ကျွန်တော်နှင် လူတစ်ယောက်
ကျွန်တော်ထိုသူကို တွေ့သည်နှင့် ယောက်ျားတစ်ယောက်မှန်း သိလိုက်သည်။ သို့ဆို၍ ထိုသူမှာ မိန်းမလို ဝတ်စားထားခြင်း ဖြစ်သည်ဟု မထင်စေလိုပါ။ ထို့အတူ ဘာမှ မဝတ်ဘဲ လမ်းလျှောက်ထွက်လာခြင်းလည်း မဟုတ်ပါ။ သူဖတ်နေသောစာအုပ် (ကာမသိဒ္ဒိကျမ်း)ကြောင့်လည်း မဟုတ်ပါ။ ဒီနေရာတွင် ထိုသူရှိနေခြင်းကြောင့်သာ ယောက်ျားတစ်ယောက်ဖြစ်မှန်း သိလိုက်ခြင်းပင်။
ဈေးယောက်ျားလေးအိမ်သာသည် နှာခေါင်းပေါက်ကို အတော်ထိုးစစ်ဆင်လျက်ရှိသည်။ ထို့ကြောင့်ပင် ထိုသူကို အံ့သြကမန်း ကျွန်တော်သတိထားမိခြင်းပင်။ ထိုသို့ပြော၍ ထိုသူ အနံ့ထိုင်`ရှုနေခြင်းတော့မဟုတ်ပါ။ ထိုသူုက စာအုပ်ထိုင်ဖတ်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်လည်း စိတ်မထိန်းနိုင်ပဲ မိန်းမတစ်ယောက်လို ပြုမူလိုက်သည်။ (တလွဲတော့ မတွေးစေလို၊ စပ်စုရန်ဖြစ်သည်)
မင်္ဂလာပါ…….မိတ်ဆွေ
ဒီထဲမှာ ရောက်နေမှတော့ ဘယ်လိုလုပ် မင်္ဂလာရှိမှာလဲ
အမ်
ကျွန်တော်ကြောင်သွားသည်။ ကြောင်တစ်ကောင်လိုတော့ လေးဖက်ထောက်မသွားသော်လည်း ကျွန်တော်ကြောင်သွားပါသည်။ ထိုသူကတော့ ဘေးဘက်တွင် ရိပ်သာအလား တိတ်ဆိတ်စွာ ထိုင်ဖတ်နေပြန်သည်။ ကျွန်တော်လည်း
ထီလက်မှတ်တစ်စောင် ထိုးကြည့်လိုက်သည်။
ခေါင်းလောင်းတီးချင်ပါသည်
သို့သော်ချုဖြစ်နေ၍ မတီးခဲ့ပါ
အကြောင်းမှာ ကျွန်တော်ပျင်း၍ ဖြစ်ပါသည်
ဟုတ်ကဲ့ ကျွန်တော့်နာမည် အောင်အောင်ပါ
ကျွန်တော် စာမေးပွဲအောင်သူတစ်ယောက်လိုပျော်သွားသည်။ ဒီလူဆန်းနှင့် မိတ်ဆွေဖြစ်သွားပြီဖြစ်၍ ကျွန်တော်သိချင်တာကို မေးရန် ဆုံးဖြတ်လိုက်သည်။
ခင်ဗျားဘာလို့ ဒီထဲမှာ စာထိုင်ဖတ်နေတာလဲ
ဈေးထဲမှာ အချိုဆုံးဈေး နဲ့ အကြာကြီးထိုင်ရတာ
ဒီနေရာပဲရှိတာကိုး
ထိုသူ စကားကြောင့် ထိုသူကို လေးစားသွားခြင်းမဟုတ်သော်လည်း ထိုသူပိုင်ပစ္စည်းများကတော့ အံသြမှင်သက်သွားစေနိုင်သည်။ ထိုသူ့ဘေးတွင် ထမင်းချိုင့် တစ်လုံး၊ ရေနွေးခရား ၊ ရေနွေးခွက် ၊ မဂ္ဂဇင်း နှင့် ဝတ္ထုစာအုပ်များက
ကျွန်တော့် စိတ်ကို သိမ်းပိုက်လိုက်ကြသည်။
ဒါနဲ့ ခင်ဗျားက ဘာအလုပ်လုပ်တာလဲ
ကျွန်တော့်အလုပ်က မနက်နေညနေထိ အိမ်သာတက်ဖို့ပဲ
ဗျာ ……..ဒါ……..ဒါ…………..ဒါအလုပ်
အင်းလေ…..ဒါကျွန်တော့် ကိုယ်ပိုင်အလုပ်ပဲ ဒီမှာစားမယ်။ စားပြီးပါမယ်။ ပျင်းရင်ဖတ်မယ် ။ရေဆာရင်ရေနွေးက အရန်သင့်ပဲ
အမ်…………..ဂလို………
ဟဲ …အံ့သြသွားလား………ဒီလိုဗျ….ဒီဈေးမှာ က ဟိုးတောင်ဘက်ဈေးထိပ်က အိမ်သာနဲ့
ဒီမြောက်ဘက်အိမ်သာနှစ်လုံးပဲရှိတာလေ……ကျွန်တော်တို့က ဈေးအိမ်သာလေလံဆွဲတာလေဗျာ..
ဟဲဒီမှာကအိမ်သာ နဲ့ ဟိုနေရာက ရှုးရှုးပေါက်တယ့်ဟာနှစ်ခု ရှိတာဆိုတော့…..ကျွန်တော်က အိမ်သာတက်နေရင်
တက်လို့မရတော့ဘူးပေါ့
ဗျာ…….အဲ……….အဲ…….အဲဒီတော့
အာ လွယ်လွယ်လေး အဲဒီတော့ ဟိုးဘက်က ကျွန်တော်တို့ အိမ်သာကို သွားရမှာပေါ့ဗျ
ကျွန်တော်လည်း စီးပွားရေးပညာရှင်ကြီးကို လေးစားလွန်းပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ သို့သော်နာရီသံ တစ်ချို့ကအိမ်သာ ပေါက်က မိန်းမ ကို သတိရစေသည်။
ဟုတ်ဗျာ…….ကဲနောက်မှ…..တွေ့တာပေါ့
ကျွန်တော်ပြန်တော့မယ်
ပြန်ချင်၍ မဟုတ်ပါ နံ၍
အကြောင်းမှာ ကျွန်တော်ပျင်းလို့ဖြစ်ပါသည်
ကျွန်တော်လည်း ဆက်ထိုင်ပါဦးမည်
ထိုင်ချင်၍မဟုတ်ပါ စီးပွားရှာနေ၍
အကြောင်းမှာ ကျွန်တော်ပျင်းလို့ဖြစ်ပါသည်
ကျွန်တော်အိမ်သာ ထဲမှထွက်ရန် ခြေလှမ်းများ နယ်မြေသစ်ရှာဖွေရန် ကြိုးစားနေစဉ် ထိုသူက ထပ်ပြောသည်။
ကျွန်တော်က မော်ဒန်ဘွိုင်းမဟုတ်ပါ
မော်ဒန်တော့ ကြိုက်ပါသည်
တာရာမင်းဝေလည်း ကြိုက်ပါသည်
မင်းခိုက်းစိုးစန်လည်း ကြိုက်ပါသည်
သို့သော် သူက သတိုးတေဇ ပြောင်းသွားသည်
ထို့ကြောင့်ကျွန်တော် မကြိုက်တော့ပါ
အကြောင်းမှာ ကျွန်တော်ပျင်းလို့ဖြစ်ပါသည်
ကျွန်တော့် မျက်နှာတွင် လျှို့ဝှက်သော အပြုံးတစ်လု လွတ်လပ် စွာ ထွက်ခွာသည်။ ကျွန်တော့်ခြေလှမ်းများ အိမ်သာထဲ တစ်ခါ ပြန်လှည့်သွားကြသည်
ကောင်းကင်ကြီးမှာ မျက်နှာမများသော်လည်း မျက်နှာမကောင်း ။ထို့ကြောင့် သူမ ငိုနေသည်။
မိုးတိတ်ရင်တော့ မြောက်ဘက်ဈေးအိမ်သာသို့ တစ်ခေါက်သွားရဦးမည်။ မိတ်ဆွေတစ်ယောက်ကို လက်ဖက်ရည်တိုက်ရန် ယခု
ကျွန်တော်စိတ်အားထက်သန်လျက်ရှိသည်။
ဆား