ခန်းစီးအောက်က လိုက်ကာ(၈)
ပန်းချီကားထဲမှာ
ရုပ်ပြပုံတွေနဲ့ စစ်ခင်းနေသူ
နေကြာပန်းတွေစိုက်ပျိုးဖို့
သူ့လက်ထဲ ဓားတစ်လက်ထည့်ပေးလိုက်ရဲ့
ဘယ်လောက်များစိတ်ဆိုးသွားမလဲ
(၆)
တွေးကြည့်ရင်တော့ အူကြောင်ကြောင်နိုင်သား။ လူလည်းမသိလို့မဟုတ်ဘူး… သိနေပြီ။ အခန်းလည်းသိပြီ။ ရပ်ကွက်တောင် တစ်ရပ်တည်း…အဲဒါကိုနာမည်က မသိဘူး။ မသိဘူးဆို မေးကြည့်လိုက်ရင်လည်းအလွယ်သားကို… မမေးရဘူးတယ့်။
အဲလောက်အူကြောင်ကြောင်နိုင်လှတယ့် ကောင်မလေးကို အောင်ကြူကြူ ကျွန်တော်ကလည်း စိတ်ဝင်စားပါသည်။
ဆား မင်းကတော့ ရူးပြီလားမသိဘူး
ကျော်ဇင်က တိုက်ထားသော လက်ဖက်ရည်မှ အားမနာ လျှာသွက်လှသည်။ အားမနာဆို လုပ်ထားတာကလည်း အားနာချင်စရာမကောင်း… ကိုယ့်ကိုကိုယ်လည်း ပြန်တွေးဖူးသည်… လူလည်းသိတယ်… နေရပ်လည်းသိတယ်… ပြီးတော့… ပြီးတော့…
နာမည် ဒီနာမည်မှ ကပ်ကျန်နေသည်… မမေးရဘူးတယ့်။ ခွေးများလိုဆိုရင်တော့ ကိန်တာပဲ… လူဆိုတော့ တိန်ပေါ့ဗျာ…
မင်း တို့ကလည်း ဒါက မော်ဒန်ခေတ်ရဲ့ အချစ်စစ်ကို ရှာဖွေခြင်းအစကွ
ဗက်စ်ကို ဒဗားမား တောင်သိရင် နယ်ချဲ့ ရင်ချဲ့နေဦးမှာ… မင်းတို့ပြောလည်းနားလည်မယ့်ကောင်တွေ
မဟုတ်ပါဘူးကွာ…
ေ—ာက္ရူး…
ရဲထက်နိုင်ရော ကျော်ဇင်ပါ မတိုင်ပင်ပဲ ပြိုင်တူ ချီးမွမ်းကြလေသည်။ ကျွန်တော်က တော့ ပြုံးပဲနေလိုက်သည်။
ကြယ်လေးရေ…
မင်းခင်းတယ့် နဂါးငွေ့တန်းတစ်လျှောက်
ငါစီးမျှော်မိလို့ တချို့က အရူးတယ့်…
တကယ်လို့ ဒါသာ တကယ်အရူးဆို ကိုယ်ဝန်ခံလိုက်ပါမယ်…
ကိုယ်လည်းရူးသွားပြီကွာ… ဒါပေမယ့် ကိုယ်က
အချစ်ရူးပါ ကြယ်လေးရေ…
ဟိုနှစ်ကောင် ကျွန်တော့်ကို ကြည့်ပြီး ကျွပ်တွေပင်သပ်ကုန်ကြသည်… ကျွန်တော်က မြည်တမ်းလက်စ ကဗျာတစ်ပုဒ်ကို အခဲမကျေစွာ ထပ်မံဝါးမျိုဖို့ အားယူလိုက်သည်။ ရှိသမျှ အားအင်တွေ ဆောင်ယူလိုက်သည်။ ခံစားချက်နှင့် ထွက်ပေါ်လာမည့် စာသားများသည် ငှက်ကလေးများ၏ တေးသွားထက် ပိုမို တန်ဖိုးရှိလိမ့်မည်ဟုထင်သည်… သို့သော်မွှေးရနံတွေ
ဆောင်ယူဖို့ လေအားကိုတော့ ယူလိုက်သည်…
ရှင်း… မယ်… ဟေ့
ကျက်သရေ တစ်စက်မှ မရှိသော ကာလနာ အသံကြီးက feel အောက်သွားစေသည်… လှပသော အချစ်ဓာတ်တို့ကို အငွေ့ပျံသွားစေသည်… ခံစားမှုတွေပင် ပြန်အိပ်ငိုက်သွားကြသည်။ အသံကြီးထွက်လာရာလမ်းက ဟို ကောင် ဂေါက်သီး။
ဟေ့ကောင်… မင်းတို့ကလည်းကွာ… ကဗျာရွတ်နေတာ ကောင်းခန်းရောက်မှ
ဟင်… မင်းက ကဗျာရွတ်နေတာ… သိပါဘူး… ရူးသွားပြီမှတ်လို့… ဆေးရုံပို့မလို့ ငါတို့က ငွေရှင်းဖို့ခေါ်တာ…
အပြင်းစားရိုက်ချက်ထက်ပင် ပိုပြင်းသည်ထင်သည်… ခံစားချက်တွေကိုမှ အားမနာ… ရူးသွားပြီထင်လို့တယ့်။
ကောင်းရော… အကောင်းတွေကတော့ လာမရောပါ… သေချာတာကတော့ ကောင်းရော ဟု မြည်တမ်းမိပါသည်…
စာသင်ချိန်တွေသည် နာရီလက်တံနောက်တွင် ကပိုကရို ကျကျန်ရစ်ခဲ့ကြသည်… လွင့်မျောမှုသီအိုရီထဲတွင် ကျွန်တော့် စိတ်တို့လည်း လွင့်မျောနေပါသည်… ဘယ်သောင်ဘယ်ကမ်းကပ်မည်ကိုမသိ … လွင့်မျော… လွင့်မျော… သေချာတာ ကျွန်တော် တွေးနေခဲ့မိသည်။
ထူးခြားပါသည်… နေ့လည် အတန်းဆင်းတော့ သူမဆီသွားသည်… သို့သော် သူမကိုမတွေ့ခဲ့ပါ… သူမကို တစ်ယောက်ယောက်မသွားခြင်းဖြစ်မည်… ထို့ကြောင့် သူမဖို့ ကျောက်တုံး လိုက်ရှာနေရသည်….ထို “To မ” က ဒီနေ့မှ ထူးထူးနဲ့နဲ့ခြားခြား… ပျောက်နေသည်… မနေ့ကမှ သူမက သေချာပြောသွားသေးသည်… ဒါဆိုရှိကိုရှိမည်… မရှိရင်ရော… ဆိုရင်
……………………..။
ထိုအဖြေ ကို လက်ခံဖို့မဖြစ်နိုင်မှန်းကျွန်တော် နားလည်ပါသည်။ ကျွန်တော် သူမကို ချစ်မိနေပြီဖြစ်သည်… ထို့ကြောင့်သူမထားပေးသွားမည့် ကျောက်တုံးဖိစာလေးကို အမြတ်တနိုးနှင့် လိုက်ရှာနေမိသည်။
သြော်မင်းက ဒီမှာကိုး…
ဘယ်သူရွှေ့သွားသည်မသိ… ကျောက်တုံးလေးက အခန်းနဲ့မလှမ်းမကမ်း နားရောက်နေသည်… သို့ဆို… စာ… စာ
အဲဒီစာကို တစ်ရောက်ရောက် ရ… ရရင်ဖတ်..ဖတ်… ။ ဖတ်တာက ဘာမှတော့မဖြစ်… နားမလည်ဘူးဆိုပြီး… ဖြဲပစ်…ဖြဲပစ်….။ အဲ ဖြဲပစ်တာကမှ ပြန်ဆက်ရသေးတယ်… မတော် နှပ်ညစ်… အီးကုန်း…. အီး… ဟိုက်… ထွက်မတွေးရဲတော့… ။ ဘုရားသွားရင်တောင် တစ်ခါဖူးမှ ဘုရားစာများများ မရွတ်ဖူးတယ့် ကျွန်တော်တောင်… ပါးစပ်ထဲကဗလုံးဗထွေး နှင့် စာရွက်ကို လိုက်ရှာမိသည်။
စာကလည်း လေတိုက်သွားသလား ဘာဖြစ်သွားလဲမသိ… တွေ့ကိုမတွေ့… တစ်ခုတော့ အသေအချာနဲ့ အပီအပြင်ကိုတွေ့သည်… ကျောင်းသားများနှင့် ဆ၇ာတချို့ပါ ကျွန်တော့်ကို ပြုးပြဲကြည့်လို့။ ထိုမှသိသည်… စာအရှာလွန်သွားတာ
ပုဆိုးကျွတ်နေသည်ကိုပင်မေ့နေသည်… ပုဆိုးကမလှမ်းမကန်းက ချုံတစ်ခုနှင့်ညိကျန်ခဲ့လေသည်..
မျက်နှာလေးကို ရှက်တာလိုလို ရယ်တာလိုလို လုပ်ပြီး အတည်ပေါက်နှင့် ပုဆိုးကောင်ဝတ်လိုက်သည်။ ဒါတောင် ချုံနှင့်ညိနေ၍ မနည်း ဆွဲဖြုတ်ရသည်… တော်သေးလို့ ဒီနေ့ ဘောင်းဘီင်္တို (နည်းနည်းတော့ ရှည်တာပေါ့)လေးဝတ်လာလို့…
မဟုတ်ရင်…။
သူမကတော့ ကျွန်တော့်ကို မသိချင်ယောင်ဆောင်၍ ရယ်နေပါသည်… ကျွန်တော်လည်းသူမ ရှက်သွားမည်ဆိုး၍ မနှုတ်ဆက်ဖြစ်တော့ပေ… အကြောင်းက ကျွန်တော်ရှက်နေ၍ ဖြစ်သည်…။ ပုဆိုးဝတ်ပြီးသည်နှင့် နောက်ကျတဲ့ဖနှောင့် တုတ်ကောက်
ဂါထာကို အပီရွတ်၍ ဖလော်ခန်းဘက် တချိုးတည်းပြေးတော့သည်… နောက်ဘက်မှာ ရယ်နေမလား… လှောင်နေမလားတော့ ကျွန်တော်မသိတော့ပါ… တခုတော့ သိသည်… ကျွန်တော်ပြေးနေသည်။
ဟေ့ကောင် ဝေမှိုင်းဘာဖြစ်လာတာလဲကွ… ဘာလဲ ဝိုင်းရိုက်လိုက်လို့လား
ငဂေါက်ဆီးမေးသော မေးခွန်းကို ခဏ လက်ရှောင်လိုက်သည်… လူကလည်း ဟောဟဲ ဟောဟဲ လိုက်နေသည်…။
ရင်ဘတ်ဖွင့်ကြည့်ရင်တော့ အဆုတ်နှင့် နှလုံးတို့ပင် ဟောဟဲ မြည်နေလောက်သည်….။
ဖြည်းဖြည်းချင်းအမော ဖြေပြီးမှ အကြောင်းစုံကို ပြောပြလိုက်သည်… နှစ်ယောက်စလုံးလည်း သူငယ်ချင်းကို ချစ်စွာပင်
အားမနာတမ်း ဟားကြပါသည်… ကျော်ဇင်ဆို နှပ်တွေပင်ထွက်လို့…။ ကျွန်တော်လည်း ရွံ့ရွံ့ နှင့် သူ့လက်ဖက်ရည် ကောက်သောက်ပစ်လိုက်သည်။ ဘာမှတော့မဆိုင်ပါ… လက်ဘက်ရည်ကတော့ အတော်ချိုပါသည်….
ဟား… ဟား မင်းကွာ မရှက်ဘူးလား…
ဟကောင်ရ… မရှက်ဘဲနေမလား… မရှက်ရင်… ဒီထိတောင် ခွေးပြေးဝက်ပြေးပြေးမလာဘူး…
တော်ပြီနောက်ဆို …. အဲဒီ သင်္ချာမေဂျာဘက်ဘယ်တော့မသွားတော့ဘူး…
ဟား… ဟား…. ဘာလဲ မင်းကသေချာလို့လား….
ထိုမေးခွန်းကိုတော့ ကျွန်တော် ခေါင်းလည်းမညိတ်မိသလို… ခေါင်းလည်းမခါခဲ့မိချေ…။ ဟုတ်ပါသည်။ သွားဖြစ်မည်… မသွားဖြစ်မည်ကိုတော့…
ဒီမယ် မင်းကောင်မလေးက ငါတို့ဆီနေ့လည်ကလာပေးသွားတာ….
ကျော်ဇင်လက်ထဲတွင် စာရွက်လေးတစ်ရွက်ခေါက်လျက်ကလေးနှင့်… ကျွန်တော် မယုံတယှုံနှင့်လှမ်းယူလိုက်သည်….
သူက ဒီနေ့ကျောင်းနောက်ကျလို့ အဲဒါ ဟိုကိုသွားရှာရင်မတွေ့မှာဆိုးလို့ မင်းဆီလာပေးတာ….
မင်းကလည်း အတန်းဆင်းတာနဲ့ တချိုးတည်း တန်းပြေးတာ… အဲဒါနဲ့ ငါတို့ကိုမင်းသူငယ်ချင်းတွေမှန်းသိလို့
မင်းကို ပေးပေးပါ… ဆိုပြီး ထားသွားတာ….
သေဟ… လို့တော့ မမြည်တမ်းမိတော့။ ဒါကြောင့်သူမက ရယ်နေတာကိုး… ။ ဘာပဲဖြစ်ဖြစ်… လွတ်သွားတယ့်ငါး ပြန်မိသွားပြီဖြစ်သည်… လက်ထဲမှ စာရွက်လေးကို တစ်ချက်ရှိုက်ခနဲနမ်းပစ်လိုက်သည်…
ဝေါ့
ဟာ… အေးမှားလို့… အဲဒါငါ နှပ်ချီးသုပ်ထားတာကြီး… ဒီမှာ… ဒီမှာ… မင်းစာရွက်က.. ဟီးဟီး...
ပါးစပ်ထဲမှ အဆဲတချို့က ခေါက်ပေါက်ပြေးလွှားသွားကြသည်… မျက်နှာကို တစ်ရှုးနှင့် သုပ်ပြီး စာရွက်ကိုလှမ်းယူလိုက်သည်။ ငကြောင်က ရယ်ကျဲကျဲနှင့် လုပ်ပြနေသေးသည်….။ ဆယ်ရက်ထိုင်ကြည့်လို့မှ feel မလာတယ့် အဲဒီရုပ်ကနေ မျက်လုံးတို့ကို ပြန်လည်ခေါ်ဆောင်ပစ်လိုက်သည်။ ဒီတစ်ခါတော့ တန်းမနမ်းတော့… သေချာအောင် … ကြည့်ပြီးမှ…
ရွှတ်ခနဲ နမ်းပစ်လိုက်သည်…
ချစ်ရနံ့များသင်းပျံ့နေသော ထိုစာရွက်လေးသည်… နှလုံးသားများထိ သင်းပျံ့သွားပါသည်။ ချစ်သူ၏စကားလုံးများထံပါးတွင် ခစားဖို့ ကျွန်တော် မာနများကို ဒူးထောက်ချလိုက်သည်… ပြီးနောက် စာရွက်လေးကို ဖြည်းညှင်းစွာ
အခေါက်လေးကို ဖြည် ချလိုက်သည်… နောက်ဆုံးတစ်ခေါက်ကို အသံတိတ်ဘုရားစာရွတ်၍ …
ဆက်ရန်
ဆား