ပိုးဖလံရဲ့ ငိုချင်း
သူ …
အေးစက်စိုထိုင်းတဲ့ အခန်းကထွက်တော့ ညဟာ
မိုးတိမ်မဲမဲအောက်မှာ ပျင်းရိလေးတွဲစွာနဲ့ တိတ်တဆိတ် ငိုက်မျဉ်းလို့ ..
ပါးလျားတဲ့ လမ်းမီးတိုင်ကြောင့်
လမ်းမမှားပေမယ့် အမှောင်ထဲပဲရောက်သွားတယ် ..
ဟော . . .
တိတ်ဆိတ်ခြင်းကို ဖေါက်ထွက်လာတဲ့ အသံတွေ
အသံလာရာကို မှန်းမျှော်ကြည့် (မလုံမလဲစိတ်နဲ့) ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်
အမယ်အိုရဲ့ တဲပျက်ထဲ ၀င်လိုက်တယ် .
စကားပြောသံတွေ . အော်ဟစ်ရယ်မောသံတွေ . လက်ခုပ်သံတွေ က သူ့ကို အံ့သြမှင်သက်စေတယ် ..
ကိုယ်လိုသူလိုကြားထဲ အတင်းတိုးဝင်
ပျော်စရာတွေ့လိုတွေ့ငြားပေါ့ ..
သူတို့ စုဝေးရာ ဗဟိုချက်ကို အကြည့်တစ်ချက်ရောက်တယ် ..
အား ..ပါး …(တကယ်တော့ အံ့သြစိတ်နဲ့ ပါးစပ်မှ ဘာအသံမှ မထွက်ခဲ့ပါ)
လှရက်တဲ့ နတ်သမီးရယ် …
ပျော့ပြောင်းနွဲ့နှောင်းလွန်းတဲ့ နီဝါခရမ်းသုံးရောင်စပ် ၀တ်ရုံနဲ့
လွတ်လပ်ပေါ့ပါးစွာ ဘယ်ညာယိမ်းထိုး က နေလေရဲ့
နတ်သမီးရဲ့ လက်ဖျားလေး တစ်ချက်လှုပ်ခါတိုင်း သူတို့ရဲ့ ခေါင်းတွေ လိုက်ပါလို့ …
နတ်သမီးရဲ့ ညှို့ချက်ပြင်းတဲ့ မျက်ဝန်းနဲ့ဆုံလိုက်တိုင်း
သူတို့ရင်တွေ အတိုင်းမသိ တုန်ခါနေတယ်
အသိစိတ်တွေေ၀၀ါးကုန်တယ်
သူကိုယ်တိုင်တောင် သတိထားမိတဲ့အချိန်မှာ
နတ်သမီးရဲ့ အနားကိုရောက်ဖို့ သူ ချဉ်းကပ်နေပြီလေ …
နတ်သမီးကလဲ စွဲမက်ဖွယ် ကကြိုးတွေဖန်ဆင်းရင်းနဲ့
သူ့ကို ကမ်းလင့်တဲ့အကြည့်နဲ့ ကြည့်တယ် (လို့ သူထင်တယ်)
ပြင်းထန်လွန်းတဲ့ ရင်ခုန်နှုန်းကြောင့် ပြာဝေနေတဲ့ မြင်ကွင်းမှာ
နတ်သမီးနဲ့သူ တော်တော်လေး နီးကပ်နေတာကို သတိထားမိတယ်
နောက်ဆုံး …
နတ်သမီးရဲ့ ရင်ခွင်ထဲ အပြေးတိုးဝင်…
အား . . . .
မခံမရပ်နိုင်တဲ့ အပူဒဏ်ကြောင့် သူလန့်အော်မိတယ်
နောက်ပြီး သူ့ကိုယ် တခြမ်း လှုပ်မရတဲ့ အခြေအနေကို တုန်လှုပ်စွာ သိလိုက်တယ်
ကပွဲရဲ့ ဆူညံနေတဲ့ ရယ်မောလက်ခုပ်သံတွေကြားက ချိုလွင်တဲ့ အသံ .
” သူ့ရင်ခွင်က ကြိုဆိုပါတယ်တဲ့ . ပူလောင်နာကျင်မှုကို သီးခံပါတဲ့ .. မငိုနဲ့တဲ့ . .ငိုခြင်းဟာ ပျက်စီးခြင်းရဲ့ အစ တဲ့လေ”
သေလုမတတ် နာကျင်မှုကြားက သူ တစ်စုံတစ်ခုကို သတိရတယ်
လှုပ်မရတဲ့ သူ့ ကိုယ်တစ်ခြမ်းကို ပြန်ကြည့်တယ်
ပြီးတော့ ရှိုက်ကြီးတငင် ငိုချလိုက်တယ်
နောက် ..
နတ်သမီးရဲ့ မျက်နှာကို နှမြောတသစွာ မော့ကြည့်တယ်
တားဆီးမရတဲ့ မျက်ရည်ကြားမှာ နတ်သမီးက သူ့ကိုကြည့်ပြီး ရယ်နေတယ်လို့ မြင်ရတယ်
စကားပြောဖို့ ကြိုးစားတယ် .
သူ့ရဲ့ ပင်ပန်းကြီးစွာ အားထုတ်မှုက သူ့နှုတ်ခမ်းကို တဆက်ဆက် လှုပ်ခါရုံလောက်ပဲ တတ်နိုင်တယ်
နောက်ဆုံးတော့ ..
မပီဝိုးဝါး အသံသဲ့သဲ့လောက်နဲ့ပဲ သူ ငြိမ်သက်ခဲ့ …
နတ်သမီးကတော့
သူ့ကို သတိမထားနိုင်တော့ပါဘူး နောက်လာမယ့် သားကောင်အတွက် ကျော့်ကွင်းကို ဆင်နေလေရဲ့
သူကလဲ
နတ်သမီးရဲ့မငိုဘဲ ကျတဲ့
မျက်ရည်ကြားထဲမှ နစ်မြှုပ်ရင်း
နတ်သမီးရဲ့ စက္ကန့်မလပ် ယိုယွင်းပျက်စီးမှုကို သက်သာလိုသက်သာငြား
သူ့ခနဓာကိုယ်ကို နတ်သမီးအတွက် စတေးရင်း
တဖြေးဖြေး ပျောက်ဆုံး . . .
Comment #1
ဒီဝတ္ထုကိုကြိုက်လို့ သုံးခေါက်လောက်ပြန်ဖတ်မိတယ်.. ဖတ်ရင်းနဲ့ကြောက်လာတာက
ပိုးဖလံဘဝမျိုးရောက်မှာကိုပေါ့…. နောက်ပြီး ကျော့ကွင်းဆင်တက်တဲ့ နတ်သားမျိုးနဲ့လဲ
မတွေ့ချင်ဘူး..
ဘာပဲပြောပြောအားပေးသွားပါတယ်..အကြိမ်ကြိမ်ပေါ့.. 🙂