ကောင်းစေချင်လို့မှတ်ပါ
ကောင်းစေချင်လို့ မှတ်ပါ
ကိုကိုတွန့်
ဘ၀ကို ဖိုသီဖတ်သီဖြင့် ပင်ပန်းကြီးစွာ ရုန်းကန်နေရသော မောင်အူကြောင်အား မိုးနတ်မင်းကြီးက မကြည့်
ရက်နိုင်သဖြင့် ဉာဏ်ရည်ထက်မြက်သော ကလေးတစ်ယောက်ကို ပေးသနားခဲ့လေ၏။ သို့သော်လည်း မောင်အူကြောင်
ခမျာ ထိုဉာဏ်ရည်ထက်သော ကလေးကြောင့်ပင် မျောက်ငါးပိကိုင်မိသည့်နှယ် ပွတ်ချေနမ်းချေဖြင့် နေမထိထိုင်မသာ
အမြဲတမ်း စိတ်ညစ်နေရှာလေတော့သည်။ ယခုလည်း ဘေးဘီဝဲယာကိုမကြည့် ခေါင်းငိုက်စိုက်ဖြင့် လာနေချေပြီကော။
ယခင်ဘ၀က မှန်ဘီလူးဖြင့် ပုံကြီးချဲ့ကူးတတ်သော ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ခဲ့လေရော့သလား မသိ၊ ဘာမဟုတ်
သည့် ကိစ္စလေးတွေကို ရေးကြီးခွင်ကျယ်ပုံကြီးချဲ့ကြည့်မြင် စဉ်းစားနေသော မောင်အူကြောင်အား ဦးတွန့်လွန်စွာသနား
မိလေတော့သည်။ ယခုလည်း ဆေးကျောင်းတက်နေသော သူ့သားကိစ္စကို တိုင်ပင်ရန် အကြံညဏ်ကောင်းများ တောင်းရန်
အလို့ငှာ ရောက်ရှိလာပြန်ချေပြီတကား။ ခက်လှပါဘိတောင်း။ အချိန်ကား လွန်စွာ နီးကပ်နေချေပြိ။ မနက်ကမှ နောက်
ကျ ရောက်ရှိလာသော ကုမဏီတစ်ခု၏ကုန်ပစ္စည်း မိတ်ဆက်အပ်နှံပွဲဖိတ်စာဖြင့် ဟိုတယ်တစ်ခုမှာ အလကားမတ်တင်း
သွားတီးရဦးမည့် အစီအစဉ်က ရှိနေသေးတော့သည်။
“ ပြောကွဲ့ မောင်အူကြောင်၊ မင့်သား ဘာဖြစ်ပြန်ပြီလဲ ”
“ ဒီကောင့်အကြောင်းတော့ ပြော၊ မပြောချင်ပါဘူး ဆရာတွန့်ရယ် ”
“ မပြောချင်လည်း မပြောနဲ့ကွယ်၊ နားငြီးသက်သာတာပ။ ငါလည်း ကုမဏီတစ်ခုရဲ့ကုန်ပစ္စည်း မိတ်ဆက်
အပ်နှံပွဲ ဖိတ်စာရလို့ ဟိုတယ်တစ်ခုမှာ သွားပြီး နည်းနည်းပါးပါး အကြံညဏ်များပေးရဦးမှာ၊ နောက်ကျလို့မဖြစ်ဘူး။
ငါရောက်မှ အခမ်းအနားက စကြရမှာကွဲ့ ”
ဗီဇ၀ါသနာ ဖုံးဖိလို့မရနိုင်ရှာ ဆိုသည့်အတိုင်း ဦးတွန့်မှာ သူ့အရည်အသွေး အစွမ်းအစပါကြောင်းကို ကြွား
ဖြစ်အောင် ကြွားပြလိုက်သေးသည်။
“ အဲဒီလိုတော့ မလုပ်ပါနဲ့ဆရာတွန့်ရယ်၊ ပြောပြချင်လို့ သေချာလာခဲ့တာပါ။ မပြောချင်ဘူးဆိုတာက ဒီကောင့်
လုပ်ရပ်တွေ ရှုပ်ထွေးပွေလီလွန်းလို့ ပြောမပြချင်လောက်အောင် စိတ်ကုန်တယ်လို့ဆိုလိုတာပါ ”
“ အိမ်း၊ ဒါဆိုလည်း လိုရင်းကို တိုတိုရှင်းချေပ။ “မနေ့ကတွေ့ရသော မြစ်ရေသည် ဒီနေ့မရှိတော့ ” ဆိုတာလို
အချိန်ဟာ အစားထိုးလိုက်မမှီနိုင်အောင် တန်ဖိုးကြီးမားတယ်လို့ ပညာရှင်များက ဆိုထားသကွဲ့ ”
ဦးတွန့်သည် ရပ်နေရာမှ ပြန်ထိုင်လိုက်ရင်း ကလီကမာဉာဏ်များရန်အလို့ငှာ ထုံးစံအတိုင်း ကွမ်းထုပ်ကိုဖြည်
၍ ကွမ်းတစ်ယာကို ပါးစောင်ထဲသို့ ပစ်သွင်းလိုက်ရင်း တစ်ယာကို မောင်အူကြောင်အား လှမ်းပေးလိုက်လေသည်။ မောင်
အူကြောင်ခမျာ ကွမ်းမ၀ါးတတ်ပါပဲ၊ စကားမပြောရမှာ စိုးသဖြင့် ယောင်တောင်ပေါင်တောင် ယူဝါးလိုက်လေသည်။
“ အခု ကျွန်တော့်သားမှာ ရောဂါစရနေပြီ ဆရာတွန့် ”
“ ဟေ မနေ့က ငါမြင်တာဖြင့် အကောင်းကြီး၊ ကျောင်းသွားနေတာတောင် တွေ့လိုက်ပါသေးတယ်။ ဘယ်လို
ဖြစ်နေတာတုန်း၊ ဘာရောဂါတဲ့လဲ ”
“ ရောဂါဆိုတာက တင်စားတာပါ၊ တခြားမဟုတ်ပါဘူး။ သူတို့ကျောင်းသား လူငယ်တွေကြားမှာ ရေပန်းစား
နေတဲ့ ဂိမ်းစွဲတဲ့ ရောဂါပါ။ ကွန်ပျူတာနဲ့ကစားရတဲံ ကွန်ပျူတာဂိမ်းဆိုပါတော့။ သူတို့ကျောင်းမှာ ဘယ်သူတွေဘယ်အချိန်
က ပါးစပ်ဆော့၊ သီအိုရီလုပ်ခဲ့တယ်မသိဘူး။ ဘာတဲ့ “ ဆေးကျောင်းသာမှန်ရင် ဂိမ်းကစားတတ်ရမယ်၊ ဂိမ်းမကစားတတ်
ရင် ဆေးကျောင်းသားမဟုတ်ဘူး ” တဲ့ဗျ။ ”
“ ဒါကတော့ကွယ်၊ သူတို့လည်း စာတွေကများ၊ ခက်ခဲပင်ပန်းကြီးစွာ သင်ယူကြရလေတော့ ဦးနှောက်အညောင်း
ပြေအောင် ထွက်ပေါက်အနားပေးကြရတာနေမှာပေါ့။ ခဏတဖြုတ် ကစားကြတာများ အဆန်းလုပ်လို့ ဒါလေးများ ”
“ ဆရာတွန့်ပြောတာ သဘောပေါက်လက်ခံပါတယ်။ ဒါပမေယ့် ခုဟာက အဲဒီလိုမဟုတ်ဘူး။ မနေ့ညက
(၃)နာရီလောက် ကျွန်တော်တရေးနိုးအောက်ဆင်းကြည့်တော့ ဘသားချောက အိမ်က ကွန်ပျူတာနဲ့အိပ်ရေးပျက်ခံပြီး
အသေအလဲ ကြိုးစားနေလေရဲ့ဗျား။ ကျောင်းစာကို ပြောတာမဟုတ်ဘူး။ ဂိမ်းကစားနေတာကို ပြောတာ ”
“ သြော် . . . အတော့်ကို ပြင်းပြင်းထန်ထန် ကြိုးစားနေတာပါပဲလား ”
“ ဒီထက်မက စွဲချင်စွဲနေဦးမှာ၊ ဒီပုံအတိုင်းဆို ဒီကောင့်အတွက် ရင်လေးတယ် ဆရာတွန့်ရယ်။ မိဘတွေ
မသိအောင် ကျောင်းနားက ဂိမ်းဆိုင်တွေများ ရောက်နေဦးမလားပဲ ”
“ ဒါက ဒီလိုရှိတယ် မောင်အူကြောင်၊ စိတ်အေးအေးထား၊ သူတို့ကစားကြတယ်ဆိုတာ သာမန်ဂိမ်းမဟုတ်ဘူး။
ကမ္ဘာ့အဆင်မီ အဆင့်မြင့် ဂိမ်းတွေကွဲ့။ အဆင့်မြင့်ဂိမ်းဆိုလို့ကလေးကလား လွယ်လွယ်ကလေးများ ထင်မနေနဲ့။ သူတို့
လို ညဏ်ရည်ထက်မြက်ထူးချွန်တဲံ သူတွေမှသာ ပြီးစီးအောင်မြင်နိုင်မယ်ကွဲ့။ ဒါမှသာ သူတို့လေးတွေ လုပ်ငန်းတွေ
ဝင်ရောက်သွားကြတဲ့အခါ အခက်အခဲမရှိ အံဝင်ဂွင်ကျ အဆင်ပြေပြေရှိတော့မပေါ့။ ဒီလိုပဲ လူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း
တွေဆိုတာ အင်မတန်ခက်ခဲနက်နဲ ရှုပ်ထွေးပွေလီတယ်မဟုတ်လား ”
ဆိုင်ဆိုင်မဆိုင်ဆိုင် တတ်သမျှ မှတ်သမျှ ကြားဖူးနားဝရှိတာတွေနဲ့ ကလီကမာလုပ်ပြီး ဖြီးထည့်လိုက်တယ်။
“ မဖြစ်နိုင်ပါဘူး ဆရာတွန့်ရယ်၊ သူတို့ထက်အရင် ရှေးပဝေသဏီကတည်းကက ဆေးကျောင်းရောက်တဲ့
သူတွေ ဘယ်ကွန်ပျူတာ ဘာဂိမ်းမှမပေါ်ခင်ကတည်းက ကြိုးစားပြီး ဆရာဝန်ဖြစ်လာခဲ့ကြတာပါပဲ။ သူတို့ကျမှ ဖြစ်ပျက်
နေလိုက်ကြတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ သိပ်စိုးရိမ်တယ် ဆရာတွန့်။ သူနဲ့အတူအောင် ဆေးကျောင်းရောက်တဲ့
သူ့သူငယ်ချင်း၊ ဂိမ်းစွဲပြီး စာမေးပွဲကျသွားရှာပါရောလား။ အိမ်ကတော့ အချိန်တန် ကျောင်းသွားတယ်ပဲ ထင်နေကြတာ၊
မိဘတွေမှာ ရင်ကွဲပက်လက်ဖြစ်ကျန်ခဲ့ကြတာပေါ့။ ဒီလိုပဲ အရပ်ထဲက ကလေးတစ်ချို့ ဂိမ်းစွဲပြီး ဆယ်တန်းတောင်
မကျော်နိုင်ပဲ ဘေးလွင့်စင်သွားခဲ့ကြတာတွေလည်း တွေ့နေရတယ် မဟုတ်လား။ စာကြိုးစားပါစေတော့ဆိုပြီး ခင်ဗျား
မြှောက်ပေးလို့ ကွန်ပျူတာဝယ်ပေးမိတာ မှားများမှားသွားပြီလားတောင် မသိဘူး။ ဒီဂိမ်းပြဿနာကြီးကတော်တော်ဆိုးပါ
တယ်ခင်ဗျာ။ ကလေးတွေတင်မက လူကြီးတစ်ချို့ပါဝင်ကစားနေကြဆိုပဲ။ ဟိုတလောက အချောင်ရလို့ဆိုပြီး ခင်ဗျား
ဝယ်လိုက်တဲ့တီဗီထဲက ကလေးတွေကစားဖို့ ဂိမ်းကို မကြီးမငယ် ခင်ဗျားဝင်ဝင်နှိပ်နေလို့ ခင်ဗျားမိန်းမကတောင် ကြိမ်း
မောင်းဆူငေါက်နေတယ်ဆိုပဲ ”
မထင်မှတ်ပဲ သူ့ဘက်ကို လှည့်လာတဲ့ မြားဦးကြောင့် အာကာသထဲက အစိုင်အခဲကြီးတစ်ခု ခေါင်းပေါ်တည့်
တည့်ကျလာသလို ဦးတွန့်ထိပ်ထိပ်ပြာပြာ ဖြစ်သွားလေသည်။ ဘဇာကြောင့် ဘယ်လိုတွေဖြစ်ကုန်ကြပြီနည်း။ ကမ္ဘာကြီး
လည်နေရာမှ ရုတ်တရက်ရပ်တန့်သွားပြီလော၊ မောင်အူကြောင် အိမ်နှင့် ဦးတွန့်အိမ်သည် ခေါ်လို့မကြား၊ အော်လို့မကြား
အရှေ့ထိပ်နှင့်အနောက်ထိပ်အဝေးကြီးမှ အဝေးကြီး။ ကိုယ့်အိမ်ထဲကိုယ် ဂိမ်းနှိပ်နေတာ ဘယ်သကောင့်သားက အင်တာ
နက်ပေါ် တင်လိုက်ကြလေသလော။ ဂိမ်းနှိပ်တာက ထားပါတော့ ဖြတ်သွားဖြတ်လာမြင်နိုင်ပေမယ့် နောက်ဖေးမီးဖိုချောင်
ထဲ မဒန်တွန့်နှင့် နှစ်ယောက်သားစကားများကြသည် ဆိုတာက လွန်လွန်း နေပြီထင့်။ အိုင်တီခေတ် သတင်းအချက်အလက်
မြန်ဆန်မှု၊လုံခြံမှု မရှီတော့သော ဘ၀ကိုတွေးပြီး ဦးတွန့်ဖျားချင်လာသည်။ (နာမည်ကြီးလာရင် သတိထားရချေဦးအံ့)
မျက်လုံးတွေပြူး၊ နဖူးကြောတွေတွန့်၊ ဆံပင်တွေထောင်၊ ကိုယ့်ကိုဝေဖန်တိုက်ခိုက်လာတော့ ဒေါသတွေက ငယ်ထိပ်တက်
လာ၊ ဒါပေမယ့် ဦးတွန့်လေ၊ သိတယ်မဟုတ်လား။ ပညာရှိအမျက်အပြင်ကို ဘယ်ထွက်လိမ့်မည်နည်း။ သူတော်ကောင်း
မှန်ရင် ခွင့်လွှတ်သဘောထားကြီးလေဟန်၊ ဘာမှမဖြစ်လေဟန် ပြုံးပြီးအိုက်တင်ခံလိုက်ရင်း လေနုအေးလေးနဲ့ ရှင်းပေး
လိုက်တာက၊
“ ဒီဂိမ်းပြဿနာကို ဖြေရှင်းပေးဖို့ဆိုတာ လွယ်လွယ်လေးပါကွယ်။
1။ မိဘတွေမသိအောင် ဂိမ်းဆိုင်မရောက်စေဖို့ ပိုက်ဆံကို သူတို့လက်ထဲ ပေးမကိုင်စေနဲ့။
2။ ကျောင်းမပြေးအောင် မိဘက ထမင်းထုပ်နဲ့အကြိုအပို့လုပ်၊ အလုပ်ျက်တာ၊အချိန်ကုန်တာ၊ ပင်ပန်းတာ၊
အလုပ်ပိုလာတာတွေ ထည့်မပြောနဲ့တော့။ ဒီကလေးမူကြိုပို့တုန်းက အတွေ့အကြုံတွေ မင်းမှာရှိပြီးသားပဲ။
3။ မင်းအိမ်က ကွန်ပျူတာကို ဂိမ်းမဆော့နိုင်အောင် မီးကို ခဏခဏ ပျက်ပါစေလို့ဆုတောင်း၊ ဒီထဲကမှ
နေ့မှာမလာ၊ ညအချိန်မတော် အိပ်ချိန်ကျမှမီးလာနေသေးတယ်ဆိုရင် ကွန်ပျူတာစက်ထဲက တစ်ခုခုကိုဖြုတ်
ထားလိုက်၊ နောက်ဆုံးအဆင့် ဘယ်လိုမှ မရတော့ဘူးဆို၇င် အဲဒီကွန်ပျူတာကြီးကို ရတဲ့ဈေးနဲ့ရောင်းပစ်လိုက်
ပေတော့ကွယ်။ နောက်အရေးကြီးဆုံးပြောချင်တဲ့အချက်က ဂိမ်းကစားကြတာချင်းအတူတူ ငါ့ကိုတော့ သူတို့နဲ့
တစ်တန်းစားတည်း ရောထွေးမပစ်လိုက်လေနဲ့မောင်အူကြောင်၊ ငါဂိမ်းနှိပ်တယ်ဆိုတာ အမြင်အားဖြင့် နှိပ်နေ
ပေမယ့် တကယ်တော့ အရေးကြီးတဲ့အရာတွေကို တွေးခေါ်လေ့ကျင့်နေတာကွဲ့။ ဦးနှောက်အစိတ်အပိုင်းထဲမှာ
လူသားတွေရဲ့ ပြဿနာအ၀၀တွေကို ဖြေရှင်းပေးနိုင်ဖို့၊ ၀ရုန်းသုန်းကားဖြစ်နေတဲ့ လောကကြီးကို တည်ငြိမ်
အေးချမ်းစေဖို့၊ နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ဆေးကုပေးဖို့ နည်းလမ်းကောင်းတွေ ရှာကြံနေတာပဲ ဖြစ်
တယ်။ ငါနဲ့တော့ လာမယှဉ်လေနဲ့ မောင်အူကြောင်၊ ငါသည် ကျောင်းသားမဟုတ်၊ အရာအားလုံးကို သိပြီးဖြစ်
တဲ့ဆရာဂျီးပဲဆိုတာ မေ့သွားပြီလား။ ငှဲ . . .ငှဲ . . .ငှဲ ”
“ ဝေါ့ . . . ထွီ ”
မောင်အူကြောင်သည် ဦးတွန့်မျက်နှာကို စေ့စေ့ကြည့်လျှက် စိတ်ကုန်စွာ ရုတ်တရက် အံချသွားသည်ကို အလိုက်
ကန်းဆိုးမသိ၊ ဆရာဂျီးပီပီ မှတ်ချက်ပေးလိုက်ပြန်တာက . . .
“ မောင်အူကြောင်တို့များ ဒီကွမ်းလေးစားတာတောင် အဆင်မပြေဘူး၊ မူးရတာနဲ့ အန်ရတာနဲ့၊ ရိုးချက်ကတော့
ကမ်းကိုကုန်ရော ” ။
ကိုကိုတွန့်
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အတွဲ(24) အမှတ်(10)
2008 အောက်တိုဘာလထုတ် မှ
Comment #1
nice,
lots of fun.