မျက်နှာဖုံး
မျက်နှာဖုံး
စာအုပ်တစ်အုပ်ဖတ်ရင်း သူရဲကောင်းမျက်နှာဖုံးတစ်ခု ကောက်ရတယ်။
ဘယ်သူမှမသိအောင် တိတ်တိတ်လေး မျက်နှာမှာ တပ်ထားလိုက်တယ်။
အဲဒီနောက် ဝင့်ကြွားစွာနဲ့ အောင်မြင်ခြင်းဟာ လက်တစ်ကမ်းမှာကွ.. ဆိုပြီးကြွေးကြော်လို့…။
………………………..
…………………………
လူတွေက ချီးမွမ်းကြတယ်။ မှတ်ချက်ပေးကြတယ်။
လောကကြီးထဲ သူရဲကောင်းတစ်ယောက် ပေါ်ထွန်းလာပြီ…တဲ့။
အဲဒီတော့ သူရဲကောင်းမျက်နှာဖုံးအောက်မှာ ပီတိနဲ့ အပြုံးတွေ ဝေဆာလို့…။
…………………………
…………………………..
တကယ်တော့ မျက်နှာဖုံးဟာ မျက်နှာဖုံးပဲ…။
ဘယ်လို စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေ ပါလာနိုင်မလဲ…။
အဲဒီတော့ ကွဲမယ့် အရှက်အိုးတွေကို တွက်ဆသိမြင်လာတယ်..။ မဝေးတော့ဘူး။
….ဒါပေမဲ့ လူတွေရဲ့ ချီးမွမ်းသံတွေကို မစွန့်လွှတ်ရက်ဘူး။
ဒီကစပြီး စိတ်ကနှစ်ခြမ်းကွဲ…ငါက မျက်နှာဖုံးကို တိုက်ခိုက်လိုက်…ကြိုဆိုလိုက်…။
………………………..
…………………………
တခါတော့…မျက်နှာဖုံးကို ခွာချပြီး၊ ဇာတ်ခုံပေါ်တက်ခဲ့တယ်။
လူတွေက လာပြောတယ်…ဒီလို ဟန်ဆောင်ဇာတ်မျိုးမကပါနဲ့တဲ့…။
မျက်နှာအစစ်ကို ဟန်ဆောင်ခြင်းအဖြစ် သူတို့သတ်မှတ်တတ်ကြတယ်လေ…။
ဒါနဲ့ပဲ…မျက်နှာဖုံးကိုတပ် ပြန်ပြုံးပြလိုက်တယ်။
………………………..
………………………..
ကိုယ်မဟုတ်တဲ့ ဘဝမှာ အကြာကြီး ကျင်လည်နေတော့ မျက်နှာတွေလည်း အိုက်ရပြီပေါ့…။
ဆုံးဖြတ်လိုက်တယ်…နှစ်ခြမ်းကွဲနေတဲ့ စိတ်ကို တလုံးတည်းဖြစ်အောင် ငြိမ်းချမ်းရေးယူဖို့…။
ဒီတော့ ပျောက်ဆုံးသိမ်ငယ်နေတဲ့ ငါ ကို ရှာဖွေတယ်။
တကယ်ပါ….
ငါနဲ့တူအောင်
ငါပြန်ကရတာ
မလွယ်လှဘူး…။
…………………………..
…………………………
မလွယ်ဘူးဆိုပေမဲ့…မဖြစ်နိုင်တာမဟုတ်ဘူးလေ…။
ဒီလို ငါ့မျက်နှာနဲ့ ငါ အေးအေးနေရင်း…
လမ်းအချိုးတစ်ခုမှာ…မျက်နှာဖုံးကုန်သည်တစ်ယောက်ကို တွေ့ပါလေရော…။
သူက ပြောတယ်…တစ်ခုလောက်အားပေးပါဦးလား..တဲ့။ ဒါပဲလားဆိုတော့…မဟုတ်သေးဘူး…
ပတ်ဝန်းကျင်တစ်ခုလုံးက လူတွေကို လက်ညှိုးထိုးပြပြီး….ဒီလူတွေ အားလုံး ငါ့ဆီက တစ်ခုတော့ အနည်းဆုံးအားပေကြပြီးပြီကွ.. တဲ့။
..အဲ…ဟိုမှာကြည့်…အဲဒီလူ မနေ့က ငါဆီက အားငယ်ခြင်း မျက်နှာဖုံတစ်ခု အားပေးသွားတာ…။
(ဟုတ်တယ်…တွေ့လိုက်တယ်…အဲဒီလူက အားငယ်ခြင်းမျက်နှာဖုံးနဲ့ လူတွေရဲ့ သနားခြင်းကို သဲ့ယူနေတယ်။)
မျက်နှာဖုံးကုန်သည်က နောက်တစ်ယောက်ကို လက်ညှိုးညွှန်ပြီး…အဲဒီလူကြတော့ စေတနာ မျက်နှာဖုံး…တဲ့။
(ဟုတ်သားပဲ…မသထာတဲ့ မျက်လုံးရှင်က စေတနာအပြုံးတွေနဲ့။)
အတွေးတွေ ဆူပြီး ဝေတက်လာတယ်။ ငါ သူရဲကောင်းမျက်နှာဖုံးနဲ့တုန်းက…လူတွေချီးမွမ်းခဲ့တာရော….?….ဂုဏ်ယူတဲ့ မျက်နှာဖုံးတွေတပ်ပြီး
ခိုင်းကောင်းအောင် ကျောသပ်ခဲ့ကြတာလား…?
ရုတ်တရက်…လူတိုင်းအဝတ်အစားရှိတဲ့အချိန် ဝစ်လစ်စလစ်ဖြစ်နေသူလိုပဲ…မျက်နှာဖုံးမပါတဲ့ မျက်နှာဗလာကို ရှက်ရမလိုလို ဖြစ်လာတယ်။
ဒီတွေဝေစိတ်တွေ ရှက်ရွံ့စိတ်တွေနဲ့ပဲ ပြေးမိပြေးရာကို ပြေးထွက်ခဲ့မိတယ်။
…………………………………
…………………………………
ပြေးရင်းနဲ့ ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးတစ်ယောက်ကိုတွေ့တယ်။ သူကပြုံးပြတယ်။
ပြီးတော့မေးတယ်…ဘာတွေဖြစ်လို့ ဒီလောက် လောကြီးနေရလဲတဲ့…
ကျွန်တော်ပြန်မဖြေဘူး…သူ့မျက်နှာကိုပဲကြည့်နေမိတယ်…ပြီးတော့ ..သူ့မျက်လုံးတွေ…။
သူ့အပြုံးနဲ့ သူမျက်လုံးတွေက အံကိုက်ပဲဗျ။…ဒါပေမဲ့ ဘယ်ပြောလို့ရမလဲ…မျက်လုံးတွေပါ မျက်နှာဖုံးတပ်ထားလားမှ မသိတာ။
သူက တော့ အေးအေးဆေးဆေးပဲ…။…တဖြည်းဖြည်းနဲ့ သူ့အပေါ်မယုံကြည်စိတ်တွေ ပျောက်သွားတယ်။ ယုံလာတယ်။
ဒါနဲ့ မျက်နှာဖုံးတွေအကြောင်းရှင်းပြလိုက်တယ်…။ ရှင်းပြလို့အပြီးလေးမှာပဲ…အရှေ့မှာလူတစ်ယောက်လမ်းလျှောက်ရင်း…ပိုက်ဆံတွေ
အထပ်လိုက်ပြုတ်ကျသွားတာကို ကျွန်တော်တို့နှစ်ယောက်လုံးမြင်လိုက်တယ်။…ကျွန်တော် ဝတ်ဖြူစင်ကြယ်နဲ့လူကြီးကို ကြည့်လိုက်တော့
သူ့မျက်လုံးမှာ လောဘတွေနဲ့…..မျက်နှာပေါ်မှာတော့ ဘာအရိပ်မှ မရှိဘူး….။ မနေနိုင်တော့တာနဲ့ ပြောပစ်လိုက်တယ်…။
လက်စသတ်တော့ ခင်ဗျားလည်း ဒီပုတ်ထဲက ဒီပဲ ပါပဲဗျာ…လို့။
……………………………
…………………………….
လူကြီးကအေးအေးဆေးဆေးပဲ…ပြုံးလိုက်ရင်းပြောတယ်…
ဪသာ်..ငါ့လူက ထိန်းချုပ်ခြင်းသဘောတရားကို ရှာမတွေ့သေးဘူးပဲ။ လူတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ
အမြဲတမ်း မျက်နှာပေါ်မှာဖေါ်ပြရရင်…မိတ်ဆွေတောင်ရှိနိုင်ကြမှာ မဟုတ်ဘူး။ သူ့နေရာနဲ့သူ သင့်တော်တဲ့ မျက်နှာပုံစံရှိတယ်ကွ။
မင်္ဂလာဆောင်သွားပြီး (ကိုယ်စိတ်မကြည်တိုင်း) မျက်နှာကြီးပုတ်ထားလို့မရဘူး…။ အဲဒီတော့ ကိုယ်က သိရမယ်။ ကိုယ့်စိတ်မကြည်ရင်တောင်ရှိသင့်တဲ့ အနေအထားရောက်နိုင်ဖို့…ကိုယ့်ကိုကိုယ် ထိန်းမတ်ပေးနိုင်ရမယ်ကွ။
အကယ်၍ လူတစ်ယောက်ကို မင်း မသထာရင်တောင် သထာသင့် စေတနာထားသင့်တဲ့ အနေအထားမှာရှိနေခဲ့ရင်…သထာပစ်လိုက်ရမှာပဲ…အဲဒီအချိန်မှာ မင်းမျက်လုံးတွေက သထာချင်မှ သထာဦးမှာပေါ့ကွာ…။
ဒါပေမဲ့ ဒီလိုတဖြည်းဖြည်းကျင့်ယူသွားရင်…နောက်ဆုံးမှာ တကယ်သထာသွားမှာပေါ့။
……………………..
………………………..
အတွေးလေးတစ်ခုတော့ ပွင့်သွားတယ်….
ဘဝဟာ မျက်နှာဖုံးနဲ့ လုံးလုံးကင်းလို့မရပါလား….
ထိန်းချုပ်ခြင်းမှာတောင် တခါတရံ မျက်နှာဖုံးရဲ့ အကူအညီယူရပါလား….လို့…။
သုည
Comment #1
ကောင်းတယ်ဗျ..အနှစ်ကျန်တယ်