ခန်းစီးအောက်က လိုက်ကာ (၁၂ ကန်လန့်ကာချခြင်း)
ကျွန်တော့် အပြန်လမ်းတို့သည်… စိတ်ပူခြင်းတို့ကိုသယ်ဆောင်၍ သုန်နှင့်ဆန့်ကျင်ဘက် အရပ်ရှိရာ အိမ်ဦးသို့ ခြေလှမ်းနေပါသည်။ ကျွန်တော် အမှန်ပြောရရင် အခုလို အချိန်မှာ အိမ်မပြန်ချင်ပါ။ သုန့်အနားမှာပဲ ပြုစုစောင့်ရှောက်ချင်ပါသည်။ သုန့် ဘေးနားမှာပဲ သုန့်လက်ကလေးကို ကိုင်ကာ ကျွန်တော် အဖော်ပြုပေးချင်ပါသည်။ စကားပြောပေးချင်နေပါသည်။ သို့သော် အိမ်ပြန်ရောက်ခဲ့ရပြီဖြစ်သည်။
ထိုနေ့ညက လမသာခဲ့ပါ။ ဗိုင်းငင်မည့်သူများလည်း မနိုးထကြသေးပါ။ တိမ်လည်း မထူခဲ့ပါ။ ကြယ်လေးများတောင် မှိတ်တုတ်မှိတ်တုတ် ငိုယိုနေကြပါသည်။ ထိုနေ့က ဆုံးဖြတ်ချက်တစ်ခုကို မျက်ရည်စတချို့နှင့် ကျွန်တော် မျိုချခဲ့ပါသည်။ တစ်ခုတော့ရှိသည်။ ထိုနေ့က မိုးလင်းသည်အထိ ကျွန်တော့်စိတ်တို့ သူမကို ပြုစုနေခဲ့ပါသည်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – –
ကြယ်စင်တန်းတို့ကို မေးတင်၍ လမင်းကို နေမင်းကမေးပါသည်။
အို လမင်းငယ်စန္ဒာ ကိုယ့်အချစ်တွေတွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ အလင်းတို့ကို ဆောင်ကျဉ်းအံ့
အို လမင်းငယ်စန္ဒာ ကိုယ့်အလွမ်းတွေတွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ ညအမှောင်တို့ကို ဖြိုခွင်းအံ့
အို လမင်းငယ်စန္ဒာ ကိုယ့်မြတ်နိုးချင်းတို့တွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ ဘဝတစ်ခု ပေးစွမ်းအံ့
အို ချစ်စန္ဒာ ထွန်းလင်းလော့ တောက်ပလော့ နေ့များစွာတွက် မင်းဟာ လှပနေပါတော့
မနက်ဖန်ကြွေတော့မယ့် ကြယ်တစ်စင်းကိုယ့်ဘဝ ကိုမင်းတွက် တောက်ပဆုံးထွန်းလေးစေအံ့
အို ချစ်စန္ဒာ အလင်းတစ်ချက် လင်းလက်ခဲ့ရင် သင်မငိုကြွေးခဲ့ပါနဲ့ . . .။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – –
ယခုကဲ့သို့ မတိတ်ဆိတ်လွန်းခဲ့သော ထိုနေ့ကမှတ်မှတ်ရရ ကျွန်တော်နှင့် သူမစကားများစွာ စားသုံးခဲ့မိကြသည်။ ဟုတ်ပါသည်။ ထိုနေ့က မှတ်မှတ်ရရ ကျွန်တော့်မွေးနေ့ဖြစ်ပါသည်။
ကို ဒီနေ့ ကို့မွေးနေ့မှာ သုန်လက်ဆောင်တစ်ခုပေးမယ် ဒါပေမယ့် ခုတော့မဟုတ်သေးဘူး
အဲဒါ တော့စီးခရက်. . .
ကျွန်တော် သူမစကားကို အဖြေတော့မပေးခဲ့မိပါ။ ထို့ကြောင့်ယခု ပြန်တွေးကြည့်မိလျှင် ကိုယ့်ကိုကိုယ် စိတ်ဆိုးခဲ့မိသည်။ စကားများများ ပြောခဲ့သည့်စိတ်ကူးများက စိတ်ကူးများသာဖြစ်နေပါလိမ့်မည်။ ထိုကြောင့်ထင် ထိုနေ့က သူမကို စကားပြောဖို့ မေ့နေခဲ့ခြင်းဖြစ်မည်။
ကျွန်တော် သူမရဲ့ ဖြူနွဲ့ အားပျော့နေသော ခန္ဓာကိုယ်လေးကို ထွေးပွေ့၍ အနမ်းဆန်းဆန်း အနမ်းလှလှလေးများ ပေးဖြစ်ခဲ့သည်။ သူမ၍ ပန်းနု ရောင်ဖျော့နေပြီဖြစ်သော နှုတ်ခမ်းလေးများ အရင်လို မဟုတ်တော့ပေမယ့်
အရင်ထက်တော့ ချိုမြိန်ပါသည်။ ထိုခဏက ကောင်းကင်ကြီးသည်ပင် တိမ်ကင်းစင်၍ အပြာရောင်ရှင်းလို့လင်းလို့။
ကို သုန့်ကိုလည်း စကားလေးဘာလေးပြောဦးလေကွာ နမ်းချည်းပဲ နမ်းမနေနဲ့ဦး
နောက်လည်း နမ်းရမှာပဲကို…
ထိုစကားလေး။ နောက်လည်း နမ်းရမှာပဲ။ ဘယ်အချိန်ထိလဲ … ဘယ်လောက်အတိုင်းအတာထိလဲ သုန်။ ကိုယ့်ဝမ်းနည်းမှုကို လူမသိခံဖို့ ထိုစကားကို သက်ပျင်လေးနဲ့ လျှောချဖွင့်တော့ပြုလဲ့ပါနော်သုန်။
ကျွန်တော်တို့ ထိုနေ့က ခါတိုင်းထက်ပျော်ခဲ့ကြပါသည်။ ပို၍ တိတိနဲ့ ကျကျပြောရရင် သုန်က ကလေးလေးတစ်ယောက်လို အပူအပင်ကင်းစွာ ပျော်ပါသည်။ ကျွန်တော်က လူကြီးတစ်ယောက်လို လျှို့ဝှက်စွာ ပျော်ပါသည်။
သုန်က တစ်ခါတစ်ခါ အဝေးကြီးကိုငေး၍ မျက်ရည်ဝဲပါသည်။ ကျွန်တော်က အချိန်တိုင်း သုန့်မျက်နှာကိုကြည့်၍ …။
သုန်က မျောက်တစ်ကောင်လို ခုန်ပေါက်ပြေးလွှားအော်ဟစ်ပစ်လိုက်သည်။ ကျွန်တော်က ခိုတစ်ကောင်လို ရင်ထဲမှာ ကြိတ်ညည်းခဲ့ပါသည်။
သို့သော်ထိုနေ့ကတော့ ပျော်ရွှင်စရာ မွေးနေ့ပွဲတစ်ခု ပြက္ခန်ဒိန်တွင် သမိုင်းကျန်ရစ်ခဲ့ဖူးပါသည်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – –
(၉)
ထိုနေ့က ဒီနေ့လိုမဟုတ်သော ပန်းစည်းတစ်ခုကို ကျွန်တော်တို့နှစ်ယောက်ကြားရှိခဲ့ဖူးပါသည်။ အဲဒီနေ့က
ကျွန်တော်တို့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်အထိမ်းအမှတ်ပန်းစည်းလေးဖြစ်သည်။အခုက. . .။
နာရီလည်သံများ . . .
လူတစ်ချို့ နောက်ပြန်လျှောက်နေကြသည်။
ခွေးအူသံများ အဆုတ်တွင်းသို့ ပြန်လည် သက်ဆင်းသွားကြ။
၁၂
၁၁
၁၀
.
.
.
၂
သုန်……
သုန်ရလားဟင် သုန်… သုန် ကိုယ်လေ ကိုယ်…
သမီး. . . သမီး သတိလေးထားဦးလေးသမီး အမေလေ… အမေ…
မြန်မြန်ပို့ကြပါဟဲ့ …
ဝှမ်းရော် ………….
ဆေးရုံထဲတွင် ဆရာဝန်တချို့ ရှုပ်ရှက်ခက်သွားကြပါသည်။ အရေးပေါ်အခြေအနေတစ်ခုသည် အလျော်ပေး၍ မရဖြစ်နေပါသည်။ ကျွန်တော့် ဖင်တွင် မှက်ကလောင် ပေါက်သည်ထက်ဆိုးစွာ ဖင်မငြိမ်တော့ပါ။
ဘုရားစာရေရွတ်သံနှင့် တံခါးတစ်ချက်ပွင့်ဟသံ…
မေးခွန်များနှင့် လိုအပ်ချက်တစ်ခု…………….
ရှာဖွေရခက်နေသော ရင်ခုန်စေတတ်သောအရာနှင့် ဆရာဝန်၏ အားပေးသံ
နာရီတွေ မိနစ်တွေ အားလုံးအားလုံး ကျွန်တော့်ဘေးမှာ အရမ်းကိုမြန်လွန်းနေပြီ…. ဘာလုပ်ရမလဲ…..
ငါဘာလုပ်ရမလဲ…..။ ငါ တွေးခဲ့ဖူးတယ့် ဆုံးဖြတ်ချက်တစ်ခု။ သုန်ကိုပေးချင်တယ့်အနမ်းတွေ။ ဆရာဝန်ပြောလိုက်တယ့် ရှာဖွေရခက်တယ့် စက်တစ်ခု…။ ငါ ငါ ငါ သုန့်ကို ဆုံးရှုံးရတော့မှာလား။
ငါမငိုတော့ဘူးသုန်။ ကိုယ့်ကိုမေ့လိုက်ပါတော့။ကိုယ်တို့ တချိန်ကထိ အတူ ပျော်ခဲ့ဖူးကြပြီ။
ရုပ်ရှင်ရုံထဲမှာလည်း အတူငိုခဲ့ဖူးကြပြီ။ ကလေးတစ်ယောက်လိုပျော်ရွှင်တတ်တယ့်မင်းကို ကိုယ်အနမ်းချိုတွေပေးခဲ့ဖူးပြီပဲ။
ခုက မင်းကမင်းက သွားတော့မှာလေ။ ကိုယ်နောက်ထက်မငိုချင်တော့ဘူး။ လုံးဝမငိုတောဘူး။ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုအတွက်
မင်းတနေ့ကိုယ့်ကို သတိရခဲ့ရင် အတူရှိနေမှာပါ။ ခုတော့ကိုယ် နောက်ထပ်မငိုကြွေးမိဖို့ ဆုံးဖြတ်မိလိုက်ပြီ သုန်။
တခါတလေ လွတ်လပ်စွာ ပျော်ရွှင်တတ်သည့်သုန့်ကို တစ်ကြိမ်လောက်တော့ မှော်အစွမ်းနဲ့ လိမ်ညာခွင့်ပြုလှည့်ပါ။ ကိုယ်သွားတော့မယ် သုန်။
ဝုန်း!!!
– – – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – –
(၁၀)
လေပြေညှင်းလေးများတိုက်ခက်နေပါသည်။ ပန်းရနံ့များမွှေးပျံနေပါသည်။ လိပ်ပြာကလေးများပင်ရစ်သီရစ်သီ ဝေ့ဝဲပျံလွှားနေပါသည်။ ဆံစလေးများ လူးလွန့်နေပါသည်။
ကျွန်တော့် နှင့်သူမကြားတွင် ကျွန်တော်ပေးခဲ့ဖူးသော ပန်းစည်းတစ်ခု ရှိနေပါသည်။
ထိုပန်းစည်းလေး၏ မွှေးပျံမှုတို့သည် အတိတ်နှင့် မတူခဲ့သော်လည်း ကျွန်တော့်တွက် အတိတ်ထက်လှပနေပါသည်။
စကားများစွာ ပြောဆိုနေပါသည်။ မျက်ရည်စများ တစ်ပေါက် တစ်ပေါက်နှင့် ပါးပြင်တစ်ခု ရေလွှမ်းမိုးသွားခဲ့သည်။ အချိန်များစွာရပ်တန့်နေခဲ့သော အရိပ်တစ်ခုသည် တစ်စုံတစ်နေရာမှာ ပြန်လည်ထွက်ခွာဖို့ ခြေဦးလှည့်၇န် သံပတ်ပေးနေပြီဖြစ်သည်။
ထိုကားလေး၏ လေအဟုန်တို့ကြောင့် လွန်ခဲ့သော တစ်နှစ်အကြာက ဂျာနယ်အဟောင်းလေးတစ်စောင် လေတွင်လွင့်မျော်လျက်ရှိသည်။
ကျေးဇူးပြု၍ ဤဂျာနယ်ကို ကျော်ဖတ်ပါ။
မန်းတလေးမြို့တွင် ထူးထူးခြားခြား ယဉ်တိုက်မှုတစ်ခုဖြစ်ပွားခြင်း
ဆေးရုံကြီးရှေ့လမ်းထိပ်ဘက်တွင် လူငယ်တစ်ယောက် —နံပါတ်ကားနှင့်တိုက်၍ သေဆုံးသွားသည်။
ဖြစ်စဉ်မှာ ပုံမှန်တိုင်းမောင်းလာနေသော ကားတစ်စင်း ရှေ့သို့ လူငယ်တစ်ယောက်က တိုးဝင်၍ အတိုက်ခံခဲ့ခြင်းဖြစ်လေသည်။
ထိုယာဉ်တိုက်မှုထက် ပိုမို၍ ထူးသော လျို့ဝှက်သတင်းမှာ ကောင်လေးမှာ တမင်တကာအသေခံခြင်းဖြစ်လေသည်။ အကြောင်းမှာ ဆရာဝန်တို့က အသက်လုံးဝရှင်သန်နေနိုင်သော လူတစ်ယောက်ဆီမှ
နှလုံးအလှုခံ၍ မဖြစ်နိုင်ဟုဆို၍…= x + –
– – – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – – –
ကားပြာလေးသည်တဖြေးဖြေးနှင့် ကျွန်တော်နေထိုင်သော အုပ်ဂူသေးသေးလေးဆီမှ တစ်စတစ်စ ဝေး၍ ဝေး၍ ထွက်ခွာသွားနေပြီဖြစ်သည်။
ကျွန်တော်ချခံဖူးသော လိုက်ကာတစ်ခုသည် ခန်းစီးလေး၏နောက်တွင် လေတိုး၍ လှုပ်ခါနေပါသည်။
ကြယ်စင်တန်းတို့ကို မေးတင်၍ လမင်းကို နေမင်းကမေးပါသည်။
အို လမင်းငယ်စန္ဒာ ကိုယ့်အချစ်တွေတွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ အလင်းတို့ကို ဆောင်ကျဉ်းအံ့
အို လမင်းငယ်စန္ဒာ ကိုယ့်အလွမ်းတွေတွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ ညအမှောင်တို့ကို ဖြိုခွင်းအံ့
အို လမင်းငယ်စန္ဒာ ကိုယ့်မြတ်နိုးချင်းတို့တွက်မင်းကို ကိုယ့်ခန္ဓာကို လောင်မြိုက်၍ ဘဝတစ်ခု ပေးစွမ်းအံ့
အို ချစ်စန္ဒာ ထွန်းလင်းလော့ တောက်ပလော့ နေ့များစွာတွက် မင်းဟာ လှပနေပါတော့
မနက်ဖန်ကြွေတော့မယ့် ကြယ်တစ်စင်းကိုယ့်ဘဝ ကိုမင်းတွက် တောက်ပဆုံးထွန်းလေးစေအံ့
အို ချစ်စန္ဒာ အလင်းတစ်ချက် လင်းလက်ခဲ့ရင် သင်မငိုကြွေးခဲ့ပါနဲ့ . . .။
MUFL chinese
ဆား
Comment #2
အရမ်းကောင်းလွန်းပါတယ်ဗျာ ကိုဆား
Comment #1
har,,,,,,,,,,
kyat ti tway taung hta de.
a yan lay sar par de,