နှစ်ကူးဒိုင်ယာရီ
“မင်္ဂလာရှိသော သင်္ကြန်၊ အစဉ်အလာရှိသော သင်္ကြန်” ဟု သီချင်းများထဲတွင်ပါ တင်စားရသော မြန်မာနှစ်သစ်ကူး သင်္ကြန်ရက်များသည် ဘယ်သူကမှကျွန်မကိုရေမလောင်းပါဘဲ ကျွန်မကလည်း ဘယ်သူ့ကိုမှရေမလောင်းပါဘဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
နှစ်သစ်ကူးပြီ ဟုဆိုကြသော်လည်း နှစ်အဟောင်းထဲမှာ ကျွန်မတို့မပြောင်းလဲနိုင်တာတွေ အများကြီးကျန်ခဲ့သည်။ \”we can change\” I can change\” change….change…change…. တစ်ချိန်းချိန်းအော်မြည်နေသော ယနေ့ကမ္ဘာကြီးထဲတွင် ကျွန်မကိုယ်တိုင်ရောဘာတွေပြောင်းလဲနိုင်ခဲ့လဲ.. ကျွန်မကတော့ မနှစ်တုန်းကလို ကော်ဖီခါးခါးအရသာကြိုက်ဆဲ….ဘာစီလိုနာအသင်းကိုအားပေးဆဲ….မိုးတွေရွာလျှင်ဖြင့် တစ်ယောက်သောသူကို လွမ်းဆွတ်တမ်းတဆဲဖြစ်ပါသည်။
ဘ၀ဟာ ဘောလုံးပွဲတစ်ပွဲသာဆိုလျှင်တော့..ဒီနှစ်တစ်ရာသီလုံးမှာ ကိုယ်တိုင်ဂိုးရရှိရေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသလို…အလူးအလဲကာကွယ်ခဲ့ရသည်များလည်းရှိသည်။ တစ်သင်းလုံးမှာ ဂိုးသမားလည်း ကျွန်မ၊ နောက်တန်းလူလည်း ကျွန်မ၊ ရှေ့တန်းတိုက်စစ်မှူးကလည်း ကျွန်မပဲ ဖြစ်နေသောကြောင့် ပိုပင်ပန်းရသည်ဟုထင်မှတ်ရသော်လည်း ကျွန်မကိုယ်ကျွန်မတော့ ကျေနပ်ပါသည်။အနီကတ်ပြလျှင်လည်း ကွင်းပြင်ထွက်ပေးမည့်လူစားမျိုး မဟုတ်သောကြောင့် ဒိုင်လူကြီးလည်း မလိုအပ်ပါ။
စီးပွားရေးသမားတစ်ယောက် အနေနဲ့သာပြောရမည်ဆိုလျှင်တော့ ”ဒီနှစ်သိပ်မမြတ်လှပါဘူး”ဟု ပြောလျှင်ရနိုင်ပါသည်။ ဘယ်တော့မှဈေးမတက်လာနိုင်မှန်းသိလျက်နှင့် တစ်နှစ်ထက်တစ်နှစ်တိုးလို့ သိုလှောင်ထားသော အရာများရှိပါသည်။မျှော်လင့်ခြင်းများ နှစ်တွေကြာငြောင်းလာတဲ့အခါ အလွမ်းတွေတနင့်တပိုး ရင်နှင့်အမျှ သိမ်းဆည်းထားပါသည်။(ရောင်းရန်မဟုတ်ပါ)
ဒီတစ်နှစ်ရဲ့ထူးခြားချက်အနေနဲ့ကတော့ ကျွန်မတစ်ခါမှ အရောက်ဖူးသေးသော မြို့တော်ကြီးတစ်ခုသို့ ဧည့်သည်အဖြစ်ရောက်ရှိနေခဲ့ခြင်းပဲ ဖြစ်ပါသည်။ မြို့တော်ကြီးနှင့် ကျွန်မ အလွယ်တကူနေသားမကျသောအခါ လိုချင်တာမှန်သမျှ အကုန်ရနိုင်ပါသည် ဆိုသော မြို့တော်ကြီးတွင် ကျွန်မကပဲ မရနိုင်တာတွေကိုမှ လိုချင်နေမိသလားဟု အတွေးဝင်လာရပါသည်။ အားကစားဂျာနယ်များစွာ အလျင်မီစွာရရှိနိုင်သော်လည်း ဆရာမ ဂျူးရဲ့နောက်ဆုံးထွက် ဝတ္ထုကို အလျင်မီဖတ်ခွင့်မရသော မြို့ကြီးမှာ ကျွန်မ မပျော်နိုင်တာ အဆန်းတော့မဟုတ်ဘူးထင်ပါသည်။ မကြာသေးမီကမှ“ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ” ကိုတော့ စာဖတ်ဖော်ဝါသနာတူအစ်ကို တစ်ဦးအကူအညီဖြင့် ကျွန်မဖတ်ခွင့်ရခဲ့ပါသည်။
ဝါသနာတူသူချင်းမို့ တကယ့်မောင်နှမရင်းချာများသဖွယ် ခင်မင်ရင်းနှီးရသော အစ်ကိုတစ်ယောက်သည် မချစ်မနှစ်သက်သူနှင့် မလွှဲမရှောင်သာထမင်းအတူစားဖို့ ကြုံကြိုက်လာခြင်းဟာ ကံဆိုးမှုတစ်ခုပဲ ဟု ယူဆထားသူဖြစ်သည်။ ကျွန်မကတော့ ကံကောင်းလှစွာဖြင့် ဒီနှစ်ထဲတွင် ထိုကဲ့သို့မလွှဲမရှောင်သာကိစ္စမျိုး မကြုံကြိုက်ခဲ့ပါ။ သို့သော် ကံမကောင်းစွာဖြင့် ချစ်သောသူများနှင့် ထမင်းအတူစားခွင့်လည်း အင်မတန်နည်းပါးလှပြီး တစ်ယောက်တည်းစားဖြစ်ချိန်ကပိုများပါသည်။ ဆရာ တက္ကသိုလ်ဘုန်းနိုင် ဇတ်ကောင် မောင်ညိုမှိုင်း စကားနှင့်ပြောရလျှင်တော့ “ထမင်းစားတာ အပျော်စားတာမှမဟုတ်တာ”ဟုဖြေသိမ့်နိုင်စရာရှိပါသည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုတွေ အနေနဲ့ကတော့ ဒီနှစ်မှာ ကျွန်မမျက်မှန်ပါဝါများ သိသိသာသာ တိုးလာခြင်းပဲဖြစ်ပါသည်။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိရှိသမျှတို့ အစွမ်းကုန်ညှစ်ထုတ်အသုံးချခဲ့သော အရာကို performance ဟု သမုတ်လိုက်ကြသောအခါ တစ်နှစ်လုံးစာအတွက် လစာငွေများ နှစ်ကျပ် တစ်ပြားတိုးလာပါသည်။(ကုမ္ပဏီ ပိုင်ရှင်များ ကြီးပွားကြပါစေ။) တာဝန်ဝတ္တရားတို့အပြင် စေတနာတွေပေါင်းစပ်ရောမွှေပေးကြသူတွေကို ငွေကြေးလစာအပြင် မေတ္တာတရားနှင့် ကိုယ်ချင်းစာနာမှု တို့ကိုပါ bonus အဖြစ်ပေးလာခဲ့လျှင် ဒီကမ္ဘာမြေကြီး ဘယ်လောက်များ စိမ်းလန်းလိုက်လေမလဲ……။ကမ္ဘာကြီး ပူနွေးလာမှုကို ရပ်တန်းစေနိုင်သော အရာမှာ ကိုယ်ချင်းစာနာမှုဖြစ်သည်ကို သူတို့ မသိကြသေးတာလား? ကိုယ်ချင်းစာနာမှုသည် ဘ၀တူချင်းတွေမှာသာ ရှိရမည်ဟု ဘယ်သူများဟောကိန်းထုတ်ထားခဲ့လို့လဲ?
သို့သော်လည်း ကျွန်မတို့ တောသူတောင်သားများသာ နှစ်ခြိုက်မက်မောစွာ စားသုံးလေ့ရှိကြသော အင်မတန် ချိုစိမ့်နူးညံ့လှသည့် “မတ်ပဲမှို” လေးများမှာ မြေဆီမြေသား မတ်ပဲပင်အမှိုက်လေးများကြားမှာသာ ပေါက်ရောက်လေ့ရှိကြပြီး တိုက်ကြီးတာကြီး ကွန်ကရစ်အပြည့်ခင်းထားသော ခြံဝင်းကျယ်ကြီးများထဲတွင် ပေါက်လေ့မရှိတာကို ကျွန်မတို့နားလည်ပေးနိုင်ရပါလိမ့်မည်။
တစ်နှစ်ထက် တစ်နှစ် နားလည်ပေးရမည့်သူတွေ များများလာသောအခါ ကျွန်မကိုယ် ကျွန်မပင် နားမလည်နိုင်အောင်ဖြစ်လာရသည်။ကျွန်မကို နားလည်ပေးနိုင်မည့် စိတ်ကုဆရာဝန် တစ်ယောက်ယောက်နှင့် တွေ့ဖို့တော့ မလိုလောက်သေးဘူးဟုထင်ပါသည်။
ဆုံးဖြတ်ချက်ကြောင့် မှားယွင်းရမှာထက် တွေဝေမှုကြောင့် နောက်ကျရမှာကို ပိုမိုကြောက်ရွံ့မိသူတစ်ယောက်အဖို့ ဒီတစ်နှစ်မှာ အမှားတွေပိုများလာတာကလည်း နောင်တရစရာသိပ်မရှိလှပါဘူးလေ……။
နော်ဧရာဝတီ
Comment #1
ကောင်းတယ်……၀တ္ထုလေးက
တွေးစရာလေးတွေပါတယ်….။
အားပေးနေပါတယ်…။ ။