Professional Authors

အဖြူရောင်ငတ်မွတ်နေတဲ့ သီချင်း

အဖြူရောင်ငတ်မွတ်နေတဲ့ သီချင်း

 

 

 

                    မရေမရာေ၀၀ါးမှု အဆင်တန်ဆာဖြင့် အဖြူရောင်သည် သူ၏ ပတ်ပတ်လည်တွင် တေးဆိုနေသည်။ အေးစိမ့်မှု၏ သမာဓိအား ကောင်းစွာ ထိုးခွဲမှုက သူ၏ခန္ဒာကိုယ်ကိုေ၇ခဲတုံးတစ်တုံးလို အေးစက်နေစေသည်.။ သူ၏ ကိုယ်ပေါ်မှ အ၀တ်အစားများမှာ မိုးစို ခြင်း ရေစိုခြင်းမရှိပါဘဲ စွတ်စိုနေသည်။ သူပျော်ပါသည်။ ဤတောင်တန်းကြီးပေါ်မှာ ရပ်နေရသည်ကို သူပျော်ပါသည်။ တောင်အောက် တွင် ဘာရှိသလဲ သူမသိပါ။ သူ မမြင်ရပါ။ အဖြူရောင်တို့ အင်အားကြီးမားစွာ ကခုန်နေခြင်းကြောင့် တောင်အောက်မှ အရာဝတ္ထုများကို သူ မမြင်ရပါ။ သူက ဒါကိုပဲ ကျေနပ် နေခဲ့သည်။ သူ့ ဘ၀၏ အလိုချင်ဆုံး ဆန္ဒသည် အဖြူရောင်ကို ဒီလို အင်အားကြီးမားစွာ မြင်တွေ့ရဖို့ ပဲ ဖြစ်သည်။

                  ခပ်ကြောင်ကြောင် ဇာတ်ဆရာတစ်ယောက်ရေးသော ပြဇာတ်တစ်ပုဒ်လို ၊ တည်းဖြတ် ညံ့ဖျင်းသော ရုပ်ရှင်ကား တစ်ကားလို ၊ သူ၏ သေဆုံးသွားသော အတိတ်သည် ဘယ်လိုမှ ရင်ခုန်ကြည်နူးစရာမကောင်းခဲ့။ သူများတွေထက် နောက်ကျမှ စကားပြောတတ်ခဲ့သော ၊ ခုန်ပေါက်က စားခြင်းကို မခုံမင်သော ကလေးငယ်တစ်ယောက်၏ ဘ၀သည် ပျော်ရွှင်မှုနှင့် အနေစိမ်းခဲ့သည် ။ ဆောင်းနံနက်ခင်းတိုင်း  အိမ်ရှေ့ မြက်ခင်းပြင်တွင် နေပူ ဆာလာလှုံသော ငှက်ကလေးများသည် သူ့ ဘ၀၏ ပထမဆုံးသူငယ်ချင်းများဖြစ်သည်။ အိမ်ထောင့်က ပိတောက်ပင်ကြီးနှင့် လသာသော ညများတွင် ဒန်လေးစင်ဘေးမှာ အိပ်ပျော်နေတတ်သော နှင်းဆီပင်လေးတို့ သည် သူ၏ ချစ်သူများ ဖြစ်သည်။

                   သူ ပထမဆုံး မုန်းတီးမိခဲ့သော ဆောင်းနံနက်ခင်းကို သူငယ်တန်းစတက်ရသော နေ့ တွင် အကျည်းတန်စွာ မြင်တွေ့ လိုက်ရသည်။ အမြင်အာရုံသည် ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်ကို ပိုပြီး ဖြစ်ပေါ်စေခဲ့သည်။ အဲဒီ ဆောင်းနံနက်ခင်းမှာပဲ သူ၏ မကောင်းသော အကျင့်တို့ မွေးဖွားခဲ့ သည်။ အဲဒီနံနက်ခင်း၏ ညနေမှာပဲ သူ၏ ပထမဆုံး လူဆိုးဘွဲ့ ကို ရရှိခဲ့သည်။ မျှောင်လင့်ချက်များစွာဖြင့် ထုတ်ပိုးထားသော ကလေးငယ်တစ်ယောက်  (သို့ ) လူတစ်ယောက်၏ နှလုံးသားနှင့် မျက်လုံးတို့ သည် လေတစ်ချက် အဝှေ့မှာ မီးတောက်ပြာကျ အမှောင်ထဲသို့  နစ်ဝင်သွားခဲ့သည်။ အဲဒီနေ့ က နှင်းဖွဲတို့  ဆွတ်ဆွတ်ဖြူလျက်။

                    သူ ကျောင်းသို့  သွားသောလမ်း၏ တ၀က်ခန့်လောက်တွင် ရေကန်ကြီးတစ်ကန်ရှိသည်။ ရေကန်ကြီးသည် သုံး ရာသီလုံး အလှမပျက်  ညှို့ အားကောင်းသော ရုပ်ရှင်မင်းသမီးနှင့် တူသည် ဟု သူထင်သည်။ ရေကန်ကြီး၏ တိုးညှင်းလှသော လှိုင်း ပုတ်သံများသည် သူ့ ကို ခေါင်းလောင်းသံနှင့် ဝေးရာသို့  ဆွဲခေါ်သွားခဲ့သည်။ သူ ပျော်ပါသည် ။ ထို လှိုင်းပုတ်သံလေးများကို သူ ချစ်သည်။ အတန်းပိုင်ဆရာမ၏ ကြိမ်ဒဏ်နှင့် ဖေဖေ၏ ၀ါးခြမ်းပြား ဒဏ်တို့ သည် ထိုချစ်ခြင်း၏ အကျိုးဆက်ဖြစ်ခဲ့သည် ။ ဒါပေမယ့် သူ ကျေနပ်သည် ။ စိတ်ပျော်ရွှင် ကျေနပ်မှု တစ်ခုအတွက် နာကျင်မှုကို စတင်ခံစားခဲ့ရသော ထိုအချိန်များသည် သူ့ အတွက် ရနံ့သစ် နှင့် ခံစားမှုအသစ်တို့ ကို စတင်ပေးအပ်ခဲ့သော အချိန်များ ဖြစ်ခဲ့သည် ။

                     လေအဝှေ့တွင် အဖြူရောင်တို့ ယိမ်းနွဲ့သွားသည်။ အေးစိမ့်မှုတို့  လွန်ကဲလာသည်။ တစ်ယောက်တည်းတိတ်ဆိတ်စွာနေတတ်သော သူ့ ထံသို့  ချဉ်းကပ်လာသော အရာမှာ စာအုပ်များဖြစ်သည်.။ ခေါင်းစဉ်မရွေး သော စာအုပ်များဖြစ်သည်။ စာအုပ်များကြောင့် စာသင်ခန်းထဲတွင် ဆရာကို ဘေးကျပ်နံကျပ် ဖြစ်စေသော မေးခွန်းများမေးတတ်သည့်  ကျောင်းသားဆိုးလေးဖြစ်ခဲ့သည်။ စာအုပ်များကြောင့် ဖေဖေ၏ ချစ်ခင်မှုနှင့် ဝေးကွာခဲ့ရသည်။ စာအုပ်များကြောင့် သူ ပိုပြီး တိတ်ဆိတ်လာသည်။ စာအုပ်များကြောင့် ကဗျာမှော်ပူးဝင်ခြင်းခံခဲ့ရသည်။ တိမ်စတို့  အနှောင်အဖွဲ့ ကင်းစွာ ကြွေကျကြသည်။ အိမ်ရာမဲ့ ဂျစ်ပစီတစ်ယောက် လောကအတွင်းသို့  ၀င်ရောက်လာသည်။ အကြောင်းသိသော စိန်ားကပ်များ၊ ရွှေဆွဲကြိုး များ ၊ ရွှေလက်ကောက်များ ၊ ဘွဲ့တံဆိပ်လက်မှတ်များနှင့် မော်ကြွားသောဦးခေါင်းတို့  သည်  သူ့ ကို မြင်သိနှင့် မျက်နှာလွှဲကြသည်။ နှာခေါင်းရှုံ ကြသည်။ ခွေးသေကောင်၏ ရနံ့ပါသော ကာဗွန်ဒိုင်အောက်ဆိုဒ်များထုတ်လွှတ်ကြသည် ။ သူ၏ ပတ်ဝန်းကျင်တွင် သက်တံတို့  အရည်ပျော်ကျနေခဲ့သည်ရောင်စဉ်အသစ်အဆန်းများ လမ်းလျှောက်ထွက်နေကြသည်။

                 သူ အိမ်ကို ကျောခိုင်းခဲ့သောနေ့ က မေမေ၏ ရှိုက်သံကို ခြေလှမ်းငါးဆယ်အထိ ကြားနေရသည်။ သူတို့ ရပ်ကွက် လမ်းလေးသည် ပိုပြီး ကြမ်းတမ်းနေသည်။ လမ်းထိပ်က အုတ်ခုံလေးသည် ထိုင်းမှိုင်းစွာလဲလျောင်းနေသည်။ သူ ရူးသွပ်စွာ တန်ဖိုးထားခဲ့သော အနုပညာအတွက် သူမပိုင်ဆိုင်ခဲ့သော တန်ဖိုးကြီး ဒြပ်ဝတ္ထုများနှင့်  သူ ပိုင်ဆိုင်ခဲ့သော  သူတစ်ယောက်တည်း အတွက်သာ အဖိုးတန်နေသော ဒြပ်မဲ့အနည်းအကျဉ်း တို့ကို စွန့်လွှတ်ခဲ့ရသည်။ သူ မမှားယွင်းပါ ဟု ဘယ်သူ့ ကိုမှ မပြောချင်ပါ။ ဘာကြောင့် မမှားယွင်းသလဲဆိုလည်း ဘယ်သူ့ ကိုမှ ရှင်းမပြချင်ပါ။ လူငယ်တစ်ယောက်၏ သွေးကြွစွန့်စားမှုများသည် အသပြာနှင့် ၀ယ်လို့မရသောအတွေ့အကြုံ ခပ်ကြမ်းကြမ်းများသာ ဖြစ်ခဲ့သည်။

                  အဝေးပြေး ကားလမ်းမကြီးဘေးက လက်ဖက်ရည်ဆိုင်မှာ မိုးလင်းကနေ ညနက်အထိ ထိုင်ပြီး ကောင်းကင်ကို ခေါင်းနှင့် ဆောင့်နေမိသော နေ့များ..။ သားနားသော အုတ်ဂူတစ်ဂူပေါ်မှာ   ပက်လက်လှန်ရင်းလရောင်တစ်ကျိုက်သောက်လိုက်.. ကြယ်တစ်ပွင့် ကောက်ဝါးလိုက်… နဂါးငွေ့တန်းတို့ နှင့် ရန်ဖြစ်ဆဲဆို ခဲ့သော ညများ..။ အလုပ်ပါးသော အပျက်မ တစ်ယောက် ၏ ချစ်ခင် ယုယမှုကို ခံပြီး ဆာလောင်မှုတွေကို ဖြေသိမ့်ခဲ့ရသော နှစ်များ..။ အချိန်သည် နာရီ ဒိုင်ခွက် တစ်ခုထက် ပိုလွန်ခဲ့ကြောင်း ..။ ဖြစ်ခြင်းပျက်ဖြင်းသည် စက္ကန့်ပိုင်းရုပ်၇ှင်ပြကွက်များသာ ဖြစ်ကြောင်း၊ နှေးကွေးခြင်း မြန်ဆန်ခြင်းသည် ကိုယ်စီဝတ်စုံ ဖြင့် ပွဲတက်လေ့ ရှိကြောင်း..။ နှစ်ကာလများသည် အဖြူရောင်မပါသော ရောင်စုံဖျော်ရည်တစ်ခွက်သာ ဖြစ်ခဲ့သည်။

                     ဖွံ့ ဖြိုးရန်အဆင်သင့်  မဖြစ်သေးသော သစ်ပင်ငယ် ၏ ပထမဆုံး သစ်ခက်လေးသည် အဆီပြန်သွားဖြဲ မျက်နှာနှင့် ရှေ့ကိုတစ်တောင်လောက် ဆူထွက်နေသော .. မျက်လုံးထဲတွင် အသပြာရောင် တလက်လက်တောက်ပနေသော အတ္တမီးတောက်များ၏ စေစားမှုဖြင့် သေဆုံးပြာကျခဲ့သည်။ နေထွက်နောက်ကျသော နံနက်ခင်းများ များပြားလာသောအခါ သူ၏ စိတ်သည် သွေးဆာနေသော သတ္တ၀ါ တစ်ကောင်လို ကြမ်းတမ်းလာခဲ့သည်။ နွေရက်များကို ထားခဲ့ပါတော့။ အလည်လွန်နေသော တိမ်တစ်အုပ် အတွက် သူ ဘယ်သူ့ ကိုမှ အပြစ်မဆိုချင်တော့ပါ။ချုပ်ရိုး အထပ်ထပ်နှင့် တွန့်ကြေနေသော သူ၏ မနက်ဖြန်များ နှင့် ဝေးရာသို့  သူထွက်ပြေးခဲ့သည်။

                     အေးမြသော မိုးဖွဲ့လေးများကို သူ သောက်သုံးသည်။ နူးညံ့သော နေခြည်ထွေးတို့ကို သူ စားသုံးသည်။ အမှန်အမှားနှင့် ကျိုးကြောင်း ဆက်စပ်မှုများကို သူ အဆက်အသွယ် ဖြတ်ပစ်ခဲ့ပြီ။ အိမ်ပြေးသက် နှစ် ( ၃၀ ) တွင် တစ်ကြိမ်သာ မေမေ၏ အိမ်ရှေ့သို့  သူရောက်ခဲ့သည်။ မေမေအတွက် ပထမဆုံး အကြိမ် အလုပ်ကြမ်းလုပ်ရမှ ရသော ငွေဖြင့်အလျှုဒါန လုပ်ပေးခဲ့သည်။ နောက်ပိုင်း သူ မေမေ့ကို လွမ်းတိုင်း သူ၏ ချွေးမှထွက်သော ငွေတို့ ဖြင့် အလျှုလုပ်ပေးခဲ့သည်။

                      အဖြူရောင်သည် အားနည်းလာသည်။ တောင်အောက်မှ အရာဝတ္ထုများကို ခပ်ရေးရေး လေး မြင်နေရသည် ။ ထိုအချိန်တွင် ခပ်ပြင်းပြင်းလေတစ်သုတ် သူ့ ကို တောင်အောက်သို့  ဆွဲခေါ်သွားသည်။

                      ကြည်စင်သော ကောင်းကင်ထက်မှ သစ္စာတစ်ပိုဒ် ကြွေကျလာသည်။

နှင်းဖွဲများဖြင့် ကျွန်ုပ်ကို ဖန်ဆင်းပေးတော်မူပါ..။

လောကအတွက် ဖြူစင်ခြင်းများ ကျွန်ုပ် ပြန်လည်ပေးအပ်ပါမည်။

တေးသီချင်းတစ်ပိုင်းတစ်စဖြင့် ကျွန်ုပ်ကို ဖန်ဆင်းပေးတော်မူပါ..။

လောကအတွက် သာယာခြင်းများ ကျွန်ုပ် ပြန်လည်ပေးအပ်ပါမည်..။

 နေခြည်နွေးများဖြာဆင်းတိုင်း

သင်၏ မိခင်ကို ဦးခိုက်ပါ။

ကျွန်ုပ်လည်း သင်နှင် ထပ်တူ ကျင့်ကြံပါမည်..။

နေခြည်နွေးများ ဖြာဆင်းတိုင်း

သင်၏ဖခင်ကို ဦးခိုက်ပါ..။

ကျွန်ုပ်လည်း သင်နှင့် ထပ်တူ ကျင့်ကြံပါမည်..။

ဥတုရာသီထံမှ တေးသံသာတစ်ပုဒ် ကျွန်ုပ် ကြားလိုသည်။

ကျွန်ုပ်သည် သင် ငြိမ်းချမ်းဖို့ ရာ

ဖြည့်ဆည်းပေးရန် အသင့် ဖြစ်နေပါပြီ..။

နှင်းဖွဲများဖြင့်သာ ကျွန်ုပ်ကို ဖန်ဆင်းပေးတော်မူပါ။

 

မိုးအိမ်လူ                        

In: ဝတ္ထု Posted By: Date: Jul 20, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 22, 2011
Comment #2

အားပေးသွားပါတယ်

commentinfo By: rabbitlayphyu at Aug 22, 2011
Comment #3

တစ်ခုလောက်မေးချင်ပါတယ် –
မဂ္ဂဇင်းတစ်ချို့မှာ တွေ့နေရတဲ့- အထူးသဖြင့် ( Icon ) မှာတွေ့နေရတဲ့
မိုးအိမ်လူ ဟုတ်ပါသလား –

ဖတ်လိုက်တာနဲ့အရည်အချင်းတစ်ခုရှိတဲ့
စာရေးသူတစ်ယောက်ဆိုတာ သိသာစေပါတယ် –

အားပေးလျှက်
ရွှေကိုယ်နတ်

commentinfo By: Connoisseur at Feb 2, 2012
Comment #4

ကိုမိုးအိမ်လူ…
ကြိုက်ခဲ့ဖူးတယ် ..
(…….စစ်ပွဲ)
ကြိုက်တယ်ဗျာ..
မိုးစွေ

commentinfo By: rocker at Feb 4, 2012
Comment #5

ကိုရွှေကိုယ်နတ် ပြောတာ မှန်ပါတယ်။
သူက မဂ္ဂဇင်းစာအုပ်တချို့ မှာ တွေ့ ရတတ်တဲ့ မိုးအိမ်လူ ပါ။
သူက အခု အွန်လိုင်းမတက်နိုင်သေးလို့ ညီမက အစားဖြေပေးတာပါ။
ကျေးဇူးပါနော်။

commentinfo By: San-D at Feb 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment