလှတရား၏ အထူးအရေးအကြီးဆုံး ကိုယ်စားလှယ်ဖြစ်သည်ဟု တင်စားလျှင် ငြင်းမည့်သူ ရှိမည်မထင်ပါ။ သူမကိုတွေ့လျှင် အလှတရား ဆိုသည်မှာ လောကတွင် အမှန်ပင်ရှိကြောင်း သတိရစေသည်။ ထိုသို့ သတိရစေသူ မနည်းမများ ရှိသည့်ကြားတွင် သူမသည် အလှတရား၏အချိုးအစားကို အထင်ရှားစေဆုံးသူ ဖြစ်သည်။
ကျွန်တော်သည် တိတ်တခိုးအချစ်သမား မဟုတ်တော့ပါ။ ကျွန်တော်သည် ယခုအချိန်တွင် တစ်ဘက်သက် ချစ်သူ ဖြစ်ပါသည်။ ကျွန်တော်၏ချစ်ခြင်းသည် ထင်ရှားပါသည်။ မြင်သာပါသည်။ မျက်စိရှုပ်လောက်အောင်ထိ ဖြစ်သည် မဖြစ်သည်ကိုတော့ ကျွန်တော်ကိုယ်တိုင် မပြောတတ်ပါ။
သို့သော် ချစ်ခြင်းမေတ္တာသည် လူကို ဆွံ့အစေသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ ကျွန်တော့်ကို ဆွံ့အစေသည်။ စကားလုံးပေါင်းများစွာတို့သည် စကားဘ၀မရောက်ခင် လင်္ကာဘ၀ပြောင်းကုန်ကြရသည်။ စကားမပြောနိုင်တဲ့ ပါးစပ်ဟာ သီချင်းတော့ ဆိုနိုင်ပါလား ဟုကြုံခဲ့ရသည်။ ချစ်သူနဲ့တွဲခွင့်မရတဲ့ လက်တွေက ကဗျာတွေကိုတော့ သီနိုင်ပါလား ဟုလည်း သိခဲ့ရသည်။
ကဗျာဆိုသည်မှာ ခံစားမှုပေါက်ကွဲခြင်း၏ အကြွင်းအကျန်လား။ သို့မဟုတ် ခံစားမှု၏ ဘ၀သစ်လား။ ကျွန်တော်၏ခံစားမှုများ ဘ၀ကူးကောင်းခဲ့ကြသည်။ လင်္ကာတွေဖြစ်ခဲ့ကြသည်။ စေညွှန်ရာ လွှင့်ခဲ့ကြသည်။ ဦးတည်ရာ သို့ရောက်ခဲ့ကြသည်။ ထိုအတိုင်းအမှန်ပင်ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။
သူမ၏မျက်နှာတွင် ကြည်နူးပျော်ရွှင်ကျေနပ်မှုအပြည့်ဖြင့် အပြုံပန်းများပွင့်လျက် ရှိသည်။ ကျွန်တော် သူမကို ချစ်ကြောင်း မည်သူအားမျှ လိုက်ရှင်းပြနေစရာမလိုပါ။ သူမအားလည်း ရှင်းပြစရာလိုမည် မထင်ပါ။ သူမကို ကျွန်တော် ချစ်ကြောင်းပြောသမျှ သူမကြားပြီးဖြစ်သည်။ ကျွန်တော့်နှုတ်များသည် သူမနှင့်တွေ့တိုင်း ဆွံ့အလျက်ရှိသော်လည်း သူမ ကြားနိုင်အောင် ကျွန်တော်ကြိုးစားပြီး ဖြစ်သည်။
ကျွန်တော်သူမထံမှ အဖြေမတောင်းချင်ပါ။ အရှုံးအနိုင်သိပြီးသား ဘောလုံးပွဲသည် စိတ်လှုပ်ရှားစရာ သိပ်မကောင်းပါ။ လုပ်ပုံလုပ်နည်းအဖြေကို သိပြီးသား မျက်လှည့်ပြကွက်သည် အံ့သြစရာမရှိပါ။ ယခု ကျွန်တော့်တွင် စိတ်လှုပ်ရှားစရာ၊ အံ့သြစရာများ တပုံတပင်ရှိနေသည်။ အချစ်သည် မျက်လှည့်ပြကွက်တစ်ခုနှင့်တူသည် မတူသည်၊ ဘောလုံးပွဲတစ်ပွဲနှင့် တူသည်မတူကို ကျွန်တော် အသေအချာ မသိပါ။
အဖြေတောင်းခြင်းသည် တစ်ဘက်သက်ချစ်ခြင်း၏ အဆုံးသတ်ဖြစ်မည်ဟု ထင်မိသည်။ သဘောမှာ မင်းပြန်မချစ်ရင် ငါလဲ အသစ်ရှာစရာရှိတာရှာရဦးမယ်။ အဲသည်တော့ မင်းဘယ်လိုလဲ ဆိုသည့်သဘောပင်။ ကျွန်တော်ကိုယ်တိုင် ထိုသို့ဇာတ်လမ်းများကို အဆုံးသတ်ခဲ့ဖူးသည်။ အလွမ်းဇာတ်ရေးနိုင်ရန် အဖြေတောင်းခဲ့ဖူးသည်။ အမုန်းကို မျှော်လင့်ခဲ့သည်။ မှန်းချက်နှင့်နှမ်းထွက်မကိုက်သောအခါ အီလည်စွာဖြင့် ဘီလူးဇာတ်ခင်းခဲ့ရသည်။ ကျွန်တော်ထိုသို့ ထပ်ဖြစ်မည်ကို စိုးရိမ်သည်။ သူမကို ကျွန်တော် အဖြေမတောင်းသ၍ သူမ၏သဘောထားအမှန်ကို သူမကိုယ်တိုင်ဖွင့်မပြောသ၍ အရာရာအားလုံးသည် စိတ်လှုပ်ရှားစရာ ဖြစ်သည်။ မည်သည့်အရာမှ အီလည်စရာ အကြောင်းမရှိ။ (ထိုအယူအဆသည်လည်း မှားခဲ့ကြောင်း နောင်တွင် သိခဲ့ရသည်။)
သူမက လှိုက်လှိုက်လှဲလှဲ ပြုံးပြသောအခါ ကျွန်တော်၏အချစ်ကို သူမအသိအမှတ်ပြုသည်ဟု တွေးပျော်ရပြီး၊ သူမ တွေ့လျက်နှင့် မမြင်ချင်ယောင်ဆောင် လွှဲသွားသောအခါ ကျွန်တော့်အား သူမအထင်သေးသွားပြီဟု ယူဆမိပြီး ၀မ်းနည်းရသည်။ မခန့်မှန်းနိုင်သော စိတ်လှုပ်ရှားမှုပေါင်းများစွာ တပုံတပင်ရှိသည်။`
ဆက်မည်။
Comment #3
အင်း …နှလုံးသားတွေကအငြိမ်မနေတော့ ..အင်းပေါ့ ။အကြံမပေးတတ်တော့ …ကိုရီးယားကားလိုမျှော် ပေါ့ ..ဟုတ်ဖူးလား..စောင့် ပါ့ မယ်..
Comment #1
စောင့်ဖတ်နေတယ်နော်….. (: