ခန်းစီးအောက်က လိုက်ကာ(၉)
ချစ်ရနံ့များသင်းပျံ့နေသော ထိုစာရွက်လေးသည်… နှလုံးသားများထိ သင်းပျံ့သွားပါသည်။ ချစ်သူ၏စကားလုံးများထံပါးတွင် ခစားဖို့ ကျွန်တော် မာနများကို ဒူးထောက်ချလိုက်သည်… ပြီးနောက် စာရွက်လေးကို ဖြည်းညှင်းစွာ
အခေါက်လေးကို ဖြည် ချလိုက်သည်… နောက်ဆုံးတစ်ခေါက်ကို အသံတိတ်ဘုရားစာရွတ်၍ ဖြည်ချလိုက်သည်… ကမ္ဘာ့ မိနစ်တံများ နှေးသွားအောင်ကို ကျွန်တော့် ရင်ခုန်သံတို့ မြန်ဆန်နေလျက်၇ှိပါသည်…
အနောက်တောင်လေ ထဲက လမင်းငယ်လေး
စာရွက်ထဲတွက် လက်ရေးဝိုင်းဝိုင်းလေးနှင့် ရေးထားသော စာတို့မှာ ရင်ခုန်သံများကြား၍ အသံတိတ်သွားကြသည်။
ထိုစာသားလေးသည် ကျွန်တော့်ရင်ကိုပန်းပွင့်များ ပေးသွားသည်။ ပျော်ရွင်မှုဟုသော ရသသည် ယခုချိန်စာဖွဲ့လျင် စကားလုံးကုန်ခမ်းနေနိုင်သည်။ ထို့ကြောင့် ကျွန်တော် ရိုးရင်စွာ ဝန်ခံပါသည်။ ကျွန်တော်ပျော်နေပါသည်။
ဟေ့ကောင် ဆား… ဘာမှလည်းမပါပါလား… ကွ
ကျွန်တော် ပြန်ဖြေမိသလားတော့မသိတော့ပါ။ သေချာတာ ကျွန်တော်ပျော်ပါသည်။ သူမနာမည်လေးသည် တော်တော်လှပါသည်။ သူများတွေနားမလည်ခဲ့ရင်တောင် ကျွန်တော် ကတော့ သူမ ဘာဆိုလိုသည်ကို သိသွားပြီဖြစ်သည်။ ဖြစ်နိုင်လျှင်
ယခုပင်သူမရှေ့ အပြေးသွား၍ သူမ နားမည်ကို ကြားအောင် အော်ခေါ်ပစ်လိုက်ချင်သည်။
ကျွန်တော် ဘာတွေလုပ်နေမိမှန်း ကျွန်တော်ပင် နားမလည်တော့ပါ။ အာခိမိဒိစ်လိုပဲ အပျော်လွန်သွားသလား။ ရိုက်ညီနောင်လိုပဲ ပျော်နေခဲ့သလား။ အောင်ပင်လယ်ကန်မှာ ကနောင်မင်းသားကြီးပြုံးခဲ့သလားလည်းမသိပါ။ ဘာဆိုဘာမှ မသိတော့ပါ။
ကျွန်တော်တွင် အသိတရားဆို၍ သူမနာမည်လေးတစ်ခုသာ ရှိပါတော့သည်။
ဟေ့ကောင်… မေးတာလည်း ဖြေဦးလေ… သွားကြီးဖြီးပြီး မင်းလမ်းမဘက်ငေးနေတာ
ကောင်မလေးတွေတောင် ရှက်လို့ ထွက်ပြေးကုန်ပြီ
သြော်… အေး… ဟီး… မင်းတို့က ငါ့ကို ဘာမေးတာလဲ… ဟီး
ကျွန်တော်ကို ငကြောင်ရော ဂေါက်သီး ကပါ ဆေးမမြှီတော့ဘူး ဟု၍ ပြောကုန်ကြသည်။ ငကြောင်က ခေါင်းကြီးခါလို့ လမ်းမဘက် လှည့်သွားသည်။ ဂေါက်သီးကတော့ သနားလိုက်တာ ဟုသော အကြည့်နှင့် ပစ်ပစ်နဲ့ နှစ်နှစ် ကျွန်တော့်ကို
စိုက်ကြည့်နေသည်။ ကျွန်တော်ကလည်း သူတို့နှစ်ယောက်စလုံးကို မချိ သွားဖြီးပြထားလိုက်သည်။
ဆား… ဆား… မင်းတော့ရူးပြီ…
ရူးမှာလား… ဟုတ်လား… ဂေါက်သီး… ငါသာ အချစ်ကြောင့်ရူးရမယ်ဆိုရင်… ရူးကွာ…
ရူးပါစေတော့… ငါအချစ်နွံထဲမှာ ရူးနေပါစေတော့ကွာ….
ဂေါက်သီး ကျွန်တော့်ကို နားမလည်နိုင်စွာကြည့်နေပါသည်။ ကျွန်တော်သည် ပုစ္ဆာတစ်ပုဒ်မဟုတ်မှန်းသိသော်လည်း သူတို့က တော့ ပုစ္ဆာထုတ်ဖို့ သီအိုရမ်ရှာနေကြပါသည်။ ကျွန်တော့်ကိုချစ်သော ကျွန်တော့်သူငယ်ချင်းများကို ကျွန်တော်နားလည်ပေးနိုင်ပါသည်။ သို့သော် ယခု အချိန်တွင်တော့ တကယ်ပါ။ အချစ်ကြောင့် ရူးရမည်ဆိုလျှင် ကျွန်တော် အရူးတစ်ယောက်ဖြစ်ချင်နေပါသည်။
– – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – – –
နွားနို့ရောင်းသော ကုလားကြီးတစ်ယောက်နှင့် ဆိတ်ပုဆိုးကြမ်းရောင်းသော တရုတ်မကြီးတို့ နှစ်ယောက် အကြီးအကျယ် စကားများလျက်ရှိသည်။ ကုလားကြီးက တရုတ်မကြီး၏ ဆိတ်ပုဆိုးကြမ်းအိုးကို ကန်ပစ်လိုက်သည်… တရုတ်မကြီးက နွားနို့အိုးကို တွန်းလှဲပစ်လိုက်သည်။
ထိုအချိန် တရားသူကြီး တစ်ရောက်လမ်းလျှောက်လာလေသည်။ သို့နှင့် နှစ်ယောက်စလုံးသူ့ထက်ငါ အလုအရက် တိုက်ကြလေသည်။ တရားသူကြီးက သို့နှင့် နည်းလမ်းနှစ်သွယ်ကိုရွေးခိုင်းလိုက်သည်။
၁။ ။ ဤကိစ္စကို ရုံးတော်တွင် ရှင်းကြမည်။ ထို့ပြင် ရုံးရက်ကိုလည်း ကျွန်ုပ် ခေါ်တိုင်းလာနိုင်ရမည်။ ကျွန်ုပ်တွက် ရုံးတစ်ရက်တက်ကြေးမှာ ၅၀ ဒေါ်လာ ဖြစ်သည်။ ထိုကြေးကို နှစ်ဘက်စလုံးမှပေးချေရမည်။
ဤတွင် နှစ်ယောက်စလုံးမှာ လက်တွန့်သွားကြသည်။ နွားနို့တစ်အိုးလုံးမှ ဒေါ်လာ ၇၅ သာရှိသည်။ ထို့အတူ ဆိတ်ပုဆိုးကြမ်းအိုးမှာလည်း စုစုပေါင်းဆိုလျှင် ဒေါ်လာ ၁၀၀ ပတ်ဝန်းကျင်ထက်မပိုပေ။ ထို့ကြောင့် နှစ်ယောက်စလုံးက ဒုတိယနည်းလမ်းကို ရွေးချယ်ရန်သဘောတူလိုက်ကြလေသည်။
ထိုကိစ္စ များဖြစ်ပျက်ပြီးတစ်လအကြာတွင် မင်္ဂလာသတင်းတစ်ခုသည် တရားသူကြီးထံရောက်လာပေသည်။ ထိုစာနှင့် အတူ စာတိုလေးတစ်ဆောင်လည်း ကပ်ပါလာလေသည်။ သူမကို ဆိတ်ပုဆိုးကြမ်းမည်သို့ စပ်ရမည်မသိပါ။ ထို့အတူ သူမကလည်း ကျွန်တော့်ကို နို့အလျော်ပေးဖို့ ပိုက်ဆံမရှိခဲ့ပါ။
နောက်နေ့တွေဆိုလျင်တော့ သူမသည် ကျွန်တော့်ပုဆိုးကို ရေလျှော်ပေးမည့်သူဖြစ်လာတော့မည်ဖြစ်ပါသည်။
တရားသူကြီး…
– – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – –
(၇)
ကျွန်တော် ကျောင်းဝန်းပေါက်တွင် မတ်တပ်ရပ်နေသည်မှာ တော်တော်ကြာနေပြီဖြစ်ပါသည်။ တော်တော်ဆို မနက် ၇နာရီကတည်းက လာစောင့်နေခြင်းဖြစ်ပေသည်။ အိမ်ကို တော့ ကျူတိုရီရယ် ဖြေဖို့ နည်းနည်းပြင်ဆင်ရဦးမည်ဆိုပြီး စောစောလစ်လာခြင်းဖြစ်သည်။ အမေကတောင် ငါ့သားလေး လိမ္မာလိုက်တာ ဟုဆိုသည်။ အမေ့ကို လိမ်ညာလိုက်ရ၍ စိတ်ထဲအတော်မကောင်းသော်လည်း သူမကို စောင့်ရသည်မှာတော့ စိတ်ထဲအတော်ပျော်ပါသည်။ အမေသာမြင်ရင်တော့
မွေးရကျိုးနပ်လိုက်တယ့်သား လို့ ဘွဲ့ထူးတစ်ခုပေးလောက်သည်။
ယခုဆို မနက် ၁၀ နာရီပင်ရှိပြီဖြစ်သည်… သို့သော် သူမ၍ အရိပ်နှင့် အရောင် ကိုပင်မတွေ့ရသေးပေ။ ကျောင်းသားတစ်ယောက်စ နှစ်ယောက်စသာလျှင် ကျောင်းပေါက်ဝတွင် ကျန်ရစ်ကြတော့သည်။ တော်တော်များသည်ပင် ကျောင်းတော်သာအရိပ်ကို ခိုသွားကြပြီဖြစ်သည်။
ကျွန်တော် နာရီကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်… သူမအတန်းဆီသို့ သွားနေသော ကျွန်တော်၏ ခြေလှမ်းများသည် အလွန်မြန်ဆန်လွန်းလှသည်။ ဂျက်လေယာဉ်လည်း ရှုံးလောက်သည်။ တိုက်ဆန်ဂေးလည်း ငေးရလောက်သည်။
သို့သော် ကျွန်တော်ကတော့ ပြေးနေသလား လမ်းလျှောက်နေသလား ခွဲမရတော့အောင်ကို ခြေထောက်များက သွက်လက်လွန်းနေသည်။
နွေရာသီတစ်ခုသည် ဝန်းကျင်တစ်ခုကို ခြောက်ကပ်စေသည်ဆိုလျှင် သူမမရှိသော ဝန်းကျင်တစ်ခုသည်လည်း ကျွန်တော့်ကို ခြောက်ကပ်စေခဲ့ပြီဖြစ်သည်။ သူမ၏ အတန်းရှေ့ရှိ အသံဗလံများသည် ကျွန်တော့်ဆီသို့ဝင်မလာခဲ့ပါ။ သက်ပျင်းရှည်လေးတစ်ချက်ကို မြိုသိပ်လိုက်ရင်း ကော်ရေတာတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
ခဏနေ အတန်းဆင်းတော့ သူမ၏ သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်နား ရောက်လာသည်။
သြော် ကိုဝေမှိုင်း… သုန် အယ် ဟိုဝါကို လာစောင့်နေတာလား… ဒီနေ့သူဖျားလို့ ကျောင်းမတက်နိုင်ဘူး…
ဟင် … သူ… သူဖျားနေတယ်… ဘယ်လို… ဘယ်လိုဖြစ်တာလဲဗျ…
ကျွန်တော်၏ မျက်နှာပြင်ကြမ်းကြမ်းလေးတွင် စိုးရိမ်မှုများသည် ဖုံးမရအောင် ပြေးလွှားနေကြသည်။ ထိုအချက်ကို ကောက်မိသော သူမ၏ သူငယ်ချင်းနှစ်ယောက်လည်း ကျွန်တော့်ကို သနားသွားပုံပေါ်သည်။
အင်း… ဟို… ဘာမှ မဖြစ်ပါဘူး… သူက တစ်ခါတလေ ဒီလိုပဲ ဖျားနေကြပဲ…
အင်း… ဟုတ်ရော ဟုတ်ရဲ့လားဗျာ… စိတ်ပူလိုက်တာ… ဒါနဲ့ သူက ဘယ်နေ့လောက် ကျောင်းပြန်တက်မှာလဲဗျ…
သူ့နာမည်လေးကို အော်ခေါ်ချင်လှပြီဗျာ…
ကိုဝေမှိုင်းကြီးကတော့ စိတ်တွေပူပြနေပြီ… အဟမ်းဟမ်း…
သူတို့က ကျွန်တော့် ကို လုပ်ချောင်းလား ဟန့်ချောင်းလားမသိ ဆိုးပြကြသည်။ သို့သော် ကျွန်တော်က ဒီအချိန်တွင် ရှက်နေချိန်မရှိခဲ့ပါ။ စိတ်တစ်ခုက သူမ အပေါ် စိုးရိမ်မှုတွေနဲ့ စိုးမိုးနေပြီမလား…။
ဘာမှမဖြစ်ပါဘူးဆို… ကိုဝေမှိုင်းကလည်း… မျက်နှာကြီးက ကြည့်ဦး… ဒါနဲ့ ကိုဝေမှိုင်းက နာမည်တွေအော်ခေါ်ချင်ပြီ
ဆိုတော့ နာမည်သိသွားပြီပေါ့… ဟဲ ဘယ်လိုသိတာလဲ…
ဟီး… ဒါကတော့ဗျာ… သူလာမှ ပြောပြတော့မယ်… ဟဲ… ကဲ ကျွန်တော်လည်းအတန်းသွားပြီ
သူလာတယ့်နေကျရင် ကျွန်တော်မေးတယ်လို့လည်းပြောပေးပါဦးနော်… သွားပြီဗျို့
ဟယ်… ကြည့်ဦး ပြောလည်းမသွားဘူး…
ကျွန်တော့်နောက်တွင် ရယ်မောနေသော နှုတ်ခမ်းနှစ်ခု ကျန်ရစ်နေခဲ့မည်ဆိုသည်ကို ကျွန်တော် မေးခွန်းထုတ်နေဖို့မလိုတော့… သို့သော် ကျွန်တော့်ရင်ထဲတွင်တော့ မရယ်မောနိုင်သေးပေ။
ယခု သူမဖျားနေပါသည်။ ရာသီဥတုကို ငေါက်ငမ်းပစ်လိုက်ချင်သည်။ ပြက္ခဒိန်တို့ကို ပင် စေ့စေ့မကြည့်ချင်။
သုံးလေးရက်ဆိုသော စူးခညှောင့်များသည် ကျွန်တော့်နှလုံးသားကို ထိုးညှောင်၍ အလွမ်းဝေဒနာများကို ခံစားစေလျက်ရှိသည်။
ကျွန်တော့်အိမ်လေးတွင်ပင် ဘာရယ်မဟုတ် ခြောက်ကပ်နေသည်ဟုထင်မိသည်။ သူမ စားနေရမည့် ဆေးခါးခါးကြီးများကို
တွေးရင်း သူမကို သနားနေမိသည်။ ဖြစ်နိုင်လျှင် သူမဆေးများကို ကျွန်တော်သောက်ပစ်လိုက်ချင်ပါသည်။
ထိုနေ့ညက အမေကဆဲပါသည်။ ရယ်လည်းရယ်ပါသည်။ အဖေကတော့ ငါ့သား ခြောက်များသွားပါလားဟု
မျက်မှန်ကြီးနှင့်ကြည့်နေပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းမသိတော့ပါ။ ကေသီပန်ဆေးထုတ်လေးသည် ကျွန်တော့်လက်ထဲတွင် ငိုက်မျဉ်းလျက်ရှိပါသည်။ ထို့ကြောင့် ကျွန်တော် ထိုနေ့ညက သူမကို လွမ်းရင်း အိပ်ခဲ့ရပါသည်။
ကျောင်းတော်ကြီးသည် အထီးကျန်စွာ သုံးရက်ဆိုအချိန်တစ်ခုကို ပြက္ခဒိန်မှာ ခွာယူသွားကြသည်။ ကျွန်တော့်၏ စာသင်ခန်းတို့သည် တိတ်ဆိတ်မှုတို့ စိုးမိုးလျက် ထွက်ခွာသွားကြသည်။ ကျွန်တော့် မျက်ဝန်းတို့တွင် အရာရာသည် ငြိမ်သက်လျက် ကျော်ဖြတ်သွားကြသည်။ ထိုနေ့တချို့သည် ကျွန်တော့်ကို အလွမ်းဟူသော ရသကို ကောင်းကောင်းကြီးခံစားသွားစေလေသည်။
ထိုနေ့များက ကျွန်တော်ထိုင်ဖြစ်ခဲ့သော ကန်တင်းလေးသည်လည်းကောင်း၊ ကျွန်တော်သောက်ဖြစ်ခဲ့သော် ကော်ဖီများသည်လည်းကောင်း ၊ ကျွန်တော် ရေရွတ်ခဲ့မိသော စကားများသည်လည်းကောင်း သူမအကြောင်းများနှင့် ရောနှောခဲ့ကြသည်။
ကျွန်တော့်ချစ်သူငယ်ချင်းနှစ်ယောက်ပင် ခါတိုင်းလို ကျွန်တော့်ကို မစနောက်တော့ပေ။ ကျွန်တော့် ခံစားချက်ကို အပီအပြင်နားလည်၍ တိတ်ဆိတ်ပေးခဲ့ကြပေသည်။